မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့ရဲ့ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲ

ငါ့ရဲ့ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲ

လူငယ်များအမေး

ငါ့ရဲ့ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲ

သင်သည် အကြိမ်မည်မျှ ဒေါသထွက်လေ့ရှိသနည်း

□ ဘယ်သောအခါမျှ

□ လတိုင်း

□ ပတ်တိုင်း

□ နေ့တိုင်း

မည်သူသည် သင့်ကို ဒေါသအထွက်စေဆုံးနည်း

□ မည်သူမျှ

□ ကျောင်းနေဖက်များ

□ မိဘ

□ မွေးချင်းများ

□ အခြား

သင့်ဒေါသကိုလာဆွလေ့ရှိသော အခြေအနေတစ်ခုကို အောက်တွင် ဖော်ပြပါ။

□ ․․․․․

သင်သည် “ဘယ်သောအခါမျှ၊” “မည်သူမျှ” ဟူသည့်ဘေးတွင် ✔ ခြစ်ပြီး နောက်ဆုံးအကွက်ကို ချန်ထားခဲ့ပါက သင့်ဒေါသကို သင်ထိန်းချုပ်နိုင်သည့်အတွက် ချီးကျူးပါသည်။

သို့သော် လူတိုင်းသည် အမျက်နှိုးဆွခံရသောအခြေအနေများကို တစ်မျိုးစီ တုံ့ပြန်ကြပြီး ချို့တဲ့အားနည်းချက် တစ်ခုမဟုတ်တစ်ခု ရှိကြသည်။ ကျမ်းရေးသူ ယာကုပ်က ဤသို့ဆိုခဲ့သည်– “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။” (ယာကုပ် ၃:၂) အမှန်မှာ၊ သင်ဒေါသထွက်လာသည့်အခါ အသက် ၁၇ နှစ်အရွယ် ဆရီးနာ ခံစားရသကဲ့သို့ ခံစားရပေမည်။ * “ကျွန်မဒေါသထွက်လာပြီဆိုရင် ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့သူ ဘယ်သူ့ကိုမဆို ပေါက်ကွဲပစ်လိုက်တယ်။ ကျွန်မရဲ့မိဘ၊ ကျွန်မရဲ့ညီမ ဒါမှမဟုတ် ကျွန်မရဲ့ခွေးကိုတောင် ချမ်းသာမပေးဘူး” ဟု သူပြောသည်။

အဖြစ်မှန်နှင့် ခံယူချက်အမှားများကို ခွဲခြားခြင်း

သင့်ဒေါသကို ထိန်းချုပ်ဖို့ အခက်တွေ့နေပါသလော။ ထိုသို့ဖြစ်ပါက အကူအညီရရှိနိုင်ပါသည်။ သို့သော်၊ ဦးစွာ ခံယူချက်အမှားတချို့ကို ဖယ်ရှားလိုက်ကြစို့။

ခံယူချက်အမှား– “ကျွန်တော့်မိသားစုဝင်အတော်များများက ဒေါသထွက်လွယ်တော့ ကျွန်တော်လည်း ကိုယ့်ဒေါသကို ထိန်းချုပ်လို့မရဘူး။”

အဖြစ်မှန်– မိသားစု၊ ပတ်ဝန်းကျင် သို့မဟုတ် အခြားအကြောင်းရင်းများ၏ ဩဇာလွှမ်းမိုးမှုကြောင့် သင် “အမျက်ထွက်လွယ်” ခြင်းဖြစ်ပေမည်။ သို့သော် ထိုဒေါသဖြင့် သင်လုပ်ဆောင်သည့်အရာသည် သင့်ထိန်းချုပ်မှုအတွင်းတွင်ရှိသည်။ (သု. ၂၉:၂၂သမ္မာ) မေးစရာမေးခွန်းမှာ၊ သင့်စိတ်လှုပ်ရှားမှုများနှင့်ပတ်သက်၍ အဘယ်အရာကို သင်အထမြောက်စေလိုသနည်း။ ယင်းတို့ကို သင်ထိန်းချုပ်လိုသလော သို့မဟုတ် ယင်းတို့၏ထိန်းချုပ်မှုကို သင်ခံလိုသလော။ အခြားသူများသည် သူတို့၏ဒေါသကို ထိန်းချုပ်ရန်သင်ယူခဲ့ကြပြီး သင်လည်း သင်ယူနိုင်ပါသည်။—ကောလောသဲ ၃:၈-၁၀

အဓိကကျမ်းချက်– “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။”—ဧဖက် ၄:၃၁

ခံယူချက်အမှား– “ကျွန်တော် ဒေါသထွက်လာပြီဆိုရင် အဲဒါကို မျိုသိပ်ထားတာထက် ဝုန်းဒိုင်းကြဲပစ်လိုက်တာက ပိုကောင်းတယ်။”

အဖြစ်မှန်– ထိုနည်းလမ်းနှစ်ခုစလုံးသည် သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ သင်၏စိုးရိမ်ပူပန်မှုကို “ပြော” ပြရသည့်အချိန်ရှိသည်မှာ အမှန်ပင်။ (ယောဘ ၁၀:၁) သို့သော် သင်သည် ထပေါက်တော့မည့်ဗုံးအလား ဖြစ်နေသင့်သည်ဟု ယင်းကမဆိုလိုချေ။ သင်သည် ပြင်းထန်သည့်စိတ်လှုပ်ရှားမှုများကို ဒေါသမထွက်ဘဲ ဖော်ပြတတ်ရန် သင်ယူနိုင်ပါသည်။

အဓိကကျမ်းချက်– “သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့်ဆက်ဆံရာတွင် သိမ်မွေ့သောသူ၊ . . . အဆိုးကို သည်းခံနိုင်သောသူ ဖြစ်ရမည်။”—၂ တိမောသေ ၂:၂၄

ခံယူချက်အမှား– “‘လူအားလုံးနဲ့ဆက်ဆံရာမှာ သိမ်မွေ့’ နေမယ်ဆိုရင် ငါ့ကို ဘယ်သူမှ လေးစားတော့မှာမဟုတ်ဘူး။”

အဖြစ်မှန်– ချုပ်တည်းမှုကို ပြသရန် ခွန်အား များစွာစိုက်ထုတ်ရသည်ကို လူတို့နားလည်နိုင်ကြပြီး ယင်းကို သင်လုပ်ဆောင်ပါက သင့်ကို ပို၍လေးစားလာပါလိမ့်မည်။

အဓိကကျမ်းချက်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။”—ရောမ ၁၂:၁၈

သင့်ဒေါသကို ထိန်းချုပ်ခြင်း

သင်သည် စိတ်ဆတ်သူဖြစ်ပါက သင့်ဒေါသကို မထိန်းချုပ်နိုင်သည့်အတွက် အခြားသူတို့ကို ယခုအချိန်အထိ အပြစ်ဖို့ပေမည်။ ဥပမာ၊ “သူ ကျွန်မကို လာဆွတယ်” သို့မဟုတ် “သူ ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်တယ်” ဟု သင်ပြောခဲ့ဖူးပေမည်။ ထိုသို့ပြောခဲ့ဖူးသည်ဆိုလျှင် သင့်စိတ်လှုပ်ရှားမှုများကို အခြားသူများက ထိန်းချုပ်နေကြောင်း သင့်စကားများက ဖော်ပြသည်။ သင့်ကိုယ်သင် မည်သို့ပြန်လည်ထိန်းချုပ်နိုင်သနည်း။ အောက်ပါတို့ကို ကြိုးစားကြည့်ပါ။

တာဝန်သိတတ်ပါ။ ဦးစွာ သင့်ကို ဒေါသထွက်အောင် “လုပ်” နိုင်သူမှာ သင်—သင်တစ်ဦးတည်းသာ—ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် သင် ဒေါသမထိန်းချုပ်နိုင်ခြင်းအတွက် အခြားသူများကို အပြစ်မဖို့ပါနှင့်။ “သူ ကျွန်မကို လာဆွတယ်” ဟုပြောမည့်အစား “အဆွခံဖို့ ကျွန်မ ခွင့်ပြုမိလိုက်တယ်” ဟုသင့်ကိုယ်သင် ဝန်ခံပါ။ “သူ ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်တယ်” ဟုပြောမည့်အစား ‘လွန်လွန်ကဲကဲတုံ့ ပြန်ဖို့ ကျွန်တော် ရွေးချယ်ခဲ့မိတယ်’ ဟု သင့်ကိုယ်သင် အသိအမှတ်ပြုပါ။ မိမိ၏လုပ်ရပ်များအတွက် မိမိတွင်တာဝန်ရှိကြောင်း သင်လက်ခံသည်နှင့် ယင်းတို့ကို သင် ကောင်းစွာထိန်းချုပ်နိုင်ပါလိမ့်မည်။—ဂလာတိ ၆:၅

ပြဿနာကို ကြိုတင်မှန်းဆပါ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သု. ၂၂:၃) ထို့ကြောင့် အဓိကအချက်မှာ ပြဿနာကို ကြိုတင်မှန်းဆရန်ဖြစ်သည်။ ‘ဘယ်အချိန်မှာ ငါ ဒေါသအထွက်ဆုံးလဲ’ ဟု သင့်ကိုယ်သင်မေးပါ။ ဥပမာ၊ မာဂန်အမည်ရှိ မိန်းကလေးတစ်ဦးက ဤသို့ပြောသည်– “ကျွန်မက ညပိုင်းမှာ အလုပ်လုပ်ပါတယ်၊ အလုပ်ပြီးသွားတဲ့အခါ အရမ်းကိုပင်ပန်းနေပြီ။ အဲလိုအချိန်ဆိုရင် အရာအားလုံးနီးပါးက ကျွန်မကို ဒေါသထွက်စေနိုင်တယ်။”

မေးခွန်း– အဘယ်အခြေအနေများက သင့်ကို ဒေါသထွက်စေပုံရသနည်း။

․․․․․

ကောင်းစွာတုံ့ပြန်ရန် စီစဉ်ပါ။ ဒေါသအဆွခံရသောအခါ အသက်ပြင်းပြင်းရှူပြီး အသံကိုနိမ့်လိုက်ကာ စကားဖြည်းဖြည်းပြောပါ။ စွပ်စွဲမည့်အစား (“မင်းဟာ သူခိုးပဲ။ ငါ့ကိုမမေးဘဲနဲ့ ငါ့ဆွယ်တာအင်္ကျီကို ယူသွားတယ်။”) ယင်းလုပ်ရပ်က သင့်ကိုမည်သို့ထိခိုက်ကြောင်း ကြိုးစားဖော်ပြပါ။ (“ငါ ဆွယ်တာဝတ်ချင်တဲ့အခါ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်၊ ငါ့ကိုမမေးဘဲနဲ့ ဆွယ်တာကို မင်းယူသွားတယ်ဆိုတာ သိလိုက်ရတယ်။”)

လေ့ကျင့်ခန်း– သင့်ဒေါသကို မထိန်းချုပ်နိုင်ခဲ့သည့် မကြာသေးမီက အခြေအနေတစ်ခုကို စဉ်းစားပါ။

၁။ အဘယ်အရာက သင့်ကို ဆွခဲ့သနည်း။

․․․․․

၂။ သင်မည်သို့တုံ့ပြန်ခဲ့သနည်း။ (သင် အဘယ်အရာပြောခဲ့သနည်း နှင့်/သို့မဟုတ် ဘာလုပ်ခဲ့သနည်း။)

․․․․․

၃။ မည်သို့တုံ့ပြန်ခဲ့လျှင် ပို၍ကောင်းမည်နည်း။

․․․․․

အကျိုးဆက်များကို သုံးသပ်ပါ။ ယင်းသို့လုပ်ဆောင်ရန် များစွာသော ကျမ်းစာမူများက သင့်ကိုကူညီနိုင်ပါသည်။ ဥပမာ–

နယပုံပြင် ၁၂:၁၈– “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏။” စကားလုံးများသည် နာကျင်စေနိုင်ပြီး သင်သည် ဒေါသကိုမထိန်းနိုင်သောအခါ နောက်ပိုင်း သင်နောင်တရမည့်အရာတစ်ခုခု ပြောရန် သေချာသလောက်နီးပါးရှိသည်။

နယပုံပြင် ၂၉:၁၁– “မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။” အဆုံးတွင် တဖျစ်တောက်တောက်ပြောခြင်းသည် သင့်ကို ရူးမိုက်သူသာ ဖြစ်စေပါသည်။

နယပုံပြင် ၁၄:၃၀– ‘ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်းဖြစ်၏။’ ဒေါသကြီးခြင်းသည် သင့်ကျန်းမာရေးကို ထိခိုက်စေသည်။ အနီးထာ ဆိုသည့်မိန်းကလေးတစ်ဦးက ဤသို့ပြောသည်– “ကျွန်မရဲ့မိသားစုဝင်တွေမှာ သွေးတိုးရောဂါရှိကြတယ်၊ ကျွန်မကလည်း စိတ်ဖိစီးလွယ်လို့ ဒေါသမထွက်ခင် သေသေချာချာစဉ်းစားတယ်။”

သင်ခန်းစာမှာအဘယ်နည်း။ သင့်စကားနှင့် လုပ်ရပ်များ၏ အကျိုးဆက်များကို စဉ်းစားပါ။ အသက် ၁၈ နှစ်အရွယ် ဟယ်သာက ဤသို့ပြောသည်– “ ‘ဒီပုဂ္ဂိုလ်ကြောင့် ငါဒေါသထွက်ရင် ဘာဖြစ်သွားမလဲ။ သူ ငါ့ကို ဘယ်လိုထင်သွားမလဲ။ ငါတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုထိခိုက်စေမလဲ။ တစ်ယောက်ယောက်က ငါ့ကို အဲဒီပုံစံအတိုင်း ပြုမူဆက်ဆံခဲ့မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုမေးတယ်။” ဒေါသတကြီးဖြင့် စကားမပြောမီ သို့မဟုတ် အင်တာနက်မှတစ်ဆင့်၊ ဖုန်းမှတစ်ဆင့် စာမပို့မီ၊ သို့မဟုတ် အီးမေးလ်မပို့မီ အလားတူမေးခွန်းများ သင့်ကိုယ်သင် မေးနိုင်ပါသည်။

မေးခွန်း– တစ်ဦးတစ်ယောက်က သင့်ကို ဝမ်းနည်းအောင်လုပ်သည့်အတွက် သူ့ထံ ဒေါသတကြီး စာပို့ခြင်းဖြင့် တုံ့ပြန်လိုက်ပါက အဘယ်ရလဒ်ထွက်ပေါ်လာနိုင်သနည်း။

․․․․․

အကူအညီရယူပါ။ “သံကိုသံချင်းထက်စေသကဲ့သို့ လူသည် လူချင်းကိုထက်စေတတ်၏” ဟု နယပုံပြင် ၂၇:၁၇ (သမ္မာ) ကဆိုသည်။ စိတ်ကို မည်သို့ တည်ငြိမ်စွာထားနိုင်ကြောင်း မိဘတစ်ဦး သို့မဟုတ် ရင့်ကျက်သည့်မိတ်ဆွေတစ်ဦးကို မေးပါလေ။

သင့်တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးပါ။ နေ့စဉ်မှတ်တမ်းတစ်ခုထားပြီး သင့်တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးပါ။ သင် မချုပ်တည်းနိုင်သည့်အခါတိုင်း (၁) အဘယ်အရာဖြစ်ပျက်ခဲ့သည်၊ (၂) မည်သို့တုံ့ပြန်ခဲ့သည်နှင့် (၃) မည်သို့ ကောင်းစွာတုံ့ ပြန်နိုင်ပုံတို့ကို ချရေးပါ။ အချိန်တန်သည့်အခါ ကောင်းစွာတုံ့ပြန်နိုင်ပုံက နံပါတ်တစ် ဖြစ်လာကြောင်း သင်တွေ့ရှိပါလိမ့်မည်။

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ဤဆောင်းပါးတွင် နာမည်အချို့ကို ပြောင်းထားသည်။

ချင့်တွေးစရာ

တစ်ခါတစ်ရံ ဒေါသထွက်မည်မဟုတ်ဟု ကျွန်ုပ်တို့တွေးထင်ထားသူများပင် အခိုက်အတန့်မျှ ဒေါသထွက်တတ်ကြသည်။ အောက်ပါပုံနမူနာများမှ အဘယ်သင်ခန်းစာများ သင်ယူနိုင်သနည်း။

▪ မောရှေ။—တောလည်ရာ ၂၀:၁-၁၂; ဆာလံ ၁၀၆:၃၂၊ ၃၃

▪ ပေါလုနှင့် ဗာနဗ။—တမန်တော် ၁၅:၃၆-၄၀

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ရွယ်တူချင်းများပြောဆိုရာ

“ကျွန်မရဲ့ခံစားချက်တွေကို ဒိုင်ယာရီထဲမှာ ရေးချလိုက်တာ ဒါမှမဟုတ် အမေ့ကို ပြောပြလိုက်တာက ကျွန်မကို စိတ်တည်ငြိမ်မှုရှိစေတယ်။”—အလက်ခ်စစ်၊ အမေရိကန်။

“ကျွန်မ အရမ်းစိတ်ဖိစီးနေတယ်ဆိုရင် စိတ်ကိုဖြေလျှော့ဖို့ အပြင်ထွက်ပြီး ခပ်သွက်သွက်လမ်းလျှောက်လိုက်တဲ့အခါ ခေါင်းရှင်းသွားတယ်။”—အဲလစ်ဇဘက်၊ အိုင်ယာလန်။

“ဖြစ်နေတဲ့အခြေအနေကို အာရုံမစိုက် တော့ဘဲ ဒီလိုမေးတယ်– ‘ငါ စပြီးအော်လိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ။’ အဲလိုလုပ်တာဟာ အကူအညီမဖြစ်စေဘူးဆိုတာ အမြဲပဲ နားလည်ခဲ့ရတယ်။”—ဂရေမီ၊ ဩစတြေးလျ။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

သင်သိပါသလော

တစ်ခါတစ်ရံ ဘုရားသခင်သည်လည်း ဒေါသထွက်တော်မူ၏။ သို့တိုင်၊ ကိုယ်တော်၏စိတ်ခံစားမှုများသည် တော်တည့်မှန်ကန်ပြီး ကိုယ်တော့်ထိန်းချုပ်မှုအောက်တွင် လုံးလုံးရှိသည်။ ကိုယ်တော်သည် ဘယ်သောအခါမျှ လွန်လွန်ကဲကဲ တုံ့ပြန်ခြင်းမရှိချေ။—ထွက်မြောက်ရာ ၃၄:၆; တရားဟောရာ ၃၂:၄ နှင့် ဟေရှာယ ၄၈:၉ တို့ကိုကြည့်ပါ။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သင့်ဒေါသ အဆူဆုံးအဆင့်သို့ရောက်မရောက်ကို သတ်မှတ်သူမှာ သင်သာလျှင်ဖြစ်