မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလုပ်နှင့်ပတ်သက်၍ မျှတသောအမြင်ကို မွေးမြူပါ

အလုပ်နှင့်ပတ်သက်၍ မျှတသောအမြင်ကို မွေးမြူပါ

အလုပ်နှင့်ပတ်သက်၍ မျှတသောအမြင်ကို မွေးမြူပါ

အကြီးအကျယ်စီးပွားရေးကပ်ဆိုက်သည့်ဤအချိန်တွင် အဓိကစိုးရိမ်စရာမှာ မိသားစုလိုအပ်ရာများကိုကာမိစေဖို့ လုံလောက်သောဝင်ငွေရရှိမည့် ပုံမှန်အလုပ်တစ်ခုရရှိခြင်းဖြစ်သည်။ ယင်းသည် အမြဲမလွယ်ကူပါ၊ အထူးသဖြင့် ထောင်နှင့်ချီသောအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေချိန်တွင်ဖြစ်၏။ သင်သည် ရုတ်တရက်အလုပ်လက်မဲ့ဖြစ်သွားသူတစ်ဦး ဖြစ်နေပါက စိန်ခေါ်ချက်မှာ နောက်ထပ်အလုပ်တစ်ခုရှာတွေ့ဖို့ အားတက်သရောလုပ်ဆောင်ရန်ဖြစ်သည်။—စာမျက်နှာ ၈ နှင့် ၉ ရှိလေးထောင့်ကွက်များကိုကြည့်ပါ။

သို့တိုင် ဘ၀တွင် အလုပ်ကြိုးစားလုပ်ခြင်းထက်မက ပါဝင်သည်။ ဩစတြေးလျမှ မိသားစုဦးစီးဖြစ်သူဂလဲန်း ဤသို့ပြောသည်– “သေအံ့ဆဲဆဲဖြစ်နေသူက ‘အလုပ်မှာ ငါအချိန်ပိုပေးချင်တယ်’ လို့ပြောမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့လက်ခံရမှာပဲ။” ကျေနပ်ရောင့်ရဲပြီး အဓိပ္ပာယ်ရှိသောဘဝဖြင့်အသက်ရှင်ခြင်းတွင် လောကီလုပ်ငန်းကိုအချိန်ပေးခြင်းပါဝင်သည်မှာ ထင်ရှား၏။ သို့သော် အခြားအရာများဖြစ်သော မိသားစု၊ အပန်းဖြေမှုနှင့် ဝတ်ပြုရေးတို့အတွက်ကော။ ဘဝ၏အရေးကြီးသောဤကဏ္ဍများကို ဟန်ချက်ညီညီ သင်မည်သို့ဂရုပြုနိုင်သနည်း။

အလုပ်အတွက်အချိန်၊ မိမိအတွက်အချိန်

ကျွန်ုပ်တို့၏မိသားစုကိုထောက်ပံ့ရန် အလုပ်ကြိုးစားဖို့ သမ္မာကျမ်းစာက အားပေးသည်။ (ဧဖက် ၄:၂၈) သို့သော် ကျမ်းစာကပင် ‘စားသောက်ခြင်းနှင့်မိမိကြိုးစားအားထုတ်သောအမှု၌ပျော်မွေ့ခြင်း’ ရှိဖို့ကိုလည်းအားပေးထားသည်။ (ဒေ. ၃:၁၃) မှန်ပါသည်၊ ကောင်းစွာအနားယူခြင်း သို့မဟုတ် အပန်းဖြေခြင်းမရှိဘဲ နာရီများစွာအလုပ်လုပ်ခြင်းသည် ဘဝ၏ရွှင်လန်းမှုများစွာကို ဆုံးရှုံးစေနိုင်၏။ ဆိုးရွားသည့်ကျန်းမာရေးပြဿနာများကိုလည်း ရရှိခံစားစေနိုင်သည်။

အဝလွန်ခြင်း၊ အရက်စွဲခြင်း၊ နှလုံးရောဂါ၊ လုပ်ငန်းခွင်မတော်တဆဖြစ်ခြင်း၊ မူးယစ်ဆေးဝါးမှီဝဲခြင်း၊ စိုးရိမ်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ စိတ်ကျဝေဒနာ၊ ဖိစီးမှုနှင့်ဆက်နွှယ်သည့် အခြားရောဂါများစွာတို့သည် ရက်ရှည်လများ အလုပ်ပိခြင်းနှင့် ဆက်စပ်နေသည်။ အလုပ်ပိခြင်းက သေလည်းသေစေနိုင်၏။ မှတ်တမ်းတစ်ခုအရ ဂျပန်နိုင်ငံတွင် အလုပ်ပိခြင်းကြောင့် နှစ်စဉ် လူပေါင်း ၁၀,၀၀၀ ခန့်သေဆုံးပြီး ထိုနိုင်ငံတွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် နှစ်စဉ်သေဆုံးမှုလောက်ရှိသည်။ ယင်းဖြစ်ရပ်ကို ကားရိုရှီ ဟုအမည်ပေးထားပြီး “အလုပ်ပိ၍သေဆုံးခြင်း” ဟုခေါ်ကာ ဂျပန်နိုင်ငံအပြင် အခြားနိုင်ငံများတွင်လည်း ဖြစ်နေသည်။

သမ္မာကျမ်းစာက ပညာရှိစွာဤသို့အကြံပြုထားသည်ကို သတိပြုပါ– “ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက်၌ ပြည့်သောဥစ္စာထက် သာ၍ကောင်း၏။” (ဒေ. ၄:၆) မှန်ပါသည်၊ ဟန်ချက်ညီရန် အရေးကြီး၏။ သင့်အလုပ်က သင့်ကို လုံးပါးမပါးစေပါနှင့်။ အနားယူဖို့အချိန်ပေးပြီး သင့်လုပ်ဆောင်မှု၏အကျိုးကျေးဇူးများကို ပျော်မွေ့ခြင်းဖြင့် သင့်စိတ်ပိုင်း၊ ကာယပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာကျန်းမာရေးကို ကာကွယ်ပါ။

“ကျွန်တော်တို့ဟာ အသက်ရှင်ဖို့အလုပ်လုပ်သင့်ပြီး အလုပ်လုပ်ဖို့အသက်မရှင်သင့်ဘူး” ဟုကလေးသုံးယောက်ရှိ အိမ်ထောင်သည်အမျိုးသားတစ်ဦးဖြစ်သည့် အဲန်ဒရူးက ဆိုသည်။ အလုပ်ကို အနားယူခြင်း၊ အပန်းဖြေခြင်းတို့နှင့် ဟန်ချက်ညီစေခြင်းက သင့်မိသားစုလိုအပ်ရာများကို ဂရုစိုက်ရန်လည်း အထောက်အကူပြုလိမ့်မည်။ သို့သော် အထူးသဖြင့် ကုန်ကျစရိတ်များ ပေးချေရန်ရှိသည့်အခါတွင် ယင်းသည် မလွယ်ကူပါ။

အလုပ်နှင့် မိသားစုဘဝကို ဟန်ချက်ညီညီရှိစေခြင်း

ယနေ့ မိသားစုများစွာသည် သူတို့၏အစီအစဉ်တွင် လုပ်ဆောင်စရာများနေပြီး အတူတကွလုပ်ဆောင်ရန်အချိန်မှာ မရှိသလောက်ဖြစ်နေသည်။ “ကျွန်မရဲ့ခွန်အားအများစုကို အလုပ်ကယူသွားတော့ ကျန်တာလောက်ကိုပဲ ကလေးတွေရတယ်” ဟု အင်္ဂလန်မှ အမျိုးသမီးတစ်ဦး မြည်တမ်းသည်။ အမေရိကန်ပြည်ထောင်စုတွင် ဆယ်ကျော်သက်များကို စစ်တမ်းကောက်ယူခဲ့ရာ ၅ ယောက်တွင် ၁ ယောက်က သူတို့အဓိကစိုးရိမ်သည့်အချက်မှာ “မိဘများနှင့်အချိန်အလုံအလောက်မရရှိခြင်း” ဟုပြောဆိုခဲ့ကြသည်။ နှစ်ဦးစလုံးဝင်ငွေရှိသောဇနီးမောင်နှံစုံတို့သည် တစ်နေ့တွင် ပျမ်းမျှအားဖြင့် ၁၂ မိနစ်သာ တစ်ဦးနှင့်တစ်ဦးစကားပြောဆိုကြောင်း အမေရိကန်မှ နောက်ထပ်လေ့လာမှုက ဖော်ပြသည်။

လူများစွာသည် အလုပ်၏ဖိစီးမှု တိုးများလာခြင်းကြောင့် စိတ်ဓာတ်ကျနေကာ မိမိတို့ဦးစားထားရာများကို ပြန်ဆန်းစစ်ပြီး ပြောင်းလဲမှုများ ပြုလုပ်နေကြသည်။ ကလေးငယ်နှစ်ဦးရှိသော အိမ်ထောင်သည်အမျိုးသားတိမသီ ဤသို့ပြန်ပြောသည်– “ကျွန်တော်ကအချိန်ပို အလုပ်လုပ်တယ်၊ ကျွန်တော့်ဇနီးကတော့ စနေ၊ တနင်္ဂနွေမှာ အလုပ်လုပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ခဲတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ဘဝကို ပြန်သုံးသပ်ပြီး အလုပ်အခြေအနေကို ပြောင်းလဲခဲ့ကြတယ်။ အခု ကျွန်တော်တို့ ပိုပြီးပျော်ရွှင်နေပြီ။” စတိုးဆိုင်မန်နေဂျာတစ်ဦးဖြစ်သူ ဘရိုင်ယန်ဤသို့ပြောသည်– “မကြာခင် ဒုတိယကလေးရတော့မယ်ဆိုတော့ မိသားစုနဲ့ အံကိုက်ဖြစ်မယ့်အလုပ်တစ်ခု ကျွန်တော်ရှာခဲ့တယ်။ အချိန်ပိုရဖို့ အရင်အလုပ်ထက် တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပိုနည်းတဲ့အလုပ်ကိုလုပ်ခဲ့တယ်၊ ဒါပေမဲ့လုပ်ရကျိုးနပ်ခဲ့ပါတယ်။” မာလီးနာသည် သမီးဦးမွေးလာသောအခါ အလုပ်အကိုင်ကိုစွန့်ခဲ့သည်။ သူဤသို့ပြန်ပြောပြသည်– “တစ်ယောက်လစာနဲ့ပဲ နေထိုင်ဖို့ခက်ခဲပေမဲ့ သမီးလေးအယ်မီလီကို ကလေးထိန်းဌာနမှာထားတာထက် ကျွန်မ သူနဲ့အတူအိမ်မှာနေရင် ပိုကောင်းမယ်လို့ ကျွန်မတို့ယူဆခဲ့ကြတယ်။”

သို့သော် မိသားစုများစွာသည် လစဉ်အသုံးစရိတ်ကာမိစေဖို့ ကြိုးစားရုန်းကန်ပြီး အလုပ်လုပ်ရကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုရမည်။ အချို့အိမ်ထောက်ဖက်များသည် အခြေခံအသုံးစရိတ်များ ကာမိစေဖို့အတွက်မျှနှင့် အလုပ်နှစ်ခုလုပ်ခဲ့ကြပြီး အခြားအခြေအနေများတွင် ကလေးများကို အဖိုးအဖွားနှင့်ထားခဲ့ သို့မဟုတ် ကလေးထိန်းဌာနတွင်ထားကာ အိမ်ထောင်ဖက်နှစ်ဦးစလုံး အလုပ်လုပ်ကြသည်။

အလုပ်နှင့် မိသားစုတာဝန်များကို ဟန်ချက်ညီစေသည့် နောက်ထပ်နည်းလမ်းများကို သင်တွေ့ရှိပေမည်။ အဓိကအချက်မှာ– အလုပ်ကို အလေးပေးလွန်းခြင်းဖြင့် မိသားစုဘဝ၏ရွှင်လန်းမှုများကို လက်လွှတ်မဆုံးရှုံးစေနှင့်။

သင့်အလုပ်၊ အပန်းဖြေမှုနှင့် မိသားစုလိုအပ်ရာများကို ဟန်ချက်ညီစေခြင်းက သင့်အား ကြွယ်ဝသောဆုကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း စိတ်ချပါလေ။ ကျွန်ုပ်တို့၏နောက်ဆုံးဆောင်းပါးတွင် ရိုးရှင်းပြီး ဟန်ချက်ညီသောဘဝနှင့်ပတ်သက်သော ပို၍ပင်အရေးကြီးသည့်အကြောင်းအရာကိုလည်း သုံးသပ်ကြမည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သင့်အလုပ်က သင့်ကို လုံးပါးမပါးစေပါနှင့်

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

“ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက်၌ပြည့်သောဥစ္စာထက် သာ၍ကောင်း၏။”—ဒေ. ၄:၆

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အလုပ်ကို အလေးပေးလွန်းခြင်းဖြင့် မိသားစုဘဝ၏ရွှင်လန်းမှုများကို လက်လွှတ်မဆုံးရှုံးစေနှင့်

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ငွေလော၊ အားလပ်ချိန်လော

နည်းပညာတိုးတက်မှုသည် လူတို့ကို ငြီးငွေ့ဖွယ်အလုပ်များမှလွတ်မြောက်စေပြီး “မကြုံစဖူးအေးအေးလူလူနေရမည့်ခေတ်” ဆောင်ကြဉ်းပေးမည်ဟု ၂၀ ရာစုပညာရှင်အချို့ ယုံကြည်ခဲ့ကြသည်။

၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ပါမောက္ခ ဂျူလျန် ဟပ်စ်လီက အနာဂတ်တွင် မည်သူမျှ တစ်ပတ်လျှင်နှစ်ရက်ထက်ပို၍ အလုပ်လုပ်ရတော့မည်မဟုတ်ဟု ဟောကိန်းထုတ်ခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင် ဝေါလ်တာ ဂျီဖို့ဒ်က နည်းပညာသည် “လူတိုင်း မိမိဆန္ဒရှိရာကို လုပ်ရန်အခွင့်အရေးရှိစေမည် . . . ၊ စိတ်နှလုံးကျေနပ်ရောင့်ရဲစေသည့် လုပ်ဆောင်မှုများအတွက် ပို၍အချိန်ရစေမည်” ဟုပြောခဲ့သည်။

သို့သော် လူတို့၏ရုပ်ပိုင်းဆိုင်ရာရည်မှန်းချက်များနှင့်ပတ်သက်၍ အသို့နည်း။ လူမှုရေးဗေဒပညာရှင် ဟင်နရီ ဖယ်ဖ်ချိုင်းက စက်ရုံများသည် “ပျမ်းမျှအလုပ်လုပ်ရက်တစ်ရက်တွင် အလုပ်ချိန်သည် လေးနာရီထက်မပိုပဲ ကျွန်ုပ်တို့ သုံးနိုင်သည်ထက်ပို၍ ကုန်ပစ္စည်းများကိုထုတ်” နိုင်မည်ဟုဂုဏ်ယူစွာပြောခဲ့သည်။

ဟောကိန်းများ မည်မျှမှန်ကန်ခဲ့သနည်း။ ၂၀ နှင့် ၂၁ ရာစုအတွင်း စီးပွားရေးသည် အမှန်ပင်အရှိန်အဟုန်ပြင်းစွာ တိုးတက်ခဲ့သည်။ သဘောတရားအရ ယင်းသည် အလုပ်ဝန်ကို သိသိသာသာလျော့နည်းစေသင့်သည်။ သို့သော် မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ ဂျွန် ဒီ ဂရဖ်က ဤသို့ရေးသည်– “လူတို့သည် ကုန်ထုတ်စွမ်းအားတိုးတက်လာသည့်အတွက် အလုပ်လျော့ကာ အားလပ်ချိန်ယူမည့်အစား ငွေနှင့်ပစ္စည်းဥစ္စာပို၍ပိုင်ဆိုင်ရန် ယင်းတိုးတက်မှုကို အသုံးချကြသည်။ ရိုးရိုးလေးပြောရလျှင် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့် အားလပ်ချိန်ထက် ငွေကို ရွေးချယ်ခဲ့ကြသည်။”