မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျောက်မောင်းမ တစ်ကောင်၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဘဝ

မျောက်မောင်းမ တစ်ကောင်၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဘဝ

မျောက်မောင်းမ တစ်ကောင်၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဘဝ

“ကင်မရာကို မြန်မြန်ယူလိုက်။” ကျွန်ုပ်၏ရှေ့ တောလမ်းပေါ်တွင် အစိမ်းရောင် မျောက်မောင်းမတစ်ကောင်ကို တွေ့လိုက်ရသောကြောင့် ကျွန်ုပ်၏ညီမကို ခေါ်လိုက်သည်။ ကျွန်ုပ်တို့သည် မြန်မြန်လုပ်စရာအကြောင်းမရှိသည်ကို သိလိုက်ရသောအခါ ရယ်မောလိုက်ကြ၏၊ အကြောင်းမှာ မျောက်မောင်းမ (sloth) များသည် ကမ္ဘာ့အနှေးဆုံးသတ္တဝါများထဲတွင် တစ်မျိုးဖြစ်နေသောကြောင့်ပင်။

ယင်းနို့တိုက်သတ္တဝါကို ကျွန်ုပ် ပိုပြီးလေ့လာချင်သောကြောင့် ကော့စ်တာရီကာနိုင်ငံ၊ ဂါရီတာ ဒီ အလာဝီလာမြို့တွင်ရှိသော အာဗီ တိရစ္ဆာန်ရုံကို သွားရောက်လည်ပတ်ခဲ့သည်။ ယင်းသည် တိရစ္ဆာန်ရုံသက်သက်မျှသာ မဟုတ်ပါ၊ တိရစ္ဆာန်များအား ကယ်ဆယ်၍ ပြုစုစောင့်ရှောက်ကာ ၎င်းတို့၏မွေးရပ်မြေ တောရိုင်းထဲသို့ ပြန်လွှတ်ပေးသည့် ဌာနတစ်ခု ဖြစ်သည်။ ထိုနေရာတွင် အာဗီတိရစ္ဆာန်ရုံ၏ စိတ်ထက်သန်သော သုတေသနလုပ်ငန်း ဒါရိုက်တာဖြစ်သူ ဇီဝဗေဒပညာရှင် ရှာလီ ရာမီရက်စ်နှင့် တွေ့ဆုံခဲ့သည်။ ယင်းတိရစ္ဆာန်ရုံရှိ စပိန်လို “ဘောလုံး” ဟုအဓိပ္ပာယ်ရှိသော ပီလိုတာဟုခေါ်သည့် မျောက်မောင်းမနှင့် တွေ့ဆုံရန် ကျွန်ုပ်ကို ခေါ်သွားသည်။ အမှန်မှာ မျောက်မောင်းမများသည် အိပ်စက်ရန် တင်းနေသော ဘောလုံးတစ်လုံးပုံစံ ခွေလိုက်နိုင်သည်။ ပီလိုတာသည် ခြေချောင်းနှစ်ချောင်းရှိပြီး နူးညံ့သောအမွေးအမျှင်များ၊ ပြားပြီးလန်နေသော နှာခေါင်းနှင့် မျက်ဝန်းကျယ်၍ အရည်လည်နေသော အညိုရောင်မျက်လုံးများပိုင်ရှင် ခွေးကလေးအရွယ်ရှိ မျောက်မောင်းမလေးတစ်ကောင် ဖြစ်သည်။

မျောက်မောင်းမများသည် ထီးတည်းနေတတ်သော တိရစ္ဆာန်များဖြစ်ပြီး တစ်နှစ်တွင်တစ်ကြိမ်ခန့် တစ်ကောင်သာ သားပေါက်သည်ဟု ကျွန်ုပ် ယခင်က သိရှိခဲ့ဖူးသည်။ မျောက်မောင်းမကလေးသည် နို့မဖြတ်မချင်း ပထမလေးပတ်မှ ခြောက်ပတ်အထိ သူ၏မိခင်ကို တွယ်ကပ်ထားသည်၊ ယင်းနောက်ပိုင်းတွင် ငါးလမှ ရှစ်လကြာသည်အထိ မိခင်၏ဝမ်းဗိုက်ကို ဖက်၍ ခိုစီးသွားပေမည်။ ထိုအချိန်အတောအတွင်း မိခင်သည် မိမိ၏ပါးစပ်မှ နူးညံ့၍ အစာကြေလွယ်သော အရွက်များကို မိမိ၏သားငယ်အား ခွံ့ကျွေးသည်။ နောက်ပိုင်းတွင် မျောက်မောင်းမကလေးသည် မိခင်ကို ဖက်တွယ်ထားကာ မိမိဘာသာ အရွက်များကို ခူးဆွတ်သည်။ အတူရှိနေစဉ်အတွင်း မိခင်မျောက်မောင်းမသည် မိမိ၏သားငယ်အား ၎င်းနောက်ပိုင်း နေထိုင်သွားမည့် တောတွင်းရှိ နေရာငယ်လေးနှင့်လည်း အကျွမ်းတဝင် ဖြစ်စေသည်။

ခြေချောင်း နှစ်ချောင်း၊ ခြေချောင်း သုံးချောင်း၊ အစိမ်းရောင်နှင့် အေးတိအေးစက်

တောထဲတွင် ကျွန်ုပ်တွေ့ ခဲ့ရသော မျောက်မောင်းမမှာ ခြေချောင်းသုံးချောင်းရှိသော မျောက်မောင်းမဖြစ်ကြောင်း သိရှိခဲ့ရသည်။ ၎င်းတွင် မျက်လုံးတစ်ဝိုက် မျက်နှာဖုံးသဖွယ် ပေါက်နေသော အနက်ရောင် အမွေးများ၊ အမြီးငုတ်တို၊ မာတောင့်၍ ကြမ်းတမ်းသော အမွေးများ၊ နောက်ခြေထက် များစွာပိုရှည်သော ရှေ့ခြေများနှင့် ပခုံးကြားတွင် ရွှေဝါရောင် အမွေးကွက်လေးတစ်ကွက် ရှိသည်။ ဤမျောက်မောင်းမမျိုး၏ လည်တိုင်တွင် ကျောရိုးအဆစ် ကိုးခုရှိရာ ယင်းကြောင့် မိမိ၏ခေါင်းကို လိုသလိုလှည့်ကာ မိမိကြိုက်နှစ်သက်သော သစ်ရွက်များကို ရှာဖွေခူးဆွတ်လေသည်။ သို့သော်၊ အဘယ်ကြောင့် အစိမ်းရောင် ထွက်နေပုံရသနည်း။ ရှာလီက ဤသို့ဖြေသည်– “အဲဒီလို အစိမ်းရောင်သန်းနေတာက မျောက်မောင်းမရဲ့အမွေးပေါ်မှာ ပေါက်နေတဲ့ ရေညှိတွေကြောင့်ပါ။”

ခြေချောင်းသုံးချောင်း မျိုးစိတ်များနှင့် မတူဘဲ ခြေချောင်းနှစ်ချောင်း မျိုးစိတ်များ၏ ရှေ့ခြေများသည် နောက်ခြေများနှင့် အရှည်တူသည်။ သူတို့၏အမွေးများသည် ရှည်လျားပြီး ရွှေညိုရောင်သမ်းကာ နူးညံ့သည်။

မျောက်မောင်းမသည် နေ့ဘက်တွင် သစ်ပင်၏ထိပ်ဖျားပိုင်း၌ နေပူဆာလှုံကာ ၎င်းတို့၏အချိန်ကို ကုန်ဆုံးစေသည်။ ၎င်း၏ကိုယ်ခန္ဓာအပူချိန်သည် လေ၏အပူချိန်ကိုလိုက်ပြီး ညဘက်တွင် ၇၅ ဒီဂရီဖာရင်ဟိုက်မှ နေ့ဘက်တွင် ၉၁ ဒီဂရီဖာရင်ဟိုက်အထိ ပြောင်းလဲနိုင်သည်၊ ထိုအပူချိန် ပြောင်းလဲမှုအပိုင်းအခြားသည် အခြားမည်သည့် နို့တိုက်သတ္တဝါတွင်ထက်မဆို ပိုများသည်။ မျောက်မောင်းမတွင် ကြွက်သားထုအလွန်နည်းသောကြောင့် နွေးနွေးထွေးထွေး ရှိနေစေရန် တဆတ်ဆတ်မလှုပ်ခါနိုင်ပါ။ ထို့ကြောင့် ၎င်းတို့သည် အပူဓာတ်ကို စုဆောင်းရန် ဘောလုံးတစ်လုံးကဲ့သို့ တင်းနေအောင်ခွေ၍ အိပ်စက်လေ့ရှိသည်။ ၎င်းတို့၏ တိုပြီး နူးညံ့သောအမွေးနုများက အပူဓာတ်ကို ထိန်းထားရာတွင် အထောက်အကူပြုသည်။ မျောက်မောင်းမသည် တစ်ရက်လျှင် နာရီ ၂၀ အိပ်စက်နိုင်သည်မှာ အမှန်ပင်။

အလွန်နှေးကွေးစွာ စားခြင်း

အစာချေခြင်းကို လုပ်ဆောင်သည့် ဘက်တီးရီးယားဆိုင်ရာ လုပ်ဆောင်မှုနှင့် အချဉ်ဖောက်ခြင်းတို့အတွက် ကိုယ်ခန္ဓာသည် အပူဓာတ်လိုအပ်သောကြောင့် မျောက်မောင်းမ၏ အပူချိန်နည်းသောကိုယ်ခန္ဓာက ခန္ဓာတွင်း ဇီဝဖြစ်ပေါ်ပြောင်းလဲမှုနှုန်းကို အလွန့်အလွန် နှေးကွေးစေသည်။ အရွက်များသည် အူသိမ်ကို မဖြတ်သန်းခင် မျောက်မောင်းမ၏ အခန်းများစွာပါဝင်သော အစာအိမ်တွင် အစာချေဖျက်သည့် အဆင့်များသို့ရောက်ရန် တစ်လခန့်အထိ အချိန်ယူရနိုင်သည်။ မျောက်မောင်းမများသည် အေးမြသည့် နေ့ရက်များ ဆက်တိုက်ဖြစ်ပေါ်သော မိုးရာသီအတွင်း အစာများပြည့်ကျပ်နေသည့် အစာအိမ်ဖြင့် အစာငတ်မွတ်ကာ သေဆုံးသွားနိုင်သည်။ “မျောက်မောင်းမတွေအတွက် နွေးထွေးတဲ့နေရောင်ခြည်ဟာ အစာချေဖျက်ရာမှာ မရှိမဖြစ်ပဲ” ဟု ရှာလီက ရှင်းပြသည်။

ရှာလီက ဤသို့ဆက်ပြောသည်– “တိရစ္ဆာန်တွေကို ပြုစုစောင့်ရှောက်ပြီး သူတို့ရဲ့လှောင်အိမ်တွေကို သန့်ရှင်းရေးလုပ်ရတဲ့ တိရစ္ဆာန်ရုံ အထိန်းတစ်ဦးအနေနဲ့ မျောက်မောင်းမတွေနဲ့ပတ်သက်တဲ့ ကျွန်မအနှစ်သက်ဆုံးအချက်ကတော့ သူတို့တွေဟာ တစ်ပတ်မှတစ်ကြိမ် ကျင်ကြီးကျင်ငယ်စွန့်တာပဲလို့ ပြောရမယ်။ သူတို့တွေ ကျင်ကြီးကျင်ငယ်စွန့်ချင်ရင် မြေကြီးပေါ်ကို ဆင်းလာပြီး တွင်းတူးတယ်၊ ပြီးတော့ သူတို့ရဲ့ အညစ်အကြေးတွေကို ပြန်ဖုံးတယ်။ အဲဒါက မြေကြီးပေါ်မှာ သူတို့လုပ်တဲ့ တစ်ခုတည်းသော အလုပ်ပဲ။”

ဇောက်ထိုးနေရန် ပုံစံပြုခံရ

မျောက်မောင်းမများသည် စားသောက်၊ အိပ်စက်၊ မိတ်လိုက်ပြီး မွေးဖွားသော အလေ့အထ အားလုံးနီးပါးကို သစ်ပင်များပေါ် တွဲလွဲခို၍ ပြုလုပ်ကြခြင်းဖြစ်သည်။ ထိုနို့တိုက်သတ္တဝါလေးများကို သူတို့၏ဖန်ဆင်းရှင်က သစ်ပင်များပေါ် တွဲလွဲခို၍ အသက်ရှင်ရန် ကျွမ်းကျင်ပိုင်နိုင်စွာ ပုံစံပြုထားခြင်း ဖြစ်သည်။ ထိုတိရစ္ဆာန်များသည် သုံးလက်မအရှည်ရှိသော ခြေသည်းလက်သည်းများဖြင့် သစ်ကိုင်းများနှင့် နွယ်ပင်များကို ချိတ်တွယ်ကာ တွဲလောင်းခိုကြသည်။ အပူပိုင်း သည်းထန်စွာရွာသွန်းသည့် မိုးကြီးများကြောင့် မျောက်မောင်းမ၏ အရေပြား ရွှဲရွှဲစိုသည့်အဖြစ်မှကာကွယ်ရန် ၎င်းတို့၏အမွေးများပင် ဇောက်ထိုးပေါက်နေသည်။ ဝမ်းဗိုက်ပေါ်နှင့် ကျောဘက်ဝန်းကျင်တစ်ဝိုက်ရှိ အမွေးများသည် အခြားကုန်းနေသတ္တဝါများနှင့် ဆန့်ကျင်ဘက်အဖြစ် အောက်သို့စိုက်ကာ ပေါက်နေသောကြောင့် မိုးရေများ ချက်ချင်းစီးကျသွားသည်။ မျောက်မောင်းမသည် မြေပေါ်တွင် ကိုးရိုးကားရားနိုင်လှသော်လည်း သစ်ကိုင်းများအထက်တွင်ရှိသောအခါ ဖြည်းဖြည်းနှင့် ယဉ်ယဉ်ကြော့ကြော့ သွားလာသည်။ ထို့ ပြင် မျောက်မောင်းမသည် ရေကူးအလွန်ကျွမ်းကျင်ခြင်းက အံ့ဩစရာပင်။

သစ်ပင်ထိပ်ပိုင်းတွင်နေသော ယင်းတိတ်ဆိတ်သည့် တိရစ္ဆာန်နှင့်ပတ်သက်၍ အခြားအဘယ်အရာ ကျွန်ုပ် သင်ယူသိရှိရသနည်း။ အရာနှစ်ခု ရှိပါသည်။ ပထမတစ်ခုမှာ ထိခိုက်ဒဏ်ရာရလျှင်ဖြစ်စေ၊ အခြားနို့တိုက်သတ္တဝါများကို သေစေနိုင်လောက်သော အဆိပ်များ သောက်သုံးမိသည်ပင်ဖြစ်စေ ဆက်လက်ရှင်သန်နိုင်သည့် မျောက်မောင်းမ၏ အံ့အားသင့်ဖွယ် စွမ်းရည်ဖြစ်သည်။ ထိခိုက်ရှနာမှုများမှ လျင်မြန်စွာ သက်သာပြီး ကူးစက်ရောဂါပိုး ဝင်ခဲသည်။ ထို့ကြောင့် မျောက်မောင်းမ၏ ရောဂါပြီး ခုခံနိုင်စွမ်းကို ကောင်းစွာနားလည်ခြင်းက ဆေးဝါးဆိုင်ရာ သုတေသနလုပ်ငန်းကို အထောက်အကူ ပြုပေမည်။ ဒုတိယ၊ အမြဲဆိုသလို အပြေးအလွှား သွားလာနေရသူတို့နှင့် ဖိစီးမှုခံနေရသူတို့သည် မျောက်မောင်းမ၏ စိမ်ပြေနပြေ သွားလာနေမှုနှင့် အပူအပင်မရှိသည့် သဘာဝကို အနည်းဆုံး အတိုင်းအတာတစ်ခုအထိ အတုခိုးပါက အကျိုးရရှိပေမည်။—စာရေးသူ ပေးပို့သည်။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“အကောင်းဆုံး အိမ်ရှင်”

မျောက်မောင်းမ၏ အမွေးစုပ်ဖွားတွင် အစိမ်းရောင်သန်းနေရခြင်းမှာ ဤနို့တိုက်သတ္တဝါ၏ အပြင်ဘက်အမွေးများ၏အလျားအတိုင်းယှဉ်လျက် အမြောင်းလိုက် ရှင်သန်ပေါက်ရောက်နေသော အပြန်အလှန် အကျိုးပြုသည့် ရေညှိများကြောင့် ဖြစ်သည်။ မျောက်မောင်းမသည် ရေညှိများကို ရှင်သန်ခွင့်ပြုပြီး ရေညှိကတစ်ဖန် အာဟာရများ ထောက်ပံ့ခြင်းဖြင့် ပြန်လည်အကျိုးပြုသည်၊ မျောက်မောင်းမသည် အမွေးများပေါ်ရှိ ယင်းအာဟာရများကို လျှာနှင့်လျက်ကာ မျိုချခြင်းဖြင့် သို့မဟုတ် အရေပြားမှတစ်ဆင့် စုပ်ယူခြင်းဖြင့် ရယူသည်။ မီးခိုးနှင့် အစိမ်းရောင်သန်းနေသည့်အရောင်က မျောက်မောင်းမအား သစ်ကိုင်းပေါ်တွင် သစ်ရွက်ခြောက်ပုံတစ်ပုံ တွဲလောင်းချိတ်နေပုံ ထွက်စေသည်၊ ယင်းသည် အကောင်းဆုံး တောတွင်းရုပ်ဖျက်ခြင်း ဖြစ်၏။ မျောက်မောင်းမ အသက်ပိုရှည်လေ၊ ပို၍စိမ်းလာလေ ဖြစ်သည်။

[Credit Lines]

Top right: © Michael and Patricia Fogden; bottom: © Jan Ševčík