မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့ရဲ့ယုံကြည်ချက်အကြောင်း ပြောဖို့ ငါ ဘာကြောင့် ကြောက်နေတာလဲ

ငါ့ရဲ့ယုံကြည်ချက်အကြောင်း ပြောဖို့ ငါ ဘာကြောင့် ကြောက်နေတာလဲ

လူငယ်များအမေး

ငါ့ရဲ့ယုံကြည်ချက်အကြောင်း ပြောဖို့ ငါ ဘာကြောင့် ကြောက်နေတာလဲ

“ကျောင်းမှာ ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေအကြောင်း ပြောဖို့ အခွင့်အရေးကောင်းတချို့ ရှိတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော် လက်လွှတ်လိုက်တယ်။”—ကာလက်။ *

“အတန်းထဲမှာ ဆရာမက ဆင့်ကဲအယူဝါဒအကြောင်း ဘယ်လိုထင်သလဲလို့ ကျွန်မတို့ကို မေးတယ်။ ကျွန်မရဲ့ ယုံကြည်ချက်ကို ဝေမျှဖို့ ဒါဟာ အကောင်းဆုံး အခွင့်အရေးပဲဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ကျွန်မ ကြောက်လွန်းလို့ နှုတ်ဆိတ်နေလိုက်တယ်။ အဲဒီနောက် ကျွန်မ တကယ့်ကို စိတ်မကောင်းဖြစ်မိတယ်။”—ဂျက်စမင်။

သင်သည် ခရစ်ယာန်လူငယ်တစ်ဦးဖြစ်ပါက ကာလက်နှင့် ဂျက်စမင်ကဲ့သို့ ခံစားခဲ့ရဖူးပေမည်။ သူတို့နည်းတူ သင်သည် သင်လေ့လာသင်ယူခဲ့သည့် ကျမ်းစာအခြေခံ အမှန်တရားများကို ချစ်မြတ်နိုးပြီး ယင်းအကြောင်းကို အခြားသူများအား ပြောပြလိုပေမည်။ သို့တိုင် သင် ထုတ်ဖော်ပြောဆိုဖို့ စိုးရွံ့နေပေမည်။ သို့သော် သင် သတ္တိမွေးနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ စာသင်နှစ်တစ်နှစ်စီအတွက် ပြင်ဆင်ရာတွင် အောက်ပါအဆင့်များကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။

၁။ သင့် စိုးရိမ်မှုများကို သိအောင်လုပ်ပါ။ သင့်ယုံကြည်ချက်အကြောင်း ဝေမျှဖို့ စဉ်းစားလိုက်သောအခါ ကြုံတွေ့ရနိုင်ဖွယ် အဆိုးဝါးဆုံးအခြေအနေကို အလွယ်တကူ မြင်ယောင်မိနိုင်သည်။ သို့သော် တစ်ခါတစ်ရံ သင့်စိုးရိမ်မှုများကို ရေးချရုံဖြင့် ယင်းတို့ကို လျော့ပါးစေနိုင်သည်။

အောက်ပါစာကြောင်းကို ဖြည့်စွက်ပါ။

▪ ကျောင်းတွင် ကျွန်ုပ်၏ယုံကြည်ချက်များအကြောင်း ပြောဆိုလျှင် အောက်ပါအတိုင်း ဖြစ်ပျက်နိုင်သည်–

․․․․․

သင် စိုးရိမ်သည့်နည်းတူ အခြားခရစ်ယာန်လူငယ်များလည်း စိုးရိမ်ကြောင်း သင်သိရခြင်းက သင့်အား စိတ်သက်သာရာ ရစေပေမည်။ ဥပမာ၊ အသက် ၁၄ နှစ်အရွယ် ခရစ္စတိုဖာက ဤသို့ဝန်ခံသည်– “ကောင်လေးတွေက ကျွန်တော့်ကို ပြောင်လှောင်ပြီး လူတကာရှေ့မှာ လူထူးလူဆန်းလို့ပြောမှာကို ကျွန်တော် ကြောက်တယ်။” အစပိုင်းတွင် ဖော်ပြခဲ့သော ကာလက်က “တစ်ယောက်ယောက်က ကျွန်တော် မဖြေတတ်တဲ့ မေးခွန်းတစ်ခု မေးလိုက်မှာကို ကျွန်တော် စိုးရိမ်တယ်” ဟု ပြောသည်။

၂။ စိန်ခေါ်ချက်ကို လက်ခံပါ။ သင်၏ စိုးရိမ်မှုများသည် လုံးဝအခြေအမြစ်မရှိရာလော။ မဟုတ်ပါ။ အက်ရှ်လေက ဤသို့ပြောသည်– “ကောင်လေးတချို့က ကျွန်တော့် ယုံကြည်ချက်တွေကို စိတ်ဝင်စားဟန်ဆောင်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်တော့်စကားတွေကို တစ်မျိုးလှည့်ပြီး ဝေဖန်တယ်၊ တခြားသူတွေရှေ့မှာ ကျွန်တော့်ကို လှောင်တယ်။” အသက် ၁၇ နှစ်အရွယ် နီကိုးလ် ဤသို့တွေ့ ကြုံခဲ့ရသည်– “ယောက်ျားလေးတစ်ယောက်က သူ့ကျမ်းစာမှာပါတဲ့ ကျမ်းချက်တစ်ချက်ကို ကျွန်မရဲ့ကျမ်းစာနဲ့ တိုက်ကြည့်တော့ စကားလုံးအထားအသိုက ကွာနေတယ်။ ဒါနဲ့ သူက ကျွန်မရဲ့ကျမ်းစာမှာ စာသားတွေကို ပြောင်းထားတယ်လို့ ပြောတယ်။ ကျွန်မကြောင်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ဘူး။” *

ဤသို့သောအခြေအနေများသည် အလွန်ပင် ထိတ်လန့်စရာကောင်းပုံ ပေါက်နိုင်ပါသည်။ သို့သော် ရှောင်ပြေးမည့်အစား ဤသို့သောစိန်ခေါ်ချက်များကို ခရစ်ယာန်တစ်ဦးအနေနှင့် သင့်အသက်တာတွင် ကြုံတွေ့နေကျအရာတစ်ခုအဖြစ် သဘောထားကာ လက်ခံပါ။ (၂ တိမောသေ ၃:၁၂) အသက် ၁၃ နှစ်အရွယ် မက်သရူးက “ကိုယ်တော့်နောက်လိုက်တွေဟာ ညှဉ်းဆဲခံရမယ်လို့ ယေရှု ပြောခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို ဒါမှမဟုတ် ကျွန်တော်တို့ကို လူတိုင်း နှစ်သက်ကြလိမ့်မယ်လို့ မမျှော်လင့်နိုင်ဘူး” ဟု ဆိုသည်။—ယောဟန် ၁၅:၂၀

၃။ အကျိုးကျေးဇူးများကို စဉ်းစားပါ။ ဆိုးသည်ဟု ထင်ရသော အတွေ့အကြုံမှ ကောင်းသောအရာတစ်ခုခု ဖြစ်ပေါ်နိုင်သလော။ အသက် ၂၁ နှစ်အရွယ် အမ်ဘာက ဤသို့ယူဆသည်။ “ကျမ်းစာကို လေးမြတ်မှုမရှိတဲ့လူတွေကို ကိုယ့်ရဲ့ယုံကြည်ချက်အကြောင်း ရှင်းပြရတာ မလွယ်ပေမဲ့ အဲဒါက ကိုယ့်ရဲ့အနေအထားကို ပိုနားလည်စေဖို့ အထောက်အကူ ပြုတယ်။”—ရောမ ၁၂:၂

အဆင့် ၁ တွင် သင်ဖော်ပြခဲ့သော အခြေအနေကို ပြန်ကြည့်ပါ။ ယင်းအခြေအနေမှ ဖြစ်လာနိုင်သည့် ကောင်းသောအရာ အနည်းဆုံး နှစ်ခုကို စဉ်းစားပြီး ယင်းတို့ကို အောက်တွင် ရေးချပါ။

၁ ․․․․․

၂ ․․․․․

အကြံပြုချက်– သင့်ယုံကြည်ချက်ကို အခြားသူများအား သိရှိစေခြင်းက ရွယ်တူချင်းဖိအားကို မည်သို့ လျော့နည်းစေနိုင်မည်နည်း။ ဤသို့ပြုလုပ်ခြင်းက မိမိကိုယ်ကို ယုံကြည်စိတ်ချမှုအပေါ် မည်သို့ အကျိုးသက်ရောက်သနည်း။ ယေဟောဝါဘုရားသခင်အပေါ်ထားရှိသော သင့်ခံစားချက်နှင့် သင့်အပေါ်ထားရှိသော ကိုယ်တော်၏ ခံစားချက် မည်သို့ရှိမည်နည်း။—သု. ၂၃:၁၅

၄။ ကြိုတင်ပြင်ဆင်ပါ။ နယပုံပြင် ၁၅:၂၈ တွင် “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏” ဟုဆိုသည်။ သင်ပြောမည့်အရာကို စဉ်းစားထားခြင်းအပြင် အခြားသူများမေးလှာနိုင်သည့် မေးခွန်းများကိုလည်း စဉ်းစားထားပါ။ ထိုအကြောင်းအရာများကို သုတေသနပြုပြီး မေးခွန်းများကို သက်သောင့်သက်သာဖြေဆိုနိုင်ရန် ကြိုတင်ပြင်ဆင်ပါ။—စာမျက်နှာ ၁၁ ရှိ  “သင့်အဖြေကို ကြိုတင်ပြင်ဆင်ပါ” အကွက်ကို ကြည့်ပါ။

၅။ အစပြုပါ။ သင့်ယုံကြည်ချက်အကြောင်း ပြောဆိုရန် အသင့်ဖြစ်သည်နှင့် မည်သို့ အစပြုသင့်သနည်း။ သင်၌ ရွေးချယ်စရာများ ရှိပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင့်ယုံကြည်ချက်များကို ဝေမျှခြင်းသည် ရေကူးခြင်းနှင့် တူသည်– လူအချို့သည် ရေထဲသို့ ဖြည်းဖြည်းချင်း ဆင်းကြသည်၊ အခြားသူတို့မှာ ခုန်ဆင်းကြသည်။ ထိုနည်းတူ သင်သည် ဘာသာရေးနှင့်မဆိုင်သော အကြောင်းအရာများကို အစပြုပြောဆို၍ တဖြည်းဖြည်း စိတ်ဝင်စားမှုရှိမရှိ ကြည့်ပါ။ သို့သော် အပြောအဆို မှားသွားမည်ကို သင် အလွန်စိုးရိမ်ပါက ချက်ချင်း အစပြုပြောဆိုနည်းကို ရွေးချယ်နိုင်ပါသည်။ (လုကာ ၁၂:၁၁၊ ၁၂) အသက် ၁၇ နှစ်အရွယ်ရှိသော အန်ဒရူးက ဤသို့ပြောသည်– “ကျွန်တော့်ရဲ့ ယုံကြည်ချက်ကို ဝေမျှမယ့်အကြောင်း စဉ်းစားနေတာက တကယ်ပြောချလိုက်တာထက် အမြဲ ပိုခက်တယ်။ စကားစမြည် စပြောလိုက်တဲ့အခါ ကျွန်တော် ထင်တာထက် ပိုပြီးလွယ်နေတယ်။” *

၆။ ပိုင်းခြားသိမြင်ပါ။ သင်သည် ရေတိမ်ထဲသို့ ဒိုင်ဗင်ထိုးချမည် မဟုတ်သကဲ့သို့ အကျိုးမရှိသော ငြင်းခုံမှုများထဲ ခုန်မချမိစေရန် သတိပြုပါ။ စကားပြောရမည့်အချိန် ရှိသကဲ့သို့ တိတ်ဆိတ်စွာနေရမည့်အချိန်လည်း ရှိကြောင်း သတိရပါ။ (ဒေ. ၃:၁၊ ၇) ယေရှုပင်လျှင် မေးခွန်းများကို မဖြေဆိုသောအခါများ ရှိခဲ့သည်။ (မဿဲ ၂၆:၆၂၊ ၆၃) ဤမူကို သတိရပါ– “သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။”—သု. ၂၂:၃

ငြင်းခုံမှုဖြစ်လာပြီဟု သင် သိမြင်လာလျှင် “ယင်းအတွင်းသို့ လျှောက်” မသွားပါနှင့်။ ယင်းအစား တိုတိုတုတ်တုတ်နှင့် သတိပညာရှိရှိ ဖြေဆိုပါ။ ဥပမာ၊ အတန်းဖော်တစ်ဦးက ‘မင်း ဘာကြောင့် စီးကရက်မသောက်တာလဲ’ ဟု မခံချင်အောင် ပြောလှာလျှင် ‘ငါ့ကိုယ်ခန္ဓာကို မညစ်ညမ်းစေချင်လို့’ ဟု ရိုးရိုးလေး ပြောလိုက်နိုင်ပါသည်။ တုံ့ပြန်ပုံပေါ်မူတည်၍ သင့်ယုံကြည်ချက်များအကြောင်း ထပ်ပြောသင့်၊ မပြောသင့် သင် ဆုံးဖြတ်နိုင်သည်။

အထက်ပါအဆင့်များသည် သင့်ယုံကြည်ချက်ကို “ခုခံပြောဆိုရန် အသင့်ရှိ” နေဖို့ ထောက်ကူပေးနိုင်သည်။ (၁ ပေတရု ၃:၁၅) သို့သော် အသင့်ရှိခြင်းက သင် ဘယ်တော့မျှ စိုးရိမ်မည်မဟုတ်ဟု မဆိုလိုပါ။ သို့သော် အသက် ၁၈ နှစ်အရွယ် အလန်နာက ဤသို့သတိပြုမိသည်– “ကြောက်လန့်နေတဲ့ကြားက သင့်ရဲ့ယုံကြည်ချက်တွေအကြောင်း ရှင်းပြတဲ့အခါ သင်ဟာ သင့်ရဲ့ကြောက်ရွံ့မှုကို အနိုင်ယူခဲ့ပြီး အဆင်ပြေမယ့်ပုံမရတဲ့အရာကို အရဲစွန့်ပြီး လုပ်ခဲ့တယ်။ တစ်ခုခုကို အောင်မြင်ပြီးမြောက်နေသလိုမျိုး ခံစားစေတယ်။ အကယ်၍ အဆင်ပြေသွားခဲ့ရင် သင်ဟာ ပိုပြီးလို့တောင် စိတ်ချမ်းသာရလိမ့်မယ်။ ပြောရဲတဲ့သတ္တိ ရှိခဲ့တဲ့အတွက် သင် ဝမ်းမြောက်ပါလိမ့်မယ်။”

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် အမည်အချို့ကို ပြောင်းထားသည်။

^ အပိုဒ်၊ 11 ဘာသာပြန်ကျမ်းစာများသည် စကားလုံးထားသိုပုံ မတူကြချေ။ သို့သော် အချို့သည် သမ္မာကျမ်းစာကို ရေးသားခဲ့သော မူရင်းဘာသာစကားနှင့် ပို၍နီးစပ်သည်။

^ အပိုဒ်၊ 19 စာမျက်နှာ ၁၂ ရှိ  “စကားစနိုင်သည့် အချက်များ” လေးထောင့်ကွက်ကို ကြည့်ပါ။

ချင့်တွေးစရာ

အောက်ပါတို့သည် သင့်ကျောင်းမှ တစ်ဦးတစ်ယောက်၏ အယူအဆလော။

‘နင်က ယေဟောဝါသက်သေတစ်ယောက်ဆိုတာ ငါသိတယ်။ ငါ နင့်ကို လှောင်ပြောင်တော့မယ်လို့ နင်ထင်ကောင်း ထင်နေမယ်၊ ဒါပေမဲ့ တကယ်တော့ ငါ နင့်ကို လေးစားတယ်။ ကမ္ဘာ့ပြဿနာတွေကြားထဲမှာ နင်ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး နေနိုင်တာလဲ။ ငါကတော့ ကြောက်တယ်။ မကြာခင်မှာ နောက်ထပ်စစ်ပွဲတစ်ပွဲ ဖြစ်ဦးမှာလား။ ငါ့မိဘတွေ ကွာရှင်းကြမှာလား။ ကျောင်းမှာ တခြားကျောင်းသားတွေရဲ့ အရိုက်အနှက်ကို မခံရဘဲ ငါ ဒီတစ်ရက်ကို ကျော်လွန်သွားနိုင်ပါ့မလား။ ငါ့မှာ မေးစရာမေးခွန်းတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ နင်ကတော့ နင့်ဘဝမှာ ဘာလုပ်ရမယ်ဆိုတာ သိနေသလိုပဲ။ အဲဒါ နင့်ဘာသာတရားကြောင့်လား။ ငါ အဲဒီအကြောင်း ဆွေးနွေးချင်ပေမဲ့ စပြောရမှာ ကြောက်နေတယ်။ ကျေးဇူးပြုပြီး နင်စပြောပါလား။’

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ရွယ်တူချင်းများ ပြောဆိုရာ

“ကျွန်မရဲ့ယုံကြည်ချက်ကို ပြောပြတဲ့အတွက် ကျွန်မကို ဟားတိုက်တဲ့ ကောင်လေးတချို့ ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ လှောင်ပြောင်မှုတွေက ကျွန်မကို အနှောင့်အယှက် မဖြစ်စေဘူးဆိုတာ သိသွားတဲ့အခါ ကျွန်မကို မဟားတော့ဘူး။”—ဖရန်ချက်စကာ၊ လပ်ဇမ်းဘတ်ခ်။

“ကိုယ်က ခရစ်ယာန်တစ်ယောက်ဖြစ်တယ်လို့ လူတွေကို မပြောပြဘူးဆိုရင် ကိုယ့်ကိုယ်ကို ခရစ်ယာန်တစ်ယောက်ဆိုတာ မေ့သွားပြီး တခြားသူတွေလို စတင်ပြုမူလာနိုင်တယ်။ အများနောက်လိုက်တဲ့သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ခွင့်ပြုလို့ မဖြစ်ဘူး၊ ကိုယ့်မူနဲ့ကိုယ် ရပ်တည်ရမယ်။”—စမန်သာ၊ အမေရိကန်။

“ကျွန်တော်ငယ်ငယ်တုန်းက တခြား ကောင်လေးတွေနဲ့ မကွာခြားချင်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ယုံကြည်ချက်က ကျွန်တော့်ဘဝရဲ့ အရည်အသွေးကို ဘယ်လို ပိုကောင်းလာစေတယ်ဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ ဒါကို နားလည်လာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု တိုးလာပြီး ကျွန်တော့်ယုံကြည်ချက်အတွက် ကျွန်တော် ဂုဏ်ယူလာတယ်။”—ဂျေစင်၊ နယူးဇီလန်။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

 စကားစနိုင်သည့် အချက်များ

“နွေရာသီမှာ နင်ဘာတွေလုပ်မလဲ။” [တုံ့ပြန်မှုရရှိပြီးနောက် စည်းဝေးကြီးတက်ရောက်ခြင်း သို့မဟုတ် သင်၏ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့ခြင်းကဲ့သို့သော သင်၏ဝတ်ပြုရေးနှင့်ဆိုင်သည့် အစီအစဉ်များကို ဖော်ပြပါ။]

▪ သတင်းတစ်ပုဒ်အကြောင်း ပြောပြီးနောက် ဤသို့မေးပါ– “အဲဒါကို ကြားပြီးပြီလား။ နင် ဘယ်လိုထင်လဲ။”

“ကမ္ဘာ့ငွေကြေး အခြေအနေ [သို့မဟုတ် အခြား ပြဿနာ] ပြန်ကောင်းလာမယ့်ပုံ ပေါ်လား။ [တုံ့ပြန်စေပါ။] ဘာဖြစ်လို့ အဲဒီလိုထင်တာလဲ။”

“နင် ဘယ်ဘာသာ ကိုးကွယ်သလဲ။”

“နောက်ငါးနှစ်မှာ နင့်ရဲ့အသက်တာ ဘယ်လိုဖြစ်နေမယ်လို့ ထင်သလဲ။” [တုံ့ပြန်မှုရရှိပြီးနောက် သင်၏ဝတ်ပြုရေးနှင့်ဆိုင်သော ပန်းတိုင်များကို ပြောပြပါ။]

[စာမျက်နှာ ၁၁ ပါဇယား]

 (ကားချပ်အပြည့်အစုံကို စာစောင်တွင် ကြည့်ပါ)

သင့်အဖြေကို ကြိုတင်ပြင်ဆင်ပါ

ယင်းကို ညှပ်လိုက်ပါ

အကြံပြုချက်– ဤဇယားကွက်ကို သင့်မိဘများ၊ သူငယ်ချင်းများနှင့် ဆွေးနွေးပါ။ ဇယားကွက်ကို ဖြည့်စွက်ပါ။ ထို့နောက် သင့်အတန်းဖော်များ မေးလှာနိုင်သည့် အခြားမေးခွန်းများရှိမရှိ ကြည့်ပါ။

ကိုယ်ကျင့်တရား

မေးခွန်း

လိင်တူမေထုန်နှင့်ပတ်သက်၍ သင့်သဘောထားကား အဘယ်နည်း။

အဖြေ

လိင်တူမေထုန်သမားများကို ကျွန်ုပ် မမုန်းပါ၊ သို့သော် သူတို့၏အကျင့်ကို ကျွန်ုပ် မနှစ်သက်ပါ။

နောက်မေးခွန်း

‘ဤအမြင်သည် မလိုမုန်းထားမှုဖြစ်သလော။’

၁ ကောရိန္သု ၆:၉၊၁၀လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂၊ အခန်း ၂၈။ *

မဟုတ်ပါ။ အကြောင်းမှာ ကျွန်ုပ်တို့သည် လိင်တူမေထုန်ကိုသာ မဟုတ်ဘဲ အကျင့်ပျက်မှု ပုံစံအားလုံးကို ဆန့်ကျင်သည်။

ချိန်းတွေ့ခြင်း

မေးခွန်း

‘သင် အဘယ်ကြောင့် မချိန်းတွေ့သနည်း။’

အဖြေ

အရွယ်မရောက်မချင်း မချိန်းတွေ့ဟု ကျွန်ုပ် ဆုံးဖြတ်ထားသည်။

နောက်မေးခွန်း

ယင်းသည် သင့်ဘာသာတရားကြောင့်လော။

ရှာဖွေမှု

ရှောလမုန်သီချင်း ၈:၄လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂၊ အခန်း ၁။

အဖြေ

မှန်ပါသည်။ ကျွန်ုပ်တို့သည် အိမ်ထောင်ပြုရန် ရည်ရွယ်ချက်ဖြင့်သာ ချိန်းတွေ့သည်၊ ယင်းအတွက် အသင့်မဖြစ်သေးကြောင်း ကျွန်ုပ် သိသည်။

ကြားနေခြင်း

မေးခွန်း

‘အလံနှင့်စပ်လျဉ်း၍ သင်၏အမြင် မည်သို့ ရှိသနည်း။’

အဖြေ

ကျွန်ုပ်နေထိုင်သောနိုင်ငံကို ကျွန်ုပ် လေးစားသည်၊ သို့သော် ယင်းကို ကျွန်ုပ် ဝတ်မပြုပါ။

နောက်မေးခွန်း

‘သို့ဆိုလျှင် သင်မတိုက်ခိုက်ဟု ဆိုလိုခြင်းလော။’

ရှာဖွေမှု

ဟေရှာယ ၂:၄; ယောဟန် ၁၃:၃၅သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း၊ စာမျက်နှာ ၁၄၈-၁၅၁။ *

မတိုက်ခိုက်ပါ၊ အခြားနိုင်ငံများတွင်ရှိသော သန်းနှင့်ချီသည့် ယေဟောဝါသက်သေများသည်လည်း ဤနိုင်ငံကို ဆန့်ကျင်၍ တိုက်ခိုက်မည် မဟုတ်ပါ။

သွေး

မေးခွန်း

‘သင်အဘယ်ကြောင့် သွေးသွင်းခြင်းကို လက်မခံသနည်း။’

အဖြေ

အေအိုင်ဒီအက်စ်ရောဂါ မဖြစ်စေသည့်နည်းဖြင့် ကုသခြင်းကို ကျွန်ုပ် လက်ခံသည်။ သို့သော် သမ္မာကျမ်းစာက သွေးကို ရှောင်ကြဉ်ရန် မိန့်မှာထားသည်၊ ထို့ကြောင့် ကျွန်ုပ်သည် သွေးမသွင်းသော်လည်း အခြားအရာများသွင်း၍ ကုသခြင်းကို လက်ခံပါသည်။

နောက်မေးခွန်း

‘သို့သော် သင် သေတော့မည်ဆိုလျှင်ကော။ ဘုရားသခင် သင့်ကို ခွင့်လွှတ်မည်လော။’

ရှာဖွေမှု

တမန်တော် ၅:၂၈၊ ၂၉၊ ဟေဗြဲ ၁၁:၆သမ္မာကျမ်းစာ သွန်သင်ရာ၊ စာမျက်နှာ ၁၂၉-၁၃၁

ရွေးချယ်စရာများ

မေးခွန်း

မည်သူမည်ဝါသည် သင်၏ဘာသာရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူ ဤအရာများကို လုပ်ခဲ့သည်။ သင်အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။

အဖြေ

ကျွန်ုပ်တို့သည် ဘုရားသခင့် တောင်းဆိုရာများကို သွန်သင်ခံရသည်၊ သို့သော် လုပ်ဆောင်ရန် အတင်းအကျပ် တိုက်တွန်းမခံရပါ။ ကျွန်ုပ်တို့အားလုံး ကိုယ့်ဘာသာကိုယ် ရွေးချယ်ကြရသည်။

နောက်မေးခွန်း

သို့ဆိုလျှင် စံနှုန်းနှစ်မျိုး ရှိသလော။

ဖန်ဆင်းခြင်း

မေးခွန်း

သင် အဘယ်ကြောင့် ဆင့်ကဲအယူဝါဒကို မယုံကြည်သနည်း။

အဖြေ

ကျွန်ုပ် အဘယ်ကြောင့် ဆင့်ကဲအယူဝါဒကို ယုံကြည်သင့်သနည်း။ ကျွမ်းကျင်ပညာရှင်များဟု မိမိတို့ကိုယ်ကို ယူဆကြသော သိပ္ပံပညာရှင်များပင် ယင်းနှင့်ပတ်သက်၍ သဘောထား ကွဲလွဲနေကြသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 54 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

^ အပိုဒ်၊ 75 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သင့်ယုံကြည်ချက်ကို ဝေမျှခြင်းသည် ရေကူးခြင်းနှင့် တူ၏။ ရေထဲသို့ ဖြည်းဖြည်း ဆင်းနိုင်သည်၊ သို့မဟုတ် ခုန်ဆင်းနိုင်သည်