မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ပုံ

အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ပုံ

အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ပုံ

ယနေ့ သန်းနှင့်ချီသော လူတို့သည် ကားမောင်းနှင်ခြင်းကို မလုပ်မဖြစ် လုပ်ရမည့်အရာအဖြစ် ရှုမြင်ကြသော်လည်း ယင်းသို့မောင်းနှင်သည့်အတွက် ပေးဆပ်ရသည့် အဖိုးအခ ရှိပါသည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူပေါင်း ၁,၂၀၀,၀၀၀ ကျော်သည် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးနေသည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့်၊ အန္တရာယ်ကင်းစွာ မည်သို့ မောင်းနှင်နိုင်ပုံကို သင်ယူခြင်းက အကျိုးရှိသည် မဟုတ်ပေလော။ ကျွန်ုပ်တို့ ပြုလုပ်နိုင်သည့် လက်တွေ့ကျ အဆင့်အချို့ကို ကြည့်ကြစို့။

✔သင့်ကိုယ်သင် စစ်ဆေးပါ

အသက်အန္တရာယ်ရှိသည့် မတော်တဆမှုများ လျော့နည်းစေရန် ယာဉ်မောင်းတစ်ဦး လုပ်ဆောင်နိုင်သည့် အရေးကြီးဆုံး အဆင့်များထဲမှတစ်ခုမှာ ကားမောင်းနေစဉ် မိမိ၏အပြုအမူကို တိုးတက်ကောင်းမွန်စေခြင်းဖြစ်ကြောင်း ဩစတြေးလျမှ ဂျာနယ်တစ်စောင် (Australian Journal of Social Issues) ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ထို့ကြောင့်၊ ယာဉ်မောင်းတစ်ဦးသည် စတင်မထွက်ခွာမီ မိမိကိုယ်ကို ဤသို့မေးလိုပေမည်– ‘ကားမောင်းဖို့အတွက် ငါ့ရဲ့အခြေအနေနဲ့ စိတ်နေစိတ်ထားဟာ သင့်တင့်လျောက်ပတ်ရဲ့လား။’ ပင်ပန်းနွမ်းလျခြင်းသည် လူတစ်ဦး၏စိတ်ကို ထိုင်းမှိုင်းစေနိုင်ပြီး တုံ့ပြန်ရာတွင် နှေးကွေးစေသည်။ ဖိလစ်ပိုင်မှ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးရုံးက အမျက်ဒေါသ၊ စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ကားမောင်းခြင်းအလေ့အထကို ထိခိုက်သော၊ ပညာမဲ့သော ဆုံးဖြတ်ချက်များကို ချစေပြီး အကြမ်းဖက်သည့် လမ်းပေါ်ဒေါသကိုပင် ဖြစ်စေနိုင်သော စိတ်လှုပ်ရှားမှုများအဖြစ် ဖော်ပြထားသည်။

ဖျားနာမှုအချို့ သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုများသည် လူတစ်ဦး၏ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်သည့် စွမ်းရည်ကို ထိခိုက်နိုင်သောကြောင့် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ သည်လည်း ထည့်သွင်းသုံးသပ်ရမည့်အရာ ဖြစ်သည်။ အခြားသူများ၏ အသက်ကို လေးမြတ်တန်ဖိုးထားသော ယာဉ်မောင်းတစ်ဦးသည် အရက်ကြောင့် မိမိ၏စွမ်းရည် ကျဆင်းနေချိန်တွင် အရဲစွန့်၍ ကားမောင်းမည် မဟုတ်ပါ။ ထို့ပြင် ဆေးဝါးတချို့သည် ယာဉ်မောင်းသူ၏ တုံ့ပြန်မှုအပေါ် အကျိုးသက်ရောက်စေနိုင်သည်။ အချို့ကိစ္စတွင် ကားမမောင်းခြင်း သို့မဟုတ် အခြားသူတစ်ဦးအား မောင်းခိုင်းခြင်းက ပညာရှိရာရောက်ပေမည်။

✔သင့်ကျွမ်းကျင်မှုကို စစ်ဆေးပါ

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မော်တော်ယာဉ် အရေအတွက် တိုးများလာသည်နှင့်အမျှ အတွေ့အကြုံမရှိသော ယာဉ်မောင်းအသစ်များလည်း တိုးများလာသည်။ ထို့ကြောင့်၊ မတော်တဆမှုများကို ရှောင်ရှားရန် မည်သည့်ယာဉ်မောင်းမဆို လုပ်ဆောင်နိုင်သည့် အရာနှစ်ခုကို သုံးသပ်ခြင်းက အကျိုးရှိပါသည်။

အန္တရာယ်ကို ကြိုတင်ခန့်မှန်း၍ သတိနှင့်မောင်းပါ။ နိုးနိုးကြားကြားရှိပါ၊ လမ်း၏ရှေ့နှင့် နောက်မှ ဖြစ်လာနိုင်ဖွယ်အန္တရာယ်များကို သတိထားပြီး ပုံမှန်မဟုတ်သည့် မောင်းနှင်ပုံများ အပါအဝင် အခြားယာဉ်မောင်းများ၏ မောင်းနှင်ပုံများကို ကြိုတင်ခန့်မှန်းပါ။ ယာဉ်တိုက်မှုဖြစ်ရသည့် ရာခိုင်နှုန်းအများစုသည် ယာဉ်တစ်စီး၏နောက်မှ နောက်ယာဉ်တစ်စီး နီးကပ်စွာ လိုက်ခြင်းကြောင့် ဖြစ်သည့်အတွက် ပညာရှိသော ယာဉ်မောင်းသည် မိမိ၏ကားကို အခြားကားများနှင့် စိတ်ချရလောက်သည့် အကွာအဝေးတွင် ရှိစေပါလိမ့်မည်။

သင်မမြင်နိုင်သည့် နေရာများနှင့် အာရုံပျံ့လွင့်စရာများကို သတိပြုပါ။ သင့်ဝန်းကျင်တွင် အဘယ်အရာ ဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် လှည့်ကြည့်ပါ၊ မှန်များကိုသာ အားမထားပါနှင့်။ ကားမောင်းနေစဉ် အာရုံပျံ့လွင့်စရာများကို ရှောင်ပါ။ ကိစ္စများစွာကို တစ်ပြိုင်တည်းလုပ်ရန် မကြိုးစားပါနှင့်၊ ဖုန်းပြောခြင်း သို့မဟုတ် နောက်ဆုံးပေါ် ကိရိယာငယ်များကို ဖွင့်နေခြင်းကဲ့သို့သော လုပ်ဆောင်မှုများသည် အာရုံပျံ့လွင့်စေပါသည်။

သင်သည် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက– မော်တော်ဆိုင်ကယ်စီးသူများသည် တစ်မိုင်မောင်းနှင်တိုင်း ယာဉ်တိုက်မှုကြောင့် ကားအတွင်းတွင် ရှိနေသူများထက် သေဆုံးနိုင်ခြေ ၃၇ ဆ ပိုများကြောင်း အာဏာပိုင်အချို့က ဆိုသည်။ သင့်ကိုယ်သင် မည်သို့ ကာကွယ်နိုင်သနည်း။ ရှေ့တွင်ဖော်ပြထားသော အဆင့်များသည် မော်တော်ဆိုင်ကယ် မောင်းနှင်သူများနှင့်လည်း သက်ဆိုင်ပါသည်။ ထို့ပြင်၊ အမေရိကန်မှ မော်တော်ဆိုင်ကယ် ဘေးကင်းရေး ဖောင်ဒေးရှင်းက ဤသို့ဆိုသည်– “မြင်သာစေပါ။” အခြားသူများ သင့်ကိုမြင်နိုင်ကြောင်း သေချာစေပါ။ ဆိုင်ကယ်ရှေ့မှ မီးသီးကို ဖွင့်ထားပါ။ အခြားယာဉ်များ၏ မျက်ကွယ်နှင့် ခပ်ခွာခွာတွင် နေပါ။ “ဘေးကင်းရေးအတွက် ဝတ်ဆင်ပါ။” ဆိုင်ကယ်စီးဦးထုပ် ဆောင်းကာ အရောင်တောက်၍ အကာအကွယ်ပေးသော အဝတ်အစားထူထူကို ဝတ်ဆင်ပါ။ “အလွန့်အလွန် သတိထား၍ မောင်းပါ။” အခြားသူများ သင့်ကိုမမြင်နိုင်ဟု ယူမှတ်ကာ ယင်းနှင့်အညီ မောင်းနှင်ပါ။

✔သင့်ယာဉ်ကို စစ်ဆေးပါ

ယာဉ်မောင်းသည် အန္တရာယ်ကင်းရေးအတွက် သတိရှိနေသင့်ကာ ၎င်း၏ယာဉ်လည်း အခြေအနေ ကောင်းနေသင့်သည်။ အလုပ်လုပ်သည့် အစိတ်အပိုင်းအားလုံး အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့်နည်းတူ ဘရိတ် သည် အကောင်းဆုံး အခြေအနေတွင် ရှိနေသင့်ပါသည်။ ဘီးချော်နိုင်ခြေ လျော့နည်းစေရန် တာယာများ တွင် တာယာပန်းများ လုံလုံလောက်လောက် ရှိသင့်ပါသည်။ တာယာလေပေါင် လုံလုံလောက်လောက် ရှိခြင်းသည် ယာဉ်ကို ထိန်းချုပ်ရာတွင်နှင့် ဘရိတ်အုပ်ရာတွင် ကောင်းမွန်စေပါလိမ့်မည်။ ယနေ့ခေတ်ယာဉ်အများစုတွင် ထိုင်ခုံခါးပတ်များ ရှိကြသည်။ ယင်းတို့ကို မပတ်ပါက အကျိုးရှိမည် မဟုတ်ပါ။

အခြေအနေများပေါ်မူတည်ပြီး သင့်ယာဉ်ကို မောင်းနှင်ပါ။ စိုစွတ်သည့် လမ်းများ၊ အထူးသဖြင့် ရေခဲ သို့မဟုတ် နှင်းများကျထားသည့် လမ်းများသည် ယာဉ်ကို ရပ်တန့်စေရန် ယူရသည့် အချိန်ပမာဏနှင့် မောင်းနှင်နိုင်စွမ်းအပေါ် အကျိုးသက်ရောက်ပါသည်။ ညဘက်၌ မောင်းနှင်ဖို့အတွက် ရှေ့မီးများကို ကောင်းမွန်သည့် အခြေအနေတွင် ရှိထားစေသင့်ပြီး အများအားဖြင့် အရှိန်နည်းနည်းနှင့် မောင်းနှင်သင့်ပါသည်။ အသက်သည် ဘုရားသခင်ထံမှ ဆုကျေးဇူးတစ်ခု ဖြစ်သောကြောင့် ဘေးကင်းစွာ မောင်းနှင်ရန် သင်ယူခြင်းအပါအဝင် ကျွန်ုပ်တို့၏အသက်ကို ကာကွယ်ရန် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ခြင်းက သင့်လျော်ပေသည်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ချွေတာ မောင်းနှင်ခြင်း

ညက်ညောစွာ မောင်းနှင်ပါ– မကြာခဏ အရှိန်မြှင့်ခြင်းနှင့် ဘရိတ်အုပ်ခြင်းတို့သည် လောင်စာဆီကို ကုန်ခန်းစေသည်။

မလိုအပ်ဘဲ ကားစက်နှိုးထားခြင်းကို ရှောင်ပါ– များသောအားဖြင့် ယနေ့ခေတ် ကားအင်ဂျင်များသည် ကားမမောင်းမီ အပူပေးစရာ မလိုပါ။ သင်သည် တစ်မိနစ်ခွဲကျော် ကြာသည်အထိ ကားမောင်းထွက်မည် မဟုတ်လျှင် စက်ရပ်ထားပါ။

တာယာလေပေါင် မှန်အောင်ထိန်းပါ– ကောင်းစွာ လေထိုးထားသော တာယာများသည် ပို၍လွယ်ကူစွာ လိမ့်သွားနိုင်သည့်အတွက် ဆီစားသက်သာစေသည်။

အရှိန်လျှော့ မောင်းပါ– အရှိန်မြှင့်၍ မောင်းနှင်ခြင်းက အန္တရာယ်ရှိနိုင်ပြီး လောင်စာဆီ ပိုကုန်စေသည်။

[စာမျက်နှာ ၁၇ ပါ ပုံကြမ်း/ရုပ်ပုံ]

❏ နိုးနိုးကြားကြား ရှိနေပါ

❏ သင့်ထိုင်ခုံခါးပတ်ကို ပတ်ထားပါ

❏ ကိစ္စများစွာကို တစ်ပြိုင်တည်း မလုပ်ပါနှင့်

❏ အာရုံပျံ့လွင့်စရာများကို ရှောင်ပါ

[စာမျက်နှာ ၁၈ ပါ ပုံကြမ်း/ရုပ်ပုံ]

❏ သင်မမြင်နိုင်သည့် နေရာများကို သတိပြုပါ

❏ ဘရိတ်များကို အကောင်းဆုံး အခြေအနေတွင် ရှိစေပါ

❏ တာယာလေပေါင် လုံလုံလောက်လောက် ရှိစေပါ

❏ တာယာပန်းများ လုံလုံလောက်လောက် ရှိစေပါ

❏ ယာဉ်တစ်စီးနှင့်တစ်စီး စိတ်ချရသည့် အကွာအဝေးတွင် ရှိစေပါ

[စာမျက်နှာ ၁၉ ပါ ပုံကြမ်း/ရုပ်ပုံ]

❏ “ဘေးကင်းရေးအတွက် ဝတ်ဆင်ပါ”

❏ “မြင်သာစေပါ”

[စာမျက်နှာ ၁၉ ပါ ပုံကြမ်း/ရုပ်ပုံ]

❏ ရှေ့မီးများကို စစ်ဆေးပါ