မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆေးဝါးများထက် သာ၍ကောင်းသောအရာ

ဆေးဝါးများထက် သာ၍ကောင်းသောအရာ

ဆေးဝါးများထက် သာ၍ကောင်းသောအရာ

ပထမဆောင်းပါးတွင် ဖော်ပြခဲ့သည့် လီနာသည် အသက် ၃၂ နှစ်အရွယ်ရောက်သောအခါ ဆေးဝါးပြဿနာ အကြီးအကျယ်ကြုံနေရရာ “အပြစ်ရှိသည်၊ ပျက်စီးကိန်းကြုံနေသည်၊ သေမည်ဟူသည့်ခံစားချက်များနှင့်” လုံးပန်းခဲ့ရသည်။ သူက “ကျွန်မ ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မဘဝမှာရော လောကမှာပါ အရာအားလုံးဟာ အရမ်းကို ဝမ်းနည်းကြေကွဲစရာကောင်းတဲ့အတွက် လူကောင်းတစ်ယောက်ဖြစ်ဖို့ အကြောင်းရင်း ရှိမယ့်ပုံမပေါ်ဘူး။ နည်းနည်းပါးပါးတော့ ကျွန်မ ကြိုးစားခဲ့ပေမဲ့ အရာမရောက်ပါဘူး” ဟုရေးခဲ့သည်။

ယင်းနောက် လီနာသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာခဲ့သည်။ များမကြာမီ ကျမ်းစာအမှန်တရားကြောင့် သူသည် စိတ်ငြိမ်သက်မှုနှင့် သက်သာရာရရှိခဲ့ကြောင်းကို “ကျွန်မခံစားခဲ့ဖူးသမျှမှာ အထူးခြားဆုံး ခံစားချက်ပဲ” ဟုဖော်ပြခဲ့သည်။ ကျမ်းစာမူများနှင့် အနာဂတ်အတွက် ထူးမြတ်သောမျှော်လင့်ချက်ကို ထိုးထွင်းသိမြင်ခြင်းက သူ၏ဘဝကို ပြုပြင်ပြောင်းလဲရန်နှင့် ဆေးစွဲနေမှုကို အဆုံးသတ်ရန် လှုံ့ဆော်ပေးခဲ့သည်။

ဘဝနှင့်ဆိုင်သောမူများ

ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ပညတ်များနှင့်မူများကို သမ္မာကျမ်းစာတွင် သတ်သတ်မှတ်မှတ် ဖော်ပြပေးထား၏။ ဆာလံ ၁၉:၇၊ ၈ [သမ္မာ] ကဤသို့ဆိုသည်– ‘ယေဟောဝါ၏တရားတော်သည် စုံလင်၍ အသက်ဝိညာဉ်ကို အားဖြည့်တတ်၏။ . . . ယေဟောဝါ၏နည်းဥပဒေသများသည် ဖြောင့်မတ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ယေဟောဝါ၏ပညတ်တော်သည် စင်ကြယ်၍ မျက်စိကို လင်းစေတတ်၏။’

ဥပမာ၊ ၂ ကောရိန္သု ၇:၁ က ကျွန်ုပ်တို့အား “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေ” ပါဟု သတိပေးနှိုးဆော်သည်။ လီနာသည် ထိုကျမ်းစာအခန်းငယ်များကို နှလုံးသွင်းခဲ့သဖြင့် ယင်းက သူ၏ညစ်ညူးသောအကျင့်ကိုဖြတ်ရန် ကူညီပေးခဲ့သည်။ ထို့ပြင် ဤဆောင်းပါးတွဲ၏ ပထမဆုံးဆောင်းပါးတွင် ဖော်ပြခဲ့သည့် မီရာလည်း အလားတူဖြစ်ပျက်ခဲ့၏။ သူသည် မိမိ၏ခေါင်းကိုက်ဝေဒနာအတွက် ညွှန်းပေးထားသော ဆေးဝါးများကို စွဲခဲ့ကြောင်း သင်အမှတ်ရပေမည်။ ယင်းပြဿနာကို မီရာ မည်သို့ဖြေရှင်းခဲ့သနည်း။ သူသည် ဆရာဝန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခဲ့ရာ ၎င်းက အခြားဆေးဝါးကုသမှုခံယူရန် အကြံပေးခဲ့သည်။ * ထို့ပြင် မီရာသည် ခရစ်ယာန်အသင်းတော်၏ အားပေးမှုမှလည်း အကျိုးရရှိခဲ့သည်။

လီနာနှင့်မီရာသည် ဆုတောင်းခြင်းဖြင့်လည်း အကူအညီရယူခဲ့ကြ၏။ ဖိလိပ္ပိ ၄:၆၊ ၇ ကဤသို့ဆို၏– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။” ထိုသို့သောစိတ်ငြိမ်သက်မှုကို ခံစားခဲ့ရသည့် ရှေးအချိန်က ဘုရားသခင့်ကျေးကျွန်တစ်ဦးသည် “စိုးရိမ်ကြောင့်ကြခြင်း များပြားသောအခါ” ဘုရားသခင်၏ကတိစကားများက သူ့ကို ငြိမ်သက်မှု၊ စိတ်သက်သာမှုနှင့် ရွှင်လန်းမှုပေးခဲ့ကြောင်း ရေးသားခဲ့သည်။ (ဆာလံ ၉၄:၁၉သမ္မာ) ထိုသို့သော နှစ်သိမ့်မှုဖြစ်စေသည့် စကားများကို သမ္မာကျမ်းစာ၊ ခရစ်ယာန်အကြီးအကဲများအပါအဝင် အကျိုးပြုသည့် ခရစ်ယာန်ရောင်းရင်းများ၏ ပုဂ္ဂိုလ်ရေးအားပေးမှုနှင့် ထောက်မမှုတို့တွင် တွေ့ရှိနိုင်ပါသည်။

သို့သော် တစ်ခါတစ်ရံ လူတစ်ဦးသည် ဆေးဝါးပြဿနာကြောင့် လုံးဝတန်ဖိုးမရှိဟူ၍ ခံစားရပေမည်။ ဆရာဝန်၏ဆေးစာဖြင့် သောက်ရမည့် ဆေးဝါးများကို နှစ်ပေါင်းများစွာ စွဲသောက်လာခဲ့သည့် ခရစ်ယာန်တစ်ဦးဖြစ်သူ ဂျန်နာက ဤသို့ရေးခဲ့၏– “ဆေးစွဲသူတွေဟာ ယေဟောဝါနဲ့ကောင်းတဲ့ဆက်ဆံရေး မရှိတော့တဲ့အတွက် ကိုယ်တော်ထံမှာ အကူအညီတောင်းခံနိုင်တယ်ပဲထားဦး၊ တောင်းဖို့ကိုက အခက်တွေ့နိုင်ပါတယ်။” ယင်းအခြေအနေမျိုးရှိနေသူတို့အတွက် ရင့်ကျက်သောခရစ်ယာန်များ၏ အကူအညီကို ရှာယူဖို့ အထူးသဖြင့် အရေးကြီးလှပါသည်။ ထိုသူတို့၏ မေတ္တာပါသော၊ စိတ်ရှည်သော အားပေးမှုနှင့် ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်များက “လူနာကို ကျန်းမာစေ” နိုင်ပါသည်။ (ယာကုပ် ၅:၁၅) ဆေးစွဲသူသည် ကလေးတစ်ဦးဖြစ်ပါက မိဘများသည် ကလေး၏ကျန်းမာရေး၊ ဘုရားသခင်နှင့်သူ၏ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန်နှင့် ဒုံရင်းအခြေအနေသို့ ပြန်မရောက်သွားစေရန် စိတ်ဝင်တစား လုပ်ဆောင်ပေးသင့်သည်။

ဂျန်နာသည် ဆေးကုသရေးဌာနတစ်ခုတွင် ကုသမှုခံယူကာ သူ၏အကျင့်ကို အနိုင်ယူခဲ့သဖြင့် ထိုအချိန်မှစ၍ ဆေးဝါးနှင့် ကင်းကင်းရှင်းရှင်းနေထိုင်လာခဲ့သည်။ “ကြမ်းတမ်းခက်ထန်တဲ့ကာလကို ကျွန်မကျော်လွှားနိုင်ဖို့ ယေဟောဝါကို အားကိုးတယ်။ အခု ကျွန်မရဲ့စိတ်ဟာ တည်ငြိမ်နေပြီး ပျော်ပျော်နေတတ်တဲ့ ကျွန်မရဲ့နဂိုအကျင့်အတိုင်း ပြန်ဖြစ်လာပါပြီ” ဟုသူရေးသားခဲ့သည်။

ပြဿနာများ ကွယ်ပျောက်တော့မည့်အချိန်

မည်သည့်ဆေးဝါးမဆို အတိတ်တွင်ကျန်ရစ်မည့်နေ့ ရောက်လာပါတော့မည်။ မည်သို့အားဖြင့်နည်း။ ဗျာ. ၂၁:၃၊ ၄ ကဤသို့ဖြေဆို၏– “ဘုရားသခင်၏တဲတော်သည် လူသားတို့နှင့်အတူရှိ . . . မည်။ . . . ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများ [ယနေ့ခေတ်ရှိ ပြဿနာများအပါအဝင်] သည် ကွယ်ပျောက်လေပြီ။”

သမ္မာကျမ်းစာက ခရစ်ယာန်မျှော်လင့်ချက်ကို “ခိုင်ခံ့သေချာသော ကျောက်ဆူး” နှင့်နှိုင်းယှဉ်ထား၏။ (ဟေဗြဲ ၆:၁၈၊ ၁၉) ရှေးခေတ်က သင်္ဘောသားများသည် မုန်တိုင်းမိသောအခါ ကျောက်ဆူးချရမည်ဖြစ်သည်။ ကျောက်ဆူးသည် မြစ်ကြမ်းပြင်ပေါ် မြဲမြံစွာ ကုပ်တွယ်မိပါက မုန်တိုင်းတိုက်ခတ်သည့်အခါ သင်္ဘောကိုတည်ငြိမ်စေပြီး သန္တာကျောက်တန်းများ သို့မဟုတ် ကမ်းရိုးတန်းများနှင့် တိုက်မိသည့်အန္တရာယ်မှ ရှောင်နိုင်ပေမည်။ အလားတူ၊ မုန်တိုင်းကဲ့သို့သော စမ်းသပ်မှုများ သေချာပေါက် ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် ယင်းတို့ပေါ်ပေါက်လာသောအခါ သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် “ခိုင်ခံ့သေချာသော” မျှော်လင့်ချက်က ကျွန်ုပ်တို့၏ စိတ်ခံစားမှုများ၊ စဉ်းစားတွေးခေါ်ပုံနှင့် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးတို့တွင် ဟန်ချက်ညီနေစေရန် ကူညီပေးနိုင်ပါသည်။

သမ္မာကျမ်းစာကို လေ့လာဆန်းစစ်ပြီး ယင်း၏ဆုံးမစကားနှင့် သွန်သင်ချက်များ မည်မျှအံဝင်ခွင်ကျဖြစ်ပြီး အားပေးမှုဖြစ်စေသည်ကို ကြည့်ရှုပါလေ။ ယေဟောဝါသက်သေများက ဝမ်းမြောက်ဝမ်းသာစွာ ကူညီပေးလိုကြပြီး သင့်ကို စိတ်ပျက်စေမည်မဟုတ်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အခြေအနေအားလုံးသည် မီရာ၏အခြေအနေနှင့် တူမည်မဟုတ်ချေ။ ဥပမာ၊ ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမှပေးသော စွဲသွားစေနိုင်သည့် ဆေးပြင်းများဖြင့်သာ သက်သာရာရနိုင်သောကြောင့် လူတချို့သည် နာကျင်စေသော ရောဂါဝေဒနာကို ခါးစည်းခံနေရပေမည်။ ယင်းသို့သောလူနာတစ်ဦးသည် သာယာပျော်ရွှင်မှုအတွက် ဆေးသုံးစွဲနေခြင်းမဟုတ်သည့်အပြင် ဆေးစွဲနေခြင်းလည်းမဟုတ်ချေ။—သု. ၃၁:၆ ကိုကြည့်ပါ။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

“မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် . . . ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် . . . ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် . . . သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။” —ဖိလိပ္ပိ ၄:၆၊ ၇

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အခြေအနေကို ပိုမိုကောင်းမွန်စေသည့် လက်တွေ့ကျနည်းလမ်းများ

ကာယလေ့ကျင့်ခန်းသည် “သင့်စိတ်နေစိတ်ထားကို အခိုက်အတန့်မျှ တိုးတက်ကောင်းမွန်စေနိုင်ပြီး စိတ်ဓာတ်ကျခြင်းမှ ခေတ္တသက်သာရာရစေနိုင်” ပါသည်ဟု စာအုပ်တစ်အုပ် (Managing Your Mind—The Mental Fitness Guide) ကဆို၏။ အစားအသောက်၊ အနေအထိုင်နှင့် စိတ်နေစိတ်ထားတို့ကို ပြုပြင်ပြောင်းလဲပေးခြင်းကလည်း အထောက်အကူရနိုင်ပါသည်။ ကလေးဘဝက မတော်မတရားပြုခံခဲ့ရသည့် ဗလာရီ၏ ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် ဆရာဝန်၏ဆေးစာဖြင့် သုံးစွဲရမည့်ဆေးဝါး အနည်းဆုံး ၁၂ မျိုးကို စွဲ၍သောက်လာခဲ့သည်။ သို့သော် သူသည် ဆေးစွဲခြင်းကို ကျော်လွှားနိုင်ခဲ့ပြီး ပုံမှန်ဘဝဖြင့် နေထိုင်နိုင်ခဲ့၏။ သူ၏လျှို့ဝှက်ချက်မှာ အဘယ်နည်း။

ရုပ်မြင်သံကြားကြည့်ရှုခြင်းနှင့် သံသယဖြစ်ဖွယ် ဝတ္ထုများဖတ်ရှုခြင်းတို့ကို ပြုလုပ်မည့်အစား ဗလာရီသည် ကျမ်းစာကိုပုံမှန်လေ့လာခဲ့ပြီး ဤမဂ္ဂဇင်းအပါအဝင် ယေဟောဝါသက်သေများထုတ်ဝေသော ကျမ်းစာလေ့လာမှု အထောက်အကူပြုစာပေများကို အချိန်ယူ၍ ဖတ်ရှုလေ့လာခဲ့သည်။ ထို့ပြင် သူသည် ခွန်အားရရန် ဘုရားသခင်ထံ အဆက်မပြတ် ဆုတောင်းခဲ့၏၊ ခရစ်ယာန်အသင်းတော်၏ထောက်မမှုကို ရယူခဲ့၏၊ သမ္မာကျမ်းစာမှ နှစ်သိမ့်မှုဖြစ်စေသော သတင်းတရားများကို အခြားသူတို့အား ဝေမျှပေးခြင်းကဲ့သို့သော အကျိုးရှိသည့် လုပ်ဆောင်မှုများဖြင့် သူ၏နေ့ရက်များကို ကုန်လွန်စေခဲ့၏။ ထို့ပြင် သူသည် အစာဖျင်းများစွာပါဝင်သည့် အစားအစာကိုပါ ပြောင်းလဲပစ်လိုက်သည်။ ယင်းကြောင့် သူကျန်းမာရေးပြန်လည်ကောင်းမွန်လာရာ ဆရာဝန်များပင် အံ့သြသွားခဲ့ကြသည်။ ယခု သူသည် ဆေးဝါးနှင့် ကင်းဝေးခဲ့သည်မှာ နှစ်ပေါင်းများစွာ တိုင်လေပြီ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 ပြင်းထန်သည့် စိတ်ကျဝေဒနာ၊ စိတ်ကြွစိတ်ကျရောဂါ သို့မဟုတ် အခြားစိတ်ပိုင်းဆိုင်ရာရောဂါတချို့အတွက် ဆရာဝန်ညွှန်းထားသော ဆေးဝါးများကို သင်သုံးစွဲနေပါက သင်၏အခြေအနေသည် ဗလာရီ၏အခြေအနေနှင့်တူမည်မဟုတ်ချေ။ ထို့ကြောင့် သင်၏ဆရာဝန်နှင့် တိုင်ပင်ခြင်းမရှိဘဲ မည်သည့်အပြောင်းအလဲကိုမဆို မပြုလုပ်ပါနှင့်။