မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အပေါ် အနှစ် ၇၀ ကျော် သစ္စာတည်ကြည်ခဲ့

ဘုရားသခင်အပေါ် အနှစ် ၇၀ ကျော် သစ္စာတည်ကြည်ခဲ့

ဘုရားသခင်အပေါ် အနှစ် ၇၀ ကျော် သစ္စာတည်ကြည်ခဲ့

ဂျိုစဖင်း အီလိယက်စ် ပြောပြသည်

“မစိုးရိမ်နဲ့၊ သူတို့ ငါ့ကို သတ်သည်ဖြစ်စေ၊ လွှတ်ပေးသည်ဖြစ်စေ ငါ ယေဟောဝါအပေါ် ဆက်သစ္စာရှိမယ်” ဆိုပြီး ကျွန်မခင်ပွန်းက အကျဉ်းထောင်သံတိုင်တွေကြားကနေ ကျွန်မကို လေသံတိုးတိုးနဲ့ ပြောတယ်။ ကျွန်မလည်း ဆက်သစ္စာရှိမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီနေ့အထိ အဲဒီအတိုင်းပဲ။

ကျွန်မကို ၁၉၁၆ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျားဗားရဲ့ ကုန်းမြင့်ပေါ်က မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ ဆူကာဘူမိမှာ မွေးဖွားခဲ့တယ်။ ကျွန်မရဲ့မိဘတွေက အိမ်ကြီးအိမ်ကောင်းတစ်လုံးမှာ အစေခံတွေနဲ့နေတဲ့ ချမ်းသာတဲ့ တရုတ်လူမျိုးတွေ ဖြစ်တယ်။ ကျွန်မမှာ အစ်ကိုသုံးယောက်နဲ့ မောင်လေးနှစ်ယောက်ရှိတယ်။ ကျွန်မက တစ်ဦးတည်းသောသမီးဖြစ်ပြီး ယောက်ျားလေးဆန်တဲ့ မိန်းကလေးဖြစ်လာတယ်။ ကျွန်မက အိမ်ခေါင်မိုးပေါ်တက်ပြီး ဆော့ကစားရတာကို နှစ်သက်တယ်။ ဒါပေမဲ့ ကျွန်မ အရမ်းစိုးရိမ်တဲ့ ကိစ္စတစ်ခုရှိတယ်။

ကျွန်မ မီးငရဲထဲမှာ လောင်ကျွမ်းခံရမှာကို ကြောက်တယ်။ ကျွန်မရဲ့ဆရာမတွေက ဆိုးတဲ့မိန်းကလေးတွေဟာ ငရဲကျမယ်လို့ ပြောခဲ့တယ်။ ကျွန်မက ဆိုးတဲ့အတွက် ငရဲကျမှာပဲလို့ ထင်ခဲ့တယ်။ နောက်ပိုင်း ဂျာကာတာမြို့ (ယခင်က ဘတေးဗီးယားဟုခေါ်) မှာ အထက်တန်းကျောင်းတက်တော့ ကျွန်မ နေထိုင်မကောင်းဖြစ်ခဲ့တယ်။ ဆရာဝန်က ကျွန်မသေမယ်လို့ ထင်ခဲ့တယ်၊ ဒါနဲ့ ကျွန်မရဲ့အိမ်ပိုင်ရှင်က ကျွန်မ မကြာခင် ကောင်းကင်ဘုံရောက်တော့မယ်လို့ပြောပြီး ကျွန်မကို နှစ်သိမ့်တယ်။ ဒါပေမဲ့ ကျွန်မငရဲကျဖို့ ဘုရားသခင်ကြိုတင်သတ်မှတ်ပြီးသားဆိုပြီး ကျွန်မကြောက်ရွံ့ခဲ့တယ်။

ကျွန်မရဲ့အမေ ကန်နီရိုနဲ့ ကျွန်မရဲ့အစ်ကို ဒိုဒိုဟာ ကျွန်မကိုပြန်ခေါ်ဖို့ ဂျာကာတာမြို့ကို အပြေးအလွှားရောက်လာကြတယ်။ အိမ်အပြန်လမ်းမှာ ဒိုဒိုက “သမ္မာကျမ်းစာမှာ မီးငရဲအကြောင်း မသွန်သင်ဘူးဆိုတာ နင်သိလား” လို့ကျွန်မကို မေးတယ်။

“နင်ဘယ်လိုလုပ်သိတာလဲ” လို့ကျွန်မက မေးလိုက်တယ်။ လူသေတွေဟာ သတိမဲ့နေကြပြီး ရှင်ပြန်ထမြောက်ဖို့ စောင့်နေကြတယ်လို့ဖော်ပြထားတဲ့ ကျမ်းချက်တွေကို အမေက ကျမ်းစာထဲက ဖတ်ပြခဲ့တယ်။ (ဒေ. ၉:၅၊ ၁၀; ယောဟန် ၅:၂၈၊ ၂၉) သူတို့က “ငါတို့ ဒီအကြောင်းတွေကို ယေဟောဝါသက်သေတွေဆီကနေ လေ့လာခဲ့တာ” လို့ပြောပြကြတယ်။ သူတို့ပေးတဲ့ သေလွန်သူများ အဘယ်မှာရှိကြသနည်းဆိုတဲ့ စာအုပ်ငယ်လေးကို ကျွန်မ ချက်ချင်းပဲ ဖတ်လိုက်တယ်။ * အိမ်မရောက်ခင်မှာပဲ “ဒါဟာ အမှန်တရားပဲ” လို့ကျွန်မ အလေးအနက်ပြောလိုက်တယ်။

ကျွန်မ၏ယုံကြည်ခြင်းအကြောင်း အခြားသူများကို ပြောပြခြင်း

အဲဒီနောက်ပိုင်း ကျွန်မတို့မိသားစုဟာ အနောက်ဂျားဗားက မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဘန်ဒွန်မြို့ကို ပြောင်းရွှေ့ ခဲ့ကြတယ်။ အဲဒီမှာ ကျွန်မရဲ့ကျန်းမာရေးဟာ တဖြည်းဖြည်း ပြန်ကောင်းလာခဲ့တယ်။ ၁၉၃၇ ခုနှစ်၊ မတ်လမှာ ကျွန်မတို့ဆီကို ဂျာကာတာမှာ အမှုဆောင်နေတဲ့ ဩစတြေးလျလူမျိုး သက်သေခံတစ်ယောက်ဖြစ်တဲ့ ကလယ်မ်ဒေရှန်း လာလည်ပတ်ခဲ့တယ်။ သူလာလည်ပတ်နေတုန်း ကျွန်မရဲ့အမေ၊ ကျွန်မရဲ့အစ်ကိုတွေဖြစ်တဲ့ ဖီးလစ်ခ်၊ ဒိုဒို၊ ပဲန်နဲ့ ကျွန်မတို့ဟာ ဘုရားသခင်ထံ အပ်နှံခြင်းအထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံခဲ့ကြတယ်။ နောက်ပိုင်း ကျွန်မရဲ့မောင်လေးတွေဖြစ်တဲ့ ဟာတန်တို၊ ယူဆပ်နဲ့ ကျွန်မရဲ့အဖေ တန်ဂျင်ဟော့တို့လည်း သက်သေခံတွေ ဖြစ်လာကြတယ်။ *

ကျွန်မတို့ နှစ်ခြင်းခံပြီးနောက် ကိုးရက်ကြာတဲ့ အထူးဟောပြောခြင်းကင်ပိန်းမှာ ကလယ်မ်နဲ့အတူ ပါဝင်ခဲ့ကြတယ်။ ရိုးရှင်းတဲ့ သမ္မာကျမ်းစာသတင်းတရားကို ဘာသာစကားသုံးမျိုးနဲ့ ဖော်ပြထားတဲ့ သက်သေခံကတ်ပြားကိုသုံးပြီး ဘယ်လိုဟောပြောရမယ်ဆိုတာ ကျွန်မတို့ကို သူသင်ပေးတယ်။ ကျွန်မတို့ဟာ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကိုလည်း အလွတ်သဘော ဟောပြောခဲ့ကြတယ်။ မကြာခင်မှာပဲ ဘန်ဒွန်မှာရှိတဲ့ ကျွန်မတို့ရဲ့ အုပ်စုငယ်လေးဟာ အင်ဒိုနီးရှားရဲ့ ဒုတိယအသင်းတော်ဖြစ်လာတယ်။

အဲဒီနှစ်နှောင်းပိုင်းမှာ ကျွန်မတို့မိသားစုဟာ တရုတ်လူမျိုး ၈၀,၀၀၀ ကို ဟောပြောဖို့ ဂျာကာတာမြို့ကို ပြောင်းရွှေ့ ခဲ့ကြတယ်။ အမေ၊ ဖီးလစ်ခ်နဲ့ ကျွန်မဟာ ရှေ့ဆောင်တွေအဖြစ် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်ခဲ့ကြတယ်။ ကျွန်မဟာ ဘန်ဒွန်၊ စူရာဘိုင်ယာနဲ့ တခြားနေရာတွေမှာလည်း ဟောပြောခဲ့တယ်။ နေရာအတော်များများမှာတော့ ကျွန်မတစ်ယောက်တည်းပဲ ဟောပြောခဲ့တယ်။ ကျွန်မဟာ ငယ်ရွယ်၊ သန်မာပြီး ဘုရားသခင်အတွက် အမှုဆောင်ရတာ ပျော်တယ်။ ဒါပေမဲ့ စစ်မက်ဖြစ်ပွားမယ့် အရိပ်အယောင်တွေပေါ်လာပြီး မကြာခင်မှာ ကျွန်မရဲ့ယုံကြည်ခြင်း စမ်းသပ်ခံရတော့မယ်။

စစ်အတွင်း စမ်းသပ်ခံခဲ့ရ

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလမှာ အာရှဟာ ဝရုန်းသုန်းကားဖြစ်နေတဲ့ ဒုတိယကမ္ဘာစစ်ထဲ ရုတ်တရက်ဝင်ရောက်ခဲ့တယ်။ ဂျပန်ဘုရင့်တပ်မတော်ဟာ အင်ဒိုနီးရှားကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတယ်။ ကျွန်မတို့ရဲ့စာပေတွေကို ပိတ်ပင်ထားပြီး ထင်ထင်ပေါ်ပေါ် ဟောပြောလို့မရဘူး။ စိတ်ဝင်စားတဲ့သူတွေဆီကို ကျွန်မလည်ပတ်တဲ့အခါ စစ်တုရင်ခုံကို ယူသွားတယ်၊ အဲဒါမှ တခြားသူတွေက ကျွန်မ စစ်တုရင်ထိုးတာလို့ ထင်ကြမယ်လေ။

၁၉၄၃ ခုနှစ်မှာ ကျွန်မဟာ လူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်တဲ့အသံသြဇာရှိပြီး မကြောက်တတ်တဲ့ရှေ့ဆောင် အန်ဒရေနဲ့ လက်ထပ်ခဲ့တယ်။ ကျွန်မတို့နှစ်ယောက်ဟာ ဂျားဗားနယ်တစ်ခွင်မှာရှိတဲ့ သက်သေခံတွေဆီ ကျမ်းစာ,စာပေတွေ လျှို့ဝှက် ပေးပို့ခဲ့ကြတယ်။ အဖမ်းခံရရင်တော့ အပြင်းအထန်နှိပ်စက်ခြင်းနဲ့ သေဒဏ်ပဲ။ ကျွန်မတို့ အဖမ်းခံရတော့မယ့်ဆဲဆဲ အကြိမ်တွေ အများကြီးရှိခဲ့တယ်။

တစ်ခါတုန်းက ဆူကာဘူမိမှာ ရထားပေါ်တက်တော့ အန်ဒရေနဲ့ကျွန်မဟာ ကြောက်စရာကောင်းတဲ့ ဂျပန်စစ်ရဲ ကင်ပေတိုင်နဲ့ ပက်ပင်းတိုးခဲ့တယ်။ ကျွန်မအိတ်ရဲ့အောက်ခြေမှာ ပိတ်ပင်ထားတဲ့စာပေတွေ ထည့်ထားတယ်။ “အိတ်ထဲမှာ ဘာတွေလဲ” လို့ရဲက စစ်မေးလိုက်တယ်။

အန်ဒရေက “အဝတ်အစားတွေ” လို့ပြန်ဖြေလိုက်တယ်။

“အဝတ်အစားအောက်မှာ ဘာတွေလဲ” လို့သူကမေးတယ်။

“နောက်ထပ်အဝတ်အစားတွေ” လို့အန်ဒရေက ပြောတယ်။

“ဒါနဲ့ အိတ်အောက်ခြေမှာ ဘာတွေလဲ” လို့ ရဲက စစ်မေးတယ်။ ကျွန်မ အသက်အောင့်ထားပြီး ယေဟောဝါဆီ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ “ခင်ဗျားကိုယ်တိုင် စစ်ဆေးကြည့်တာ ပိုကောင်းတယ်” လို့အန်ဒရေက ဖြေလိုက်တယ်။

ရဲသားရဲ့လက်ထောက်က အိတ်ထဲကို လက်နှိုက်လိုက်တယ်။ ရုတ်တရက် သူ နာနာကျင်ကျင်အော်ပြီး သူ့လက်ကို အိတ်ထဲက ပြန်ထုတ်လိုက်တယ်။ သူ ပင်အပ်စူးတာ ခံလိုက်ရတယ်။ ရဲသားက ရှက်ရှက်နဲ့ အိတ်ကိုပိတ်ပြီး ရထားပေါ်တက်ဖို့ ကျွန်မတို့ကို မြန်မြန်အမိန့်ပေးလိုက်တယ်။

ဆူကာဘူမိကိုသွားတဲ့ နောက်ခရီးတစ်ခုမှာ ကျွန်မဟာ ယေဟောဝါသက်သေဆိုတာကို ကင်ပေတိုင်က သိသွားပြီး သူတို့ရဲ့ ဒေသန္တရရုံးချုပ်ကိုလာဖို့ ကျွန်မကို ဆင့်ခေါ်လိုက်တယ်။ ကျွန်မနဲ့အတူ အန်ဒရေနဲ့ ကျွန်မရဲ့အစ်ကို ဖီးလစ်ခ်တို့ လိုက်လာခဲ့တယ်။ အဲဒီမှာ အန်ဒရေက အရင်ဆုံး စစ်ဆေးမေးမြန်းခံရတယ်။ သူ့ကို ဖြေရခက်တဲ့မေးခွန်းတွေ တရစပ် မေးခဲ့တယ်။ “ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ။ မင်းက ဂျပန်အစိုးရကို ဆန့်ကျင်သလား။ မင်းက သူလျှိုလား။”

“ကျွန်တော်တို့က အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးကျွန်တွေဖြစ်ပြီး ဘာအပြစ်မှ မလုပ်ခဲ့ဘူး” လို့အန်ဒရေက ပြန်ဖြေခဲ့တယ်။ ဦးစီးအရာရှိက နံရံမှာချိတ်ထားတဲ့ ဆာမူရိုင်းဓားကို ဆွဲယူလိုက်ပြီး လေထဲမှာ ဝှေ့ယမ်းလိုက်တယ်။

“အခုနေ ငါမင်းကို သတ်လိုက်မယ်ဆိုရင်ကော” လို့ သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။ အန်ဒရေက သူ့ရဲ့ခေါင်းကို ရုံးစားပွဲပေါ် ငိုက်စိုက်ချလိုက်ပြီး တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ရယ်မောသံ ထွက်လာတယ်။ “မင်း သတ္တိရှိတယ်” လို့အရာရှိက ပြောလိုက်တယ်။ သူက အန်ဒရေကို ပြန်လွှတ်လိုက်ပြီး ဖီးလစ်ခ်နဲ့ကျွန်မကို အထဲခေါ်လိုက်တယ်။ ကျွန်မတို့ရဲ့ထွက်ဆိုချက်တွေက အန်ဒရေနဲ့ အတူတူဖြစ်နေလို့ အရာရှိက “မင်းတို့က သူလျှိုတွေမဟုတ်ဘူး။ ဒီကနေ ထွက်သွားကြ” လို့အကျယ်ကြီး အော်ပြောလိုက်တယ်။

ကျွန်မတို့သုံးယောက် ယေဟောဝါကို ပျော်ရွှင်စွာချီးမွမ်းပြီး အိမ်ကို လမ်းလျှောက် ပြန်လာခဲ့ကြတယ်။ အနာဂတ်မှာ ဒီထက်ကြီးမားတဲ့ စမ်းသပ်မှုတွေရှိနေတယ်ဆိုတာ ကျွန်မတို့ မသိခဲ့ကြဘူး။

နောက်ထပ် ယုံကြည်ခြင်းစမ်းသပ်မှုများ

လပေါင်းများစွာ ကြာပြီးတဲ့နောက် အန်ဒရေဟာ “ညီအစ်ကိုအတုအယောင်” တွေရဲ့ စွပ်စွဲမှုကိုခံရပြီး ကင်ပေတိုင်တွေ ထောင်ချတာကို ခံလိုက်ရတယ်။ (၂ ကောရိန္သု ၁၁:၂၆) ကျွန်မ သူရှိတဲ့ထောင်ကို သွားခဲ့တယ်။ သူဟာ ပိန်ချုံးပြီး အားနည်းနေတယ်။ သူဟာ အကျဉ်းခန်းထဲက ရေမြောင်းထဲမှာကျနေတဲ့ စားကြွင်းစားကျန်တွေကို ကောက်စားပြီး အသက်ဆက်ခဲ့ရတယ်။ ထောင်မှူးတွေဟာ သူ့ရဲ့သမာဓိကို မချိုးဖျက်နိုင်ခဲ့ဘူး။ အစပိုင်းမှာ ဖော်ပြခဲ့သလိုပဲ သူဟာ အကျဉ်းထောင်သံတိုင်တွေကြားကနေ လေသံတိုးတိုးနဲ့ ဒီလိုပြောတယ်– “မစိုးရိမ်နဲ့၊ သူတို့ ငါ့ကို သတ်သည်ဖြစ်စေ၊ လွှတ်ပေးသည်ဖြစ်စေ ငါ ယေဟောဝါအပေါ် ဆက်သစ္စာရှိမယ်။ သူတို့တွေ ငါ့ကို အသက်မဲ့တဲ့ခန္ဓာအနေနဲ့ ခေါ်ထုတ်သွားလို့ရပေမဲ့ သစ္စာဖောက်အဖြစ်နဲ့တော့ ခေါ်ထုတ်သွားလို့မရဘူး။”

ထောင်ထဲမှာ ခြောက်လနေပြီးတဲ့နောက် အန်ဒရေဟာ ဂျကာတာ တရားရုံးချုပ်ရှေ့မှောက်ကို ရောက်သွားခဲ့တယ်။ တရားရုံးခန်းမထဲမှာ ကျွန်မတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပြည့်နေတယ်။ အခြေအနေက တင်းမာနေခဲ့တယ်။

တရားသူကြီးက “မင်းဘာကြောင့် ဂျပန်စစ်တပ်ထဲ မဝင်တာလဲ” လို့မေးခဲ့တယ်။

“ကျွန်တော်က ဘုရားသခင့်နိုင်ငံတော်ရဲ့ စစ်သားတစ်ယောက်ပါ၊ စစ်သားတစ်ယောက်ဟာ စစ်တပ်နှစ်ခုမှာ တစ်ချိန်တည်း အမှုမထမ်းနိုင်ဘူး” လို့ အန်ဒရေက ပြန်ဖြေတယ်။

တရားသူကြီးက “တခြားသူတွေကို စစ်တပ်ထဲမဝင်ဖို့ မင်းပြောမလား” လို့မေးတယ်။

“မပြောပါဘူး၊ ဒါက သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာ” လို့အန်ဒရေက ပြန်ပြောတယ်။

အန်ဒရေဟာ သမ္မာကျမ်းစာကို အကျယ်တဝင့်ကိုးကားပြီး ပြန်ချေပခဲ့တယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ယောက်ဖြစ်တဲ့ တရားသူကြီးရဲ့စိတ်ကို ထိမိသွားတယ်။ “ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေက ကွဲလွဲနိုင်ပါတယ်၊ ဒါပေမဲ့ လူတစ်ယောက်ကို သူ့ရဲ့ကိုယ်ကိုကိုယ်သိစိတ်နဲ့ ဆန့်ကျင်တဲ့အရာကိုလုပ်ဖို့ ကျွန်တော် ဖိအားပေးမှာ မဟုတ်ဘူး။ မင်းသွားလို့ရပြီ” လို့တရားသူကြီးက ပြောခဲ့တယ်။

တရားရုံးခန်းမထဲကလူတွေ စိတ်သက်သာရာရသွားပြီး ကျွန်မလည်း ဝမ်းသာသွားတယ်။ အန်ဒရေ ကျွန်မဆီလျှောက်လာပြီး ကျွန်မရဲ့လက်ကို ဆုပ်ကိုင်ထားခဲ့တယ်။ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ ကျွန်မတို့အနား စုရုံးလာပြီး စိတ်လှုပ်ရှားစွာနဲ့ ဂုဏ်ပြုစကားပြောကြတယ်။

စစ်မှန်သောလွတ်လပ်မှုကို ဟောပြောခြင်း

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အင်ဒိုနီးရှားမှာ ဒတ်ခ်ျကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လေးနှစ်ကြာတော်လှန်ရေး ဖြစ်ပွားခဲ့တယ်။ လူတွေ ထောင်နဲ့ချီ အသတ်ခံရပြီး ရွာလုံးကျွတ် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရတယ်။ မျိုးချစ်သမားတွေက ကျွန်မတို့ကို “လွတ်လပ်ခြင်း” လို့အဓိပ္ပာယ်ရတဲ့ “မာဒါကာ” ဆိုတဲ့ စစ်ကြွေးကြော်သံကို ကြွေးကြော်ဖို့ ကျွန်မတို့ကို ဖိအားပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ ဒီလိုနိုင်ငံရေးကိစ္စတွေမှာ ကြားနေတယ်လို့ ပြောပြခဲ့ကြတယ်။

ကြမ်းတမ်းရမ်းကားမှုတွေကြားမှာ ကျွန်မတို့ဟာ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းကို ပြန်စခဲ့ကြတယ်။ ကျွန်မတို့ဟာ စစ်မဖြစ်ခင်ကတည်းက စုဆောင်းထားတဲ့ သက်သေခံကတ်ပြားဟောင်းတွေနဲ့ စာပေတွေကို အသုံးပြုခဲ့ကြတယ်။ ၁၉၄၈ ခုနှစ်၊ မေလမှာ ကြမ်းတမ်းရမ်းကားမှုတွေ လျော့နည်းသွားတဲ့အခါ အန်ဒရေနဲ့ ကျွန်မဟာ ရှေ့ဆောင်လုပ်ငန်းကို ပြန်စခဲ့ကြပြီး အင်ဒိုနီးရှားမှာ ရှေ့ဆောင်ဆိုလို့ ကျွန်မတို့ပဲရှိတယ်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြောက်ပိုင်းမှာရှိတဲ့ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းက ကျောင်းဆင်းတွေဖြစ်တဲ့ သက်သေခံ ၁၄ ယောက်ဟာ ဂျကာတာကိုရောက်လာတော့ ကျွန်မတို့ စိတ်လှုပ်ရှားစွာ ကြိုဆိုခဲ့ကြတယ်။ သူတို့ဆီကနေ ကျွန်မတို့ရရှိခဲ့တဲ့ လေ့ကျင့်မှုတွေက ထပ်ဆင့်တာဝန်တွေအတွက် အသင့်ဖြစ်စေခဲ့တယ်။

၁၉၅၂ ခုနှစ်၊ ဇွန်လမှာ အန်ဒရေနဲ့ ကျွန်မဟာ ဂျားဗားအလယ်ပိုင်း၊ ဆမာရာန်မြို့မှာ အထူးရှေ့ဆောင်တာဝန်ထမ်းဆောင်ဖို့ လက်ခံခဲ့တယ်။ နောက်တစ်နှစ်မှာ ကျွန်မတို့ကိုယ်တိုင် ၂၂ ကြိမ်မြောက် ဂိလဒ်ကျောင်းကို တက်ခဲ့ကြတယ်။ ကျောင်းဆင်းပြီးနောက် ကျွန်မတို့ အင်ဒိုနီးရှားကိုပြန်လာခဲ့ကြပြီး တီမောနိုင်ငံ၊ ကူပါန်မြို့မှာ တာဝန်ခန့်အပ်ခံရတယ်။ နောက်ပိုင်း စူလာဝေဆီတောင်ပိုင်းနဲ့ စူလာဝေဆီမြောက်ပိုင်းဒေသတွေမှာ တာဝန်ခန့်အပ်ခံရတယ်။ အဲဒီမှာ နောက်ထပ် ယုံကြည်ခြင်းစမ်းသပ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။

ထပ်မံပိတ်ပင်ခံရ

၁၉၆၅ ခုနှစ်မှာ ရုတ်တရက်အာဏာသိမ်းပွဲကြောင့် လူတွေ သောင်းနဲ့ချီပြီး သေဆုံးခဲ့ရတယ်။ အဲဒီပဋိပက္ခမှာ ခရစ်ယာန်ဓမ္မဆရာတချို့ပါဝင်ခဲ့ပြီး ယေဟောဝါသက်သေတွေဟာ ကွန်မြူနစ်တွေဖြစ်တယ်လို့ စွပ်စွဲခဲ့ကြတယ်။ အာဏာပိုင်တွေက သူတို့ပြောတာတွေကို နားမယောင်ခဲ့ပါဘူး။ ဒါပေမဲ့ ခရစ်ယာန်ဓမ္မဆရာတွေဟာ သက်သေခံတွေအပေါ် အသရေဖျက်တိုက်ခိုက်မှုတွေကို မစွန့်ခဲ့ကြဘူး။ နောက်ဆုံး ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်လိုက်တယ်။

ပိတ်ပင်မှုကို ကြေညာပြီးတဲ့နောက် မနာဒိုမြို့ရဲ့ ခရိုင်ရှေ့နေက အန်ဒရေကို သူ့ရုံးခန်းကို ဆင့်ခေါ်လိုက်တယ်။ “ယေဟောဝါသက်သေတွေကို ပိတ်ပင်ထားတယ်ဆိုတာ ခင်ဗျားသိသလား” လို့သူက မေးတယ်။

“သိပါတယ်” လို့အန်ဒရေက ပြန်ဖြေတယ်။

“အခု ခင်ဗျားရဲ့ဘာသာကို ပြောင်းဖို့ အသင့်ပြင်ပြီးပြီလား” လို့အရာရှိကမေးတယ်။

အန်ဒရေက ရှေ့ကိုညွတ်ပြီး အမူအရာပိုပိုနဲ့ သူ့ရင်ဘတ်ကို ထုလိုက်တယ်။ “ကျွန်တော့်နှလုံးသားကို ကျွန်တော့်ကိုယ်ထဲကနေ ခင်ဗျားခွဲထုတ်လို့ရတယ်၊ ဒါပေမဲ့ ကျွန်တော့်ဘာသာတရားကိုတော့ ခင်ဗျား ဘယ်တော့မှ ပြောင်းလဲလို့ရမှာမဟုတ်ဘူး” လို့အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

ရှေ့နေက ကြက်သေသေသွားပြီး “မှတ်ချက်မှာ ကျွန်တော် ဘာရေးရမလဲ” လို့မေးခဲ့တယ်။

“ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက် ဖြစ်နေသေးတယ်၊ ပြီးတော့ ဘာအပြစ်မှ မကျူးလွန်ဘူးလို့ ရေးပါ” လို့အန်ဒရေကပြောခဲ့တယ်။

“မင်းရဲ့စာပေတွေကို ငါသိမ်းသွားရလိမ့်မယ်” လို့ရှေ့နေက ပြောတယ်။

အဲဒီညမှာ သက်သေခံလူငယ်တွေဟာ ကျွန်မတို့အိမ်မှာရှိတဲ့ စာပေတွေကို သယ်သွားကြပြီး ပုံးအလွတ်တွေပဲ ကျန်ခဲ့တယ်။ ကျွန်မတို့ ကျမ်းစာသုံးပြီး ဆက်ဟောခဲ့ကြတယ်။ ခရိုင်ရှေ့နေကတော့ ကျွန်မတို့ကို နောက်ထပ်အနှောင့်အယှက် မပေးတော့ဘူး။

ကောင်းမြတ်သောအသက်တာ

နောက်ပိုင်း အန်ဒရေနဲ့ကျွန်မဟာ ဂျားဗားကျွန်းပေါ်က စူရာဘိုင်ယာမြို့နဲ့ စူမားတြားအရှေ့တောင်ပိုင်းအနားက ဘန်ကာကျွန်းမှာ ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၈၂ ခုနှစ်မှာ ကျွန်မတို့ဟာ ကျန်းမာရေးချို့တဲ့လာလို့ ဂျကာတာမြို့ကို မဖြစ်မနေ ပြန်လာခဲ့ရတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ထက်သန်တဲ့ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ အန်ဒရေဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်။ သူကွယ်လွန်ပြီးနောက်တစ်နှစ်မှာပဲ ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တယ်။

အလွန်ကောင်းမြတ်တဲ့ အသက်တာတစ်ခုကို ကျွန်မရရှိခဲ့တယ်။ အခု ကျွန်မအသက် ၉၃ နှစ်ရှိပါပြီ၊ ရှေ့ဆောင်ဓမ္မအမှုလုပ်ငန်းမှာ အနှစ် ၇၀ ကျော်ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်မနှစ်ခြင်းခံခဲ့တဲ့ ၁၉၃၇ ခုနှစ်တုန်းက အင်ဒိုနီးရှားမှာ ယေဟောဝါသက်သေ ၂၅ ယောက်ပဲရှိခဲ့တယ်။ အခုဆိုရင် ၂၂,၀၀၀ နီးပါးရှိနေပြီ။ ဒီတိုးတက်မှုမှာ ကျွန်မပါဝင်ခဲ့ရလို့ အရမ်းပျော်ရွှင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ဘဝခရီးက အခုမှစတာပါ။ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ အမြဲတမ်း သစ္စာရှိရှိ ထမ်းဆောင်ချင်ပါတယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 7 ယေဟောဝါသက်သေများ ထုတ်ဝေခဲ့သော်လည်း ယခုပုံမနှိပ်တော့ပါ။

^ အပိုဒ်၊ 9 မိသားစုတစ်စုလုံးသည် ယေဟောဝါအပေါ် သစ္စာတည်ကြည်ခဲ့ကြသည်။ ဂျိုစဖင်းနှင့် ယူဆပ်တို့သာ သက်ရှိထင်ရှားကျန်ရစ်သူ မိသားစုဝင်များဖြစ်ပြီး ဂျာကာတာတွင် ယေဟောဝါအား ထက်သန်စွာ အမှုဆောင်နေဆဲဖြစ်သည်။

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

“ကျွန်တော်က ဘုရားသခင့်နိုင်ငံတော်ရဲ့ စစ်သားတစ်ယောက်ပါ၊ စစ်သားတစ်ယောက်ဟာ စစ်တပ်နှစ်ခုမှာ တစ်ချိန်တည်း အမှုမထမ်းနိုင်ဘူး”

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

“ကျွန်တော့်နှလုံးသားကို ကျွန်တော့်ကိုယ်ထဲကနေ ခင်ဗျားခွဲထုတ်လို့ရတယ်၊ ဒါပေမဲ့ ကျွန်တော့်ဘာသာတရားကိုတော့ ခင်ဗျား ဘယ်တော့မှ ပြောင်းလဲလို့ရမှာမဟုတ်ဘူး”

[စာမျက်နှာ ၁၅ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကျွန်မတို့နေထိုင်ခဲ့ပြီး ဟောပြောခဲ့သော နေရာများ

အင်ဒိုနီးရှား

စူလာဝေစီ

မနာဒို

စူမားတြား

ဘန်ကာ

ဂျားဗား

ဂျကာတာ

ဆူကာဘူမိ

ဘန်ဒွန်

ဆမာရာ

စူရာဘိုင်ယာ

တီမော

ကူပန်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၇၀ ပြည့်လွန်နှစ်များတွင် အန်ဒရေနှင့်အတူ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံများ]

ကျွန်မအသက် ၁၅ နှစ်ရှိစဉ်က “သေလွန်သူများ အဘယ်မှာရှိကြသနည်း” ဟူသောစာအုပ်ငယ်ကြောင့် သမ္မာကျမ်းစာကို ယုံကြည်ခဲ့