မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သစ္စာရှိရှိ ပူးပေါင်းလုပ်ဆောင်သော မိဘများ

သစ္စာရှိရှိ ပူးပေါင်းလုပ်ဆောင်သော မိဘများ

သစ္စာရှိရှိ ပူးပေါင်းလုပ်ဆောင်သော မိဘများ

▪ တောင်အာဖရိက ကုန်းပြင်မြင့်မြက်ခင်းလွင်ပြင် သို့မဟုတ် အတွင်းပိုင်းကုန်းပြင်မြင့်၏ အပူချိန်မှာ ရေခဲလုမတတ်ဖြစ်နေသည်။ တဝူးဝူးတိုက်ခတ်နေသော ဆောင်းလေကြောင့် အရွက်ကင်းမဲ့သောသစ်ပင်တစ်ပင် ယိမ်းထိုးလှုပ်ရှားနေသည်ကို ကျွန်ုပ်၏နွေးထွေးသော တတိယထပ် ရုံးခန်းမှနေ၍ စိုးရိမ်တကြီးကြည့်နေမိသည်။ သစ်ပင်ခွတွင် ချိုးငှက်တစ်ကောင်သည် ၎င်း၏သုံးရက်သား ငှက်ပေါက် နှစ်ကောင်ကို နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ပေးနေသည်။

ပထမဆုံးဥများကို မဥချမီ ချိုးငှက်နှင့်သူ့အဖော်ငှက်တို့သည် အတူတူ အသိုက်ဆောက်ကြသည်၊ ငှက်ဖိုသည် သစ်ခက်သစ်ရွက်များကို ယူဆောင်လာပေးပြီး ငှက်မက အသိုက်ဆောက်သည်။ သူတို့သည် အလွန်ကောင်းသောအသိုက်တစ်ခုကို ဆောက်ခဲ့ကြသည်၊ အကြောင်းမှာ ဆောင်းလေကြမ်းသည် အသိုက်ကိုလွှင့်ထွက်သွားအောင် မတိုက်ခတ်နိုင်ချေ၊ ယခုအခါ ယင်းအသိုက်သည် ဥနှစ်မြုံအတွက် နေစရာဖြစ်လာနေပြီ။ ညဘက်တွင် ငှက်မသည် ထိုဥများကို ဝပ်ပြီး နေ့ဘက်တွင် ငှက်ထီးက ဝပ်သည်။ နှစ်ပတ်ခန့်ကြာပြီးနောက် ဥများပေါက်လာသည်။ နောက်နှစ်ပတ်မပြည့်မီတွင် ငှက်ငယ်လေးများသည် ကြီးထွားလာကာ ပျံသန်းနိုင်လောက်သည်အထိလည်း သန်မာလာကြမည်ဖြစ်သည်။

နားထောင်ကြည့်ပါဦး။ သာယာဖြည်းညင်းသည့် ရယ်သံနှင့်တူသော သာယာနာပျော်ဖွယ် ထိုချိုးကူသံကို သင်ကြားရပါသလော။ ဆာလောင်နေသည့်သားပေါက်များအတွက် အစာအပြည့်ထည့်ထားသော စလုတ်ဖြင့် ရောက်လာသည့် ချိုးငှက်မသည် သူရောက်နေပြီဆိုသည်ကို အနီးရှိသစ်ကိုင်းတစ်ကိုင်းပေါ်တွင်နားကာ အသံပေးပြီး ၎င်း၏အဖော်နှင့် တာဝန်လဲရန် အသင့်ရှိနေသည်။ ချိုးငှက်မိဘနှစ်ကောင်စလုံးသည် ချိုးငှက်ကလေးများ ပျံသန်းနိုင်သည့်နောက်တွင်ပင် သူတို့ဘာသာ ဂရုစိုက်နိုင်သည့်အချိန်အထိ အစာဆက်လက်ကျွေးမွေးပါလိမ့်မည်။

ပင်ကိုအသိစိတ်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အမြဲလက်ဆင့်ကမ်းသွားသော ထိုငှက်များ၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ကြင်နာစွာဂရုစိုက်မှုတို့ကို ကျွန်ုပ်အလွန်အံ့သြမိသည်။ ထိုအဖြစ်အပျက်သည် ဆာလံ ၈၆:၈ ပါစကားများကို ပြန်အမှတ်ရစေသည်– ‘အိုယေဟောဝါ၊ ဘုရားသခင်တို့တွင် ကိုယ်တော်နှင့်တူသော ဘုရားသခင်မရှိပါ။ အမှုတော်နှင့်တူသော အမှုလည်းမရှိပါ။’

ယေဟောဝါဘုရားသခင်သည် မိမိ၏နှုတ်မြွက်တော် သမ္မာကျမ်းစာတွင် လူသားမိဘများအတွက် လမ်းညွှန်ချက်ပေးထားသည်၊ ယင်းသည် ချိုးငှက်များကို ကိုယ်တော်ပေးထားသည့် ပင်ကိုအသိစိတ်နည်းတူ ယုံကြည်စိတ်ချရသည်။ ဥပမာ၊ သမ္မာကျမ်းစာက မိခင်များအား “မိမိ၏သားသမီးတို့ကို ချစ်မြတ်နိုး” ရန်တိုက်တွန်းသည်။ (တိတု ၂:၄) ဖခင်များကို ဤသို့ဆိုသည်– ‘သားသမီးများကို စိတ်ဆိုးစေရန် မပြုကြနှင့်။ ယေဟောဝါဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့။’ (ဧဖက် ၆:၄; ၁ တိမောသေ ၅:၈) ထိုအရာများကိုလုပ်ဆောင်သည့် မိဘများသည် ဘုရားသခင့်အမြင်တွင် အမှန်အဖိုးထိုက်သည်မှာ သေချာပါသည်။