မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့ဖွယ်ရာများနှင့်ပြည့်နေသော စကြဝဠာ

အံ့ဖွယ်ရာများနှင့်ပြည့်နေသော စကြဝဠာ

အံ့ဖွယ်ရာများနှင့်ပြည့်နေသော စကြဝဠာ

စကြဝဠာတစ်ခုလုံးသည် ကျွန်ုပ်တို့၏ နဂါးငွေ့တန်းဂလက်ဆီအတွင်း၌ ရှိနေသည်ဟု လွန်ခဲ့သောရာစုနှစ်တစ်ခုခန့်က သိပ္ပံပညာရှင်များ ယုံကြည်ခဲ့ကြသည်။ သို့သော်၊ ၂၀ ရာစုအတွင်း နက္ခတ္တဗေဒ၊ ရူပဗေဒနှင့် နည်းပညာရပ်တို့တွင် အကြီးအကျယ်တိုးတက်လာသည့်အတွက် အလွန့်အလွန် ကြီးမားကျယ်ပြောသော စကြဝဠာ၏အရွယ်အစားကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ အချို့သောရှာဖွေတွေ့ရှိမှုများသည် လူသားများကို သိမ်ငယ်သွားစေခဲ့သည်။ ဥပမာ၊ မကြာသေးမီဆယ်စုနှစ်များက နက္ခတ္တဗေဒပညာရှင်များသည် စကြဝဠာ၏ ၉၀ ရာခိုင်နှုန်းကျော်အား အဘယ်အရာများနှင့် ဖွဲ့စည်းထားသည်ကို သူတို့မသိကြောင်း သဘောပေါက်လာကြသည်။ ထို့ပြင် ထိုကဲ့သို့ကောက်ချက်ချစေသည့် ရှာဖွေတွေ့ရှိမှုများသည် သိပ္ပံပညာရှင်များအား သူတို့နားလည်ထားသည့် ရူပဗေဒအခြေခံသဘောတရားများကို မေးခွန်းထုတ်စေသည့်အကြောင်း ဖြစ်စေခဲ့သည်။ အမှန်မှာ၊ ထိုကဲ့သို့သော မေးခွန်းများသည် အသစ်အဆန်းမဟုတ်ပါ။

ဥပမာ၊ ၁၉ ရာစုအဆုံးပိုင်းတွင် ရူပဗေဒပညာရှင်များသည် အလင်း၏အမြန်နှုန်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုသည် ထူးဆန်းနေကြောင်း တွေ့ရှိခဲ့ကြသည်။ လေ့လာအကဲခတ်သူနှင့်နှိုင်းစာလျှင် အလင်းသည် လေ့လာအကဲခတ်သူ မည်မျှမြန်မြန်သွားနေပါစေ အမြဲပင် တူညီသောအမြန်နှုန်းဖြင့်သွားကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ သို့သော် ယင်းသည် ဆင်ခြင်တုံတရားနှင့်ညီပုံ မပေါ်ခဲ့ပေ။ ၁၉၀၅ ခုနှစ်၌ အကွာအဝေး (အရှည်အလျား)၊ အချိန်နှင့် ဒြပ်ထုတို့သည် ဆက်စပ်နေသည်ကိုဖော်ပြသော အယ်လ်ဘတ်အိုင်းစတိုင်း၏ အထူးရီလေတီဗီတီ သီအိုရီ (special theory of relativity) တွင် ထိုပြဿနာကို အဖြေရှာခဲ့ကြသည်။ ထို့နောက် ၁၉၀၇ ခုနှစ်၌ အယူအဆအသစ်တစ်မျိုးကို သူစဉ်းစားမိပြီး ယင်းကို “ကျွန်ုပ်၏ဘဝ၌ ကြည်နူးဖွယ်အကောင်းဆုံး တွေးမြင်ယူဆချက်” ဟုအမည်ပေးခဲ့ကာ သူ၏ ယေဘုယျ ရီလေတီဗီတီသီအိုရီကို အကျယ်တဝင့် ရှင်းလင်းဖော်ပြလာခဲ့သည်၊ သူသည် ယင်းကို ၁၉၁၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့၏။ အိုင်းစတိုင်းသည် ၎င်း၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် ကမ္ဘာ့ဆွဲငင်အား၊ အာကာသနှင့် အချိန်တို့၏ ပေါင်းစပ်အလုပ်လုပ်ပုံကို ရှင်းပြခဲ့ပြီး အိုင်းဆက်နယူတန်၏ ရူပဗေဒသဘောတရားကို ပြင်ဆင်မွမ်းမံခဲ့သည်။

ပြန့်ကားနေသော စကြဝဠာ

အိုင်းစတိုင်းသည် ရနိုင်သမျှ သက်သေအထောက်အထားများကို အခြေခံကာ စကြဝဠာသည် ဆန့်ခြင်းကျုံ့ခြင်းမရှိဘဲ တည်ငြိမ်နေသည်ဟု ယူဆခဲ့သည်။ သို့သော် ၁၉၂၉ ခုနှစ်၌ အမေရိကန်လူမျိုး နက္ခတ္တဗေဒပညာရှင် အက်ဒ်ဝင် ဟပ်ဘယ်လ်က စကြဝဠာသည် ပြန့်ကားနေကြောင်း ဖော်ပြသည့် သက်သေအထောက်အထားများကို တင်ပြခဲ့သည်။

ဟပ်ဘယ်လ်သည် အချိန်ကြာမြင့်စွာ မရှင်းမလင်းဖြစ်နေခဲ့သည့် ညဘက်ကောင်းကင်ယံရှိ မှိန်ပျပျအလင်းကွက်များနှင့်ပတ်သက်၍လည်း ရှင်းလင်းဖော်ပြခဲ့သည်၊ ယင်းအလင်းကွက်များသည် ဓာတ်ငွေ့တိမ်တိုက်ကြီးများပမာ ဖြစ်နေသောကြောင့် နက်ဗျူလာများဟု အမည်ပေးထားကြသည်။ သို့သော် အစောပိုင်းရာစုနှစ်တစ်ခုကျော်က ဗြိတိသျှလူမျိုး နက္ခတ္တဗေဒပညာရှင် ဆာ ဝီလီယမ် ဟာရှယ်လ် (၁၇၃၈-၁၈၂၂) အဆိုပြုခဲ့သည့်အတိုင်း ထိုနက်ဗျူလာများအားလုံးသည် ကျွန်ုပ်တို့၏ ဂလက်ဆီအတွင်းတွင် တည်ရှိနေသလော သို့မဟုတ် ယင်း၏ပြင်ပ၌ရှိသလော။

ဟပ်ဘယ်လ်သည် ထိုနက်ဗျူလာများထဲမှတစ်ခုဖြစ်သော အန်ဒရိုမီဒါ ကြယ်စုရှိ ဧရာမနက်ဗျူလာ၏အကွာအဝေးကို ဦးဆုံးအကြိမ် ခန့်မှန်းခဲ့သည့်အခါ ထိုနက်ဗျူလာသည် အမှန်တကယ်တွင် ဂလက်ဆီတစ်ခုဖြစ်ပြီး အလင်းနှစ်တစ်သန်း ကွာဝေးကြောင်း သူကောက်ချက်ချခဲ့သည်။ ထိုဧရာမနက်ဗျူလာကြီးသည် အချင်းအားဖြင့် အလင်းနှစ်ပေါင်း ၁၀၀,၀၀၀ “မျှသာ” ရှိသော နဂါးငွေ့တန်းဂလက်ဆီ၏ အစွန်အဖျားထက် များစွာသာ၍ဝေးကွာကြောင်း ထိုမှန်းဆချက်က ဆိုလိုသည်။ အခြားနက်ဗျူလာများ၏အကွာအဝေးကို ဟပ်ဘယ်လ်တိုင်းတာခဲ့သောအခါ စကြဝဠာ၏ အလွန့်အလွန်ကြီးမားကျယ်ပြောမှုကို ရှာဖွေတွေ့ရှိသွားပြီး နက္ခတ္တဗေဒနှင့် စကြဝဠာဗေဒတော်လှန်ရေးကို အစပျိုးပေးလိုက်သည်။ *

ယင်းနောက်ပိုင်းမကြာမီတွင် ဝေးလံသော ဂလက်ဆီများသည် ကမ္ဘာမှ ဝေးသည်ထက်ဝေးရာသို့ ရွေ့လျားနေသည်ကို ဟပ်ဘယ်လ် တွေ့ရှိခဲ့ရာ စကြဝဠာကြီးသည် ပြန့်ကားနေကြောင်း သူတွေ့ရှိခဲ့သည်။ ထို့ပြင် ဂလက်ဆီသည် ပို၍ဝေးကွာလေ၊ ပို၍မြန်မြန်နောက်ဆုတ်လေဖြစ်ကြောင်းကို သူ သတိပြုမိသည်။ ထိုတွေ့ရှိချက်များက မနေ့က စကြဝဠာသည် ယနေ့စကြဝဠာထက် ပိုငယ်သည်ဟူသည့် အဓိပ္ပာယ်သက်ရောက်သည်။ ဟပ်ဘယ်လ်သည် ၎င်း၏ရှာဖွေတွေ့ရှိမှုအသစ်ကို ၁၉၂၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေလိုက်သောအခါ သူသည် စကြဝဠာ၏အစဟုခေါ်သော မဟာပေါက်ကွဲမှုသီအိုရီ (big bang theory) တိုးတက်ဖြစ်ပေါ်မှုအတွက် လမ်းခင်းပေးခဲ့သည်၊ လွန်ခဲ့သောနှစ်ပေါင်း ၁၃ ဘီလီယံခန့်က အာကာသပေါက်ကွဲမှုကြီးဖြစ်ရာမှ စကြဝဠာ စတင်ခဲ့ကြောင်း ယင်းသီအိုရီက ဖော်ပြသည်။ သို့သော်၊ ဤအကြောင်းအရာကို ထပ်ဆင့်လေ့လာရန်ရှိနေပါသေးသည်။

မည်မျှမြန်မြန် ပြန့်ကားနေသနည်း

ဟပ်ဘယ်လ်အချိန်မှစ၍ နက္ခတ္တဗေဒပညာရှင်များသည် “ဟပ်ဘယ်လ် ကိန်းသေ” အဖြစ်ရည်ညွှန်းခဲ့သော ပြန့်ကားနှုန်းကို အတတ်နိုင်ဆုံး တိတိကျကျတိုင်းတာနိုင်ရန် ကြိုးစားခဲ့ကြသည်။ ထိုအတိုင်းအတာပမာဏသည် အဘယ်ကြောင့် ဤမျှအရေးကြီးရသနည်း။ နက္ခတ္တဗေဒပညာရှင်များသည် စကြဝဠာ မည်မျှမြန်မြန် ပြန့်ကားနေသည်ကို တွက်ချက်နိုင်ပါက ထိုတွက်ကိန်းများကိုအသုံးပြု၍ စကြဝဠာ၏သက်တမ်းကို ခန့်မှန်းနိုင်သည်။ ထို့ပြင် ပြန့်ကားနှုန်းသည် အနာဂတ်တွင် ကြီးမားပြင်းထန်သော အကျိုးဆက်များ သက်ရောက်စေနိုင်သည်။ မည်သို့အားဖြင့်နည်း။ ဥပမာ၊ စကြဝဠာ၏ပြန့်ကားနှုန်းသည် နှေးကွေးလွန်းပါက ကမ္ဘာ့ဆွဲငင်အားသည် ပြန့်ကားနှုန်းထက် အလွန့်အလွန် သာလွန်သွားသောကြောင့် နောက်ဆုံး “မဟာပြိုပျက်မှု” (“big crunch”) တွင် အရာအားလုံးတိုက်မိပြီး ပျက်စီးသွားသည့်အဖြစ်သို့ ရောက်စေနိုင်ကြောင်း ဆင်ခြင်သုံးသပ်ကြသည်။ သို့သော် ပြန့်ကားနှုန်းသည် မြန်လွန်းပါက စကြဝဠာသည် စဉ်ဆက်မပြတ်ပြန့်ကားနေမည်ဖြစ်ကာ လုံးလုံးပျောက်ကွယ်သွားပေမည်။

ပိုမိုတိကျသောတိုင်းတာမှုများသည် အချို့သောမေးခွန်းများကို ဖြေဆိုပေးနိုင်သော်လည်း အခြားမေးခွန်းများ ပေါ်ပေါက်လျက်ရှိနေသည်၊ ယင်းမေးခွန်းများသည် ဒြပ်ဝတ္ထုများ၊ သဘာဝလောကရှိ အခြေခံအားများနှင့်စပ်လျဉ်း၍ လက်ရှိ ကျွန်ုပ်တို့နားလည်ထားရာများအပေါ် သံသယဝင်စေသည်။

စွမ်းအင်နက်နှင့် ဒြပ်ဝတ္ထုမဲ

၁၉၉၈ ခုနှစ်တွင် သုတေသီများသည် အလွန်တောက်ပသောကြယ်၏ မဟာပေါက်ကွဲမှု (supernova) မှထွက်ပေါ်လာသည့် အလင်းရောင်ကို လေ့လာဆန်းစစ်ခဲ့ကြရာ စကြဝဠာ၏ပြန့်ကားမှုသည် စင်စစ်အားဖြင့် အရှိန်မြင့်လာကြောင်း အထောက်အထား တွေ့ရှိခဲ့ကြသည်။ * အစပိုင်း၌ သိပ္ပံပညာရှင်များသည် သံသယဝင်ခဲ့ကြသော်လည်း မကြာမီတွင် သက်သေအထောက်အထားများ ပိုများလာခဲ့သည်။ မည်သည့်စွမ်းအင်ပုံစံက ပြန့်ကားနှုန်းမြန်ခြင်းကို ဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်များ သိလိုခဲ့ကြသည်။ ပထမတစ်ချက်မှာ၊ ပြန့်ကားခြင်းသည် ကမ္ဘာ့ဆွဲငင်အားနှင့် ဆန့်ကျင်ဘက်လုပ်ဆောင်နေပုံရခဲ့ပြီး နောက်အချက်မှာ ယင်းသည် သိပ္ပံပညာရှင်များ၏ လက်ရှိသီအိုရီများနှင့် ကိုက်ညီမှုမရှိခဲ့၍ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော ထိုစွမ်းအင်မျိုးကို သင့်တော်စွာဖြင့် စွမ်းအင်နက် (dark energy) ဟု အမည်ပေးခဲ့ကြပြီး စကြဝဠာ၏ ၇၅ ရာခိုင်နှုန်းနီးပါးကို ယင်းစွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်နိုင်သည်။

သို့သော် စွမ်းအင်နက်သည် မကြာသေးမီကာလက ရှာဖွေတွေ့ရှိထားသည့် တစ်ခုတည်းသောလျှို့ဝှက်ဆန်းကြယ်ရာမဟုတ်ပေ။ ဂလက်ဆီအမျိုးမျိုးကို နက္ခတ္တဗေဒပညာရှင်များ ဆန်းစစ်လေ့လာခဲ့ချိန် ၁၉၈၀ ပြည့်လွန်နှစ်များတွင် နောက်ထပ်အရာတစ်ခုကို အတည်ပြုခဲ့ကြသည်။ ကျွန်ုပ်တို့၏ဂလက်ဆီအပါအဝင် ထိုဂလက်ဆီများသည် တစ်စုတစ်ဝေးတည်းဖြစ်စေရန် အလွန်လျင်မြန်စွာ ချာချာလည်နေပုံရသည်။ ထို့ကြောင့် ထိုဂလက်ဆီများ တစ်စုတစ်ဝေးတည်း စုဖွဲ့နိုင်ရန် လိုအပ်သော ဆွဲငင်အားကို ဒြပ်ဝတ္ထုပုံစံတချို့က ပေးနေရမည်မှာထင်ရှားသည်။ သို့သော်၊ အဘယ်ဒြပ်ဝတ္ထုမျိုးနည်း။ သိပ္ပံပညာရှင်များသည် ထိုအရာများကို မသိသောကြောင့် ဒြပ်ဝတ္ထုမဲဟု ခေါ်ဆိုခဲ့ကြသည်၊ အကြောင်းမှာ ယင်းသည် စုပ်ယူခြင်းမရှိ၊ ထုတ်လွှတ်ခြင်းမရှိ သို့မဟုတ် သိသာသော ဓာတ်ရောင်ခြည်ပမာဏကို ရောင်ပြန်ဟပ်ခြင်းလည်းမရှိသောကြောင့် ဖြစ်သည်။ * ဒြပ်ဝတ္ထုမဲများ မည်မျှရှိသနည်း။ စကြဝဠာ၏ထုထည် ၂၂ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်မကကို ထိုဒြပ်ဝတ္ထုမဲများဖြင့် ဖွဲ့စည်းထားနိုင်ကြောင်း တွက်ချက်မှုများက ဖော်ပြသည်။

ဤအချက်ကို စဉ်းစားကြည့်ပါ– လက်ရှိခန့်မှန်းချက်များအရ စကြဝဠာ၏ထုထည် ၄ ရာခိုင်နှုန်းခန့်သည် ပုံမှန်ဒြပ်ဝတ္ထုများဖြစ်သည်။ ကျန်သောပမာဏသည် အမျိုးအမည်မသိရသေးသော အရာနှစ်ခုဖြစ်သည့် ဒြပ်ဝတ္ထုမဲနှင့် စွမ်းအင်နက်တို့၏ ပမာဏဖြစ်ပုံရသည်။ ထို့ကြောင့် စကြဝဠာ၏ ၉၆ ရာခိုင်နှုန်းခန့်မှာ လုံးလုံးလျှို့ဝှက်ဆန်းကြယ်သည့်အရာတစ်ခုအဖြစ် ကျန်ရှိနေသည်။ *

မပြီးဆုံးနိုင်သော ရှာဖွေခြင်း

သိပ္ပံပညာသည် အဖြေများကို ရှာဖွေရန်ဖြစ်သည်၊ သို့သော် မကြာခဏဆိုသလို ရရှိလာသော အဖြေများသည် မေးခွန်းများကို ထပ်မံပေါ်ပေါက်စေသည်။ ထိုအချက်သည် သမ္မာကျမ်းစာထဲမှ ဒေ. ၃:၁၁ တွင်မှတ်တမ်းတင်ထားသော လေးနက်သည့်ဖော်ပြချက်တစ်ခုကို ပြန်အမှတ်ရစေသည်။ ဤသို့ဖတ်ရသည်– ‘[ဘုရားသခင်သည်] ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အဆုံးမဲ့ကာလ၌ စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍မကုန်နိုင်။

မှန်ပါသည်၊ လက်ရှိအချိန်တွင် ကျွန်ုပ်တို့သည် တိုတောင်းသည့်အသက်တာကြောင့် အသိပညာအကန့်အသတ်သာ ရရှိနိုင်ပြီး သိရှိလာရာအများစုမှာလည်း မှန်းဆချက်များ၊ ပြောင်းလဲနေသောအရာများဖြစ်သည်။ သို့သော် ထိုအခြေအနေမှာ ယာယီသာဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် အလွန်လှပသာယာသော ကမ္ဘာမြေကြီးပေါ်တွင် သစ္စာရှိလူသားများအား အဆုံးမဲ့အသက်တာပေးရန်ရည်ရွယ်ထားပြီး ထိုနေရာတွင် လူသားများသည် ကိုယ်တော့်ဖန်ဆင်းခြင်းလက်ရာများကို လေ့လာဆန်းစစ်နိုင်မည်ဖြစ်ကာ စစ်မှန်သောအသိပညာကို ရရှိကြမည်ဖြစ်၍တည်း။—ဆာလံ ၃၇:၁၁၊ ၂၉; လုကာ ၂၃:၄၃

ထို့ကြောင့် စကြဝဠာကြီး ပျက်စီးသွားမည်ဟု ထင်ကြေးဖြင့် ပြောဆိုနေကြသည်ကို ကျွန်ုပ်တို့စိုးရိမ်စရာမလိုပါ။ ထို့ပြင် သိပ္ပံပညာသည် အမှန်တည်ရှိသောအရာများကို အပေါ်ယံသာ လေ့လာသိရှိနိုင်သော်လည်း ဖန်ဆင်းရှင်သည် အရာခပ်သိမ်းကို သိရှိတော်မူသည်။—ဗျာ. ၄:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 နက္ခတ္တဗေဒသည် ကမ္ဘာ့ပြင်ပမှ အရာဝတ္ထုများနှင့် ဒြပ်ထုတို့ကို လေ့လာခြင်းဖြစ်သည်။ စကြဝဠာဗေဒသည် နက္ခတ္တဗေဒ၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး “စကြဝဠာ၏တည်ဆောက်ပုံ၊ တိုးတက်ဖြစ်ပေါ်ပုံနှင့် စကြဝဠာတွင် သက်ရောက်သောအားများကို လေ့လာခြင်းဖြစ်သည်။ စကြဝဠာဗေဒပညာရှင်များသည် စကြဝဠာမည်သို့ဖြစ်ပေါ်လာပုံ၊ စတင်ဖြစ်ပေါ်ခဲ့ချိန်ကတည်းက ဖြစ်ပျက်ခဲ့ရာများနှင့် အနာဂတ်တွင် အဘယ်အရာများ ဖြစ်ပျက်နိုင်ကြောင်းကို ကြိုးစားရှင်းပြကြသည်” ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဆိုသည်။

^ အပိုဒ်၊ 13 ကြယ်တာရာများပေါက်ကွဲခြင်းကို ၁က အမျိုးအစား စူပါနိုဗာများဟုခေါ်ဆိုပြီး ယင်းပေါက်ကွဲချိန်တွင် နေအလုံးပေါင်း တစ်ဘီလီယံ တောက်ပသလောက် တစ်ခဏတောက်ပနိုင်သည်။ နက္ခတ္တဗေဒပညာရှင်များသည် ထိုစူပါနိုဗာများကို စံအနေနှင့် သတ်မှတ်ကာ တိုင်းတာကြသည်။

^ အပိုဒ်၊ 14 ၁၉၃၀ ပြည့်လွန်နှစ်များတွင် ဒြပ်ဝတ္ထုမဲများကို အတည်ပြုရန် အဆိုတင်သွင်းခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် အတည်ပြုခဲ့ကြသည်။ ယနေ့အချိန်တွင် နက္ခတ္တဗေဒပညာရှင်များသည် ပိုမိုဝေးလံသည့် အရာဝတ္ထုများမှအလင်းကို မဟာကြယ်စုကြီးက မည်သို့ယိုင်သွားစေကြောင်း လေ့လာခြင်းဖြင့် ဂလက်ဆီမဟာကြယ်စုကြီးတစ်ခုတွင် ဒြပ်ဝတ္ထုမဲများ မည်မျှရှိကြောင်းကို တိုင်းတာကြသည်။

^ အပိုဒ်၊ 15 ၂၀၀၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာနက္ခတ္တဗေဒနှစ်” ဟုခေါ်ဆိုထားပြီး ယင်းနှစ်သည် ဂယ်လီလီယို ဂဲလီလေ၏ နက္ခတ်တာရာကြည့်မှန်ပြောင်းကို ဦးဆုံးအသုံးပြုခြင်း၏ အနှစ် ၄၀၀ မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]

အထက်သို့မျှော်ကြည့်ပြီး နှိမ့်ချပါ

ရှေးခေတ်မှ ဘုရားသခင့်ကျေးကျွန်တစ်ဦးသည် ကြည်လင်ရှင်းလင်းနေသော ညကောင်းကင်ယံကိုမျှော်ကြည့်ကာ နက်ရှိုင်းစွာကြည်ညိုလေးမြတ်ခဲ့ပြီး တေးသီချင်းအဖြစ် သီကုံးစပ်ဆိုခဲ့သည်။ ဆာလံ ၈:၃၊ ၄ တွင်ဤသို့ဖတ်ရသည်– “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက် အနည်းငယ်နှိမ့်တော်မူပြီ။” သို့တိုင်၊ ဆာလံဆရာတွင် အဝေးကြည့်မှန်ပြောင်းများ သို့မဟုတ် အထူးကင်မရာများမရှိပါ။ သို့ဆိုလျှင်၊ ကျွန်ုပ်တို့သည် သာ၍ပင် အံ့သြမိန်းမောသင့်ပါသည်တကား။

[စာမျက်နှာ ၁၆ ပါ ပုံကြမ်း]

စွမ်းအင်နက် ၇၄%

ဒြပ်ဝတ္ထု မဲများ ၂၂%

ပုံမှန် ဒြပ်ဝတ္ထုများ ၄%

[Picture Credit Line on page 16]

Background: Based on NASA photo

[Picture Credit Line on page 18]

Background: Based on NASA photo