မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စွမ်းအားသုံးလေယာဉ်

စွမ်းအားသုံးလေယာဉ်

စွမ်းအားသုံးလေယာဉ်

ရာစုနှစ်များတစ်လျှောက် လူတို့သည် ပျံသန်းရန် စိတ်ကူးယဉ်ခဲ့ကြသည်။ သို့သော် လူတွင် မိမိခန္ဓာကိုယ်အလေးချိန်ကို လေထဲတွင်ပင့်နိုင်လောက်သည့်ကြွက်သားမရှိပါ။ ၁၇၈၁ ခုနှစ်တွင် ဂျိမ်းစ် ဝပ်သည် ဝင်ရိုးကိုလည်စေနိုင်သည့် ရေနွေးငွေ့သုံးအင်ဂျင်စက်ကို တီထွင်ခဲ့သည်၊ ၁၈၇၆ ခုနှစ်တွင် နီကိုးလပ်စ် အော့တိုသည် နောက်ထပ်စိတ်ကူးရခဲ့ပြီး အတွင်းလောင်အင်ဂျင်ကို တည်ဆောက်ခဲ့သည်။ ယခု လူတို့တွင် ပျံသန်းစက်ကိုစွမ်းအားပေးနိုင်သည့် အင်ဂျင်တစ်လုံး ရှိနေပြီဖြစ်သည်။ သို့သော် ယင်းကိုယ်ထည်ကို မည်သူတည်ဆောက်နိုင်မည်နည်း။

ဝီလ်ဗာနှင့် အော်ဗီလ်ရိုက်ညီနောင်သည် ငယ်စဉ်ဘ၀ စွန်လွှတ်တတ်ချိန်ကတည်းက ပျံသန်းလိုခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့သည် စက်ဘီးများကိုတပ်ဆင်ပြုလုပ်ခြင်းဖြင့် အင်ဂျင်နီယာအတတ်ပညာများကို သင်ယူခဲ့ကြသည်။ ပျံသန်းမှု၏ အဓိကစိန်ခေါ်ချက်မှာ ထိန်းကျောင်းနိုင်သည့်လေယာဉ်တစ်စင်းကို ပုံစံပြုထုတ်လုပ်ရန်ဖြစ်ကြောင်း သူတို့သဘောပေါက်လာခဲ့ကြသည်။ လေထဲတွင် ဟန်ချက်ညီအောင်မထိန်းနိုင်သောလေယာဉ်တစ်စင်းသည် မထိန်းနိုင်သောစက်ဘီးတစ်စီးကဲ့သို့ အသုံးမဝင်ပါ။ ဝီလ်ဗာသည် ပျံသန်းနေသည့်ခိုများကိုကြည့်ခဲ့ပြီး စက်ဘီးစီးသူတစ်ဦးသည် မိမိစက်ဘီးလှည့်သည့်ဘက် ခန္ဓာကိုယ်တိမ်းစောင်းပေးသကဲ့သို့ ယင်းငှက်တို့သည်လည်း ထိုသို့တိမ်းစောင်းပျံသန်းသည်ကို သူသတိပြုမိခဲ့သည်။ ငှက်တို့သည် ၎င်းတို့၏တောင်ပံဖျားများကို လှည့်ခြင်းဖြင့် ကွေ့ပြီး ဟန်ချက်ညီအောင်ထိန်းကြောင်း သူကောက်ချက်ချခဲ့သည်။ ယင်းက လှည့်ကွေ့၍ရမည့်တောင်ပံကို တည်ဆောက်ဖို့ စိတ်ကူးရလာခဲ့သည့်အကြောင်းဖြစ်သည်။

၁၉၀၀ ပြည့်နှစ်တွင် ဝီလ်ဗာနှင့် အော်ဗီလ်ရိုက်တို့သည် လှည့်ကွေ့၍ရသောတောင်ပံများပါသည့်လေယာဉ်တစ်စင်းကို တည်ဆောက်ခဲ့ကြသည်။ သူတို့သည် ယင်းကို ဦးစွာစွန်လွှတ်သကဲ့သို့ လွှတ်တင်ခဲ့ပြီး နောက်တွင် ဂလိုက်ဒါခေါ် မောင်းသူပါသောစက်မဲ့လေယာဉ်ပျံအဖြစ် ပျံသန်းစေခဲ့သည်။ နိမ့်ချည်မြင့်ချည်လှုပ်ရှားခြင်း၊ လူးလှိမ့်ခြင်းနှင့် တစ်ဖက်မှတစ်ဖက်သို့ကွေ့ခြင်းတို့ကို ပြုပြင်ရန် အခြေခံထိန်းချုပ်မှုသုံးခုလိုကြောင်း သူတို့တွေ့ရှိခဲ့သည်။ သို့သော် ပျံတက်နိုင်ရန် တောင်ပံများက မပင့်ပေးနိုင်သောကြောင့် သူတို့စိတ်ပျက်ခဲ့ကြသည်၊ ထို့ကြောင့် သူတို့သည် လေဥမင်တစ်ခုကိုတည်ဆောက်ကာ မည်သည့်တောင်ပံပုံသဏ္ဌာန်၊ အရွယ်အစားနှင့် ထောင့်ချိုးတို့သည် အကောင်းဆုံးဖြစ်မည်ကို သိရှိလာသည်အထိ အမျိုးမျိုးလက်တွေ့စမ်းသပ်ခဲ့ကြသည်။ ၁၉၀၂ ခုနှစ်တွင် သူတို့သည် လေယာဉ်ပျံအသစ်တစ်စင်းဖြင့် လေထဲတွင် ဟန်ချက်ညီညီပျံနိုင်သည့်အတတ်ပညာကို နားလည်လာခဲ့ကြသည်။ ယခု သူတို့သည် ယင်းတွင် အင်ဂျင်စက်တစ်လုံး တပ်ဆင်နိုင်မည်လော။

ဦးစွာ၊ သူတို့ကိုယ်တိုင်အင်ဂျင်စက်ကို ပြုလုပ်ရမည်ဖြစ်သည်။ လေဥမင်မှ စမ်းသပ်ရရှိသည့် အသိပညာဖြင့် လေယာဉ်ပန်ကာ ပုံစံထုတ်လုပ်သည့်ရှုပ်ထွေးလှသောပြဿနာကို သူတို့ဖြေရှင်းခဲ့သည်။ နောက်ဆုံးတွင် ၁၉၀၃၊ ဒီဇင်ဘာလ ၁၇ ရက်တွင် သူတို့သည် အင်ဂျင်စက်ကိုနှိုးခဲ့ရာ လေယာဉ်ပန်ကာများ တဝီဝီလည်သံမြည်လာပြီး အလွန်အေးမြသောလေထဲသို့ လေယာဉ် ပျံတက်သွားခဲ့သည်။ “ငယ်စဉ်ဘ၀တုန်းက စိတ်လှုပ်ရှားခဲ့တဲ့ရည်မှန်းချက်ကို ကျွန်တော်တို့အကောင်အထည်ဖော်နိုင်ခဲ့တယ်၊ ပျံသန်းဖို့ ကျွန်တော်တို့ လေ့လာသင်ယူခဲ့တယ်” ဟုအော်ဗီလ်ပြောခဲ့သည်။ ဤညီနောင်သည် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားလာခဲ့သည်။ သို့သော် သူတို့သည် မည်သို့ လေထဲတွင် ပျံသန်းနိုင်ခဲ့သနည်း။ သဘာဝသည် တစ်စိတ်တစ်ပိုင်းအနေနှင့် ပါဝင်ပတ်သက်ခဲ့သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ရိုက်ညီနောင်၏ “ပျံသန်းသူ၊” မြောက်ပိုင်းကယ်ရိုလိုင်းနား၊ အမေရိကန်ပြည်ထောင်စု၊ ၁၉၀၃ (ရုပ်ပုံပြန်ထည့်ထား)