မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချိန်ပို၍ရနည်း–၂၀

အချိန်ပို၍ရနည်း–၂၀

ဖြတ်ပြီး သိမ်းထားပါ

အချိန်ပို၍ရနည်း–၂၀

“ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကိုရွေးနုတ်ကြလော့။” —ကောလောသဲ ၄:၅

သင့်နေ့ရက်အချိန်တို့ကို ကုန်ဆုံးစေလိုသည့်လုပ်ဆောင်မှုများကိုပိုင်းခြားသတ်မှတ်ရာတွင် စိန်ခေါ်ချက်မှာ အကောင်းမြင်သီအိုရီမှ တကယ့်လက်တွေ့လုပ်ဆောင်မှုသို့ ပြောင်းလဲ ပြုလုပ်ခြင်းဖြစ်သည်။ ယင်းကိုလုပ်ဆောင်ရန် အောက်ပါအကြံပြုချက်များက အကူအညီ ဖြစ်စေပေမည်။

၁ နေ့စဉ်လုပ်ဆောင်ရန်စာရင်းတစ်ခုထားပါ။ သင်ပြုလုပ်မည့်ကိစ္စရပ်များကို အစီအစဉ်လိုက် နံပါတ်တပ်ထားပါ။ ပို၍အချိန်ပေးထိုက်သောကိစ္စရပ်များကို ခွဲခြားသတ်မှတ်ပါ။ အလုပ်တစ်ခုပြီးသွားတိုင်း မှတ်သားပါ။ မပြီးပြတ်သောအလုပ်များကို မနက်ဖြန် စာရင်းတွင် ထည့်သွင်းပါ။

၂ သင့်ပြက္ခဒိန်များကို တစ်ခုနှင့်တစ်ခုကိုက်ညီစေပါ။ သင့်ပြက္ခဒိန်နှစ်ခုအနက် တစ်ခုတွင်သာ မှတ်သားထားသောကြောင့် ချိန်းဆိုထားရာကိုလွတ်သွားခြင်းမျိုးမဖြစ်စေပါနှင့်။ သင့်ကွန်ပျူတာတွင် ပြက္ခဒိန် တစ်ခုရှိပြီး လက်ကိုင်ပစ္စည်းငယ်တွင် နောက်တစ်ခုရှိသည်ဆိုလျှင် တစ်ခုနှင့်တစ်ခုကိုက်ညီ၍ရမရ စစ်ဆေးပါ။

၃ “လုပ်ဆောင်ရမည့်အစီအစဉ်” ကိုရေးမှတ်ပါ၊ စီမံကိန်းတစ်ခုတွင်အကျုံးဝင်သည့် လုပ်ဆောင်မှုအားလုံးကို ယင်းအစီအစဉ်တွင်ပါဝင်စေပြီး ယင်းတို့ကို အစီအစဉ်တကျထည့်သွင်းပါ။

၄ ယေဘုယျအားဖြင့် အရေးကြီးဆုံး အလုပ်များကို ဦးစွာစာရင်းပြုစုပါ။ သိပ်အရေးမကြီးသောအလုပ်များအတွက် အချိန်ရရန် ပို၍ လွယ်ကူပါလိမ့်မည်။

၅ လက်တွေ့ကျပန်းတိုင်များကို ချမှတ်ပါ။ သင့်ကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်လာရန်ထက် အလုပ်တစ်ခုခုတွင် သင့်ကျွမ်းကျင်မှု ပိုတိုးတက်စေခြင်းကို သင် ပို၍ထိန်းချုပ်နိုင်သည်။

၆ အရာရာတိုင်းအတွက် အချိန်ရမည်မဟုတ်ကြောင်း အသိအမှတ်ပြုပါ။ ဖြစ်နိုင်ပါက အကောင်းဆုံးရလဒ်များဖြစ်ပေါ်စေသည့် လုပ်ဆောင်မှုများတွင် အများဆုံးအချိန်ပေးပါ။ အဆောတလျင်လုပ်ရမည့် သို့မဟုတ် ပြီးရုံမျှသာလုပ်ရမည့် အခြားအလုပ်များကော အသို့နည်း။ ယင်းအလုပ်များကို ချန်လှပ်၍မရ သို့မဟုတ် လွှဲအပ်၍မရနိုင်ပါက ယင်းတို့အတွက် အချိန်အနည်းငယ် ပေးနိုင်မနိုင် စမ်းကြည့်ပါ။ လိုအပ်သည်ဆိုလျှင် အရေးမကြီးသောအလုပ်တချို့သည် လနှင့်ချီ၍ ဆိုင်းထား၍ရနိုင်သည်၊ သို့မဟုတ် လုံး၀လုပ်စရာ လိုချင်မှလည်းလိုပေမည်။ သင့်ပန်းတိုင်များနှင့်နှိုင်းယှဉ်သော် အမှန်တကယ်လုပ်ရကျိုးနပ်သည်ဟု သင်ယူဆသောလုပ်ဆောင်မှုများအတွက် အချိန်များနိုင်သမျှများများ ဖယ်ထားပါ။

၇ အချိန်မှတ်တမ်းထားပါ။ မည်သည့်နေရာတွင် အချိန်ကုန်သွားသည်ကိုသိနိုင်ရန် တစ်ပတ် သို့မဟုတ် နှစ်ပတ်ကြာသည့်အထိ အချိန်မှတ်တမ်းထားပါ။ အရေးမကြီးသောလုပ်ဆောင်မှုများတွင် အချိန်များစွာကုန်သွားသလော။ သင့်အတွက်အနှောင့်အယှက်အများစုသည် အရာတစ်ခုတည်းမှလာသလော သို့မဟုတ် နှစ်ခုမှလော။ နေ့ရက်တစ်ရက် သို့မဟုတ် သီတင်းပတ်၏ အချိန်ပိုင်းတစ်ခုအတွင်း အနှောင့်အယှက်အခံရဆုံးဖြစ်ပုံရသလော။ အချိန် အလဟဿကုန်ဆုံးစေသော လုပ်ဆောင်မှုများကို ဖယ်ရှားပါ။

၈ ဇယားတွင် အနည်းငယ်သာထည့်သွင်းပါ။ အစားအစာဝယ်ဖို့၊ ကားပြင်ဖို့၊ မိတ်ဆွေများနှင့်ပေါင်းသင်းဖို့၊ ရုပ်ရှင်ကြည့်ဖို့နှင့် မပြီးပြတ်သေးသောစာကိုဖတ်ဖို့ အားလုံးကိုတစ်နေ့တည်းတွင်လုပ်ရန်စီစဉ်ပါက အလောသုံးဆယ်ဖြစ်သည်ဟု ခံစားရပြီး ပျော်ရွှင်မှုမရဘဲဖြစ်ပေလိမ့်မည်။

၉ အနှောင့်အယှက်များကို လျော့နည်းစေပါ။ လုံးဝမလိုအပ်သောအရာများက သင့်ကိုကြားဝင်မနှောင့်ယှက်ရလေအောင် အချိန်ပိုင်းတစ်ပိုင်းကို နေ့စဉ်ဖယ်ထားပါ။ ဖြစ်နိုင်မည် ဆိုလျှင် ယင်းအချိန်အတွင်း သင့်ဖုန်းကိုပိတ်ထားပါ။ ထို့ပြင် ရုတ်တရက်ပေါ်လာတတ်သော အီလက်ထရောနစ် သတိပေးချက်များက သင့်အလုပ်ကို နှောင့်ယှက်လာနိုင်ဖွယ်ရှိသည်ဆိုပါက ယင်းတို့ကိုပိတ်ထားပါ။

၁၀ သင်အားအင်အပြည့်ဆုံးနှင့် အနိုးကြားဆုံးအချိန်တွင် အခက်အခဲဆုံးအလုပ်ကိုလုပ်ရန် ဇယားဆွဲပါ။

၁၁ နှစ်လို့ဖွယ်မရှိဆုံးအလုပ်ကို ဖြစ်နိုင်လျှင် အမြန်ဆုံး လုပ်ဆောင်ပါ။ ယင်းအလုပ်ကိုပြုလုပ်ပြီးသောအခါ သိပ်မခက်ခဲသော လုပ်ဆောင်မှုများကို ဆက်၍လုပ်ဆောင်ဖို့ ပို၍အားအင်ရှိသည်ဟု သင်ခံစားရပါလိမ့်မည်။

၁၂ မျှော်လင့်မထားရာများအတွက် အချိန် ဖယ်ထားပါ။ ၁၅ မိနစ်ခန့်အတွင်း နေရာတစ်နေရာသို့ ရောက်နိုင်မည်ဟု သင်ယူဆပါက ၂၅ မိနစ်အတွင်း ရောက်လာမည်ဟု ကတိပေးပါ။ အချိန်းအချက်တစ်ခုသည် တစ်နာရီကြာမည်ဟု သင်ထင်ထားပါက တစ်နာရီနှင့် မိနစ် ၂၀ ဖယ်ထားပါ။ တစ်နေ့တာတွင် မျှော်လင့်မထားရာအတွက် အချိန်ပိုင်းတစ်ခု ချန်ထားပါ။

၁၃ အလုပ်အကူးအပြောင်းချိန်ကို အသုံးပြုပါ။ ဆံပင်၊ မုတ်ဆိတ်ရိတ်နေစဉ် သတင်း သို့မဟုတ် အသံသွင်းထားရာများကို နားထောင်ပါ။ ရထားစောင့်နေစဉ် သို့မဟုတ် ရထားစီးနေစဉ် စာဖတ်ပါ။ ယင်းအချိန်ကို အနားယူရန်အသုံးပြုနိုင်သည်မှာမှန်ပါသည်။ သို့သော် ယင်းအချိန်ကို မဖြုန်းပါနှင့်၊ မဟုတ်ပါက နောက်ပိုင်း အချိန်မရှိဟု ညည်းညူရလိမ့်မည်။

၁၄ ၈၀/၂၀ စည်းမျဉ်းကိုကျင့်သုံးပါ။ * သင့်လုပ်ဆောင်ရန်စာရင်းရှိ အလုပ် ၁၀ ခုထဲတွင် ၂ ခုခန့်သည် အရေးကြီးဆုံးအရာများလော။ အလုပ်တစ်ခု၏အရေးကြီးဆုံးသောကဏ္ဍများကို လုပ်ဆောင်ပြီးနောက် ယင်းအလုပ် ပြီးစီးလုနီးပါးဖြစ်နိုင်မည်လော။

၁၅ အလုပ်ပိနေသည်ဟု သင်ခံစားရသောအခါ စာရွက်ငယ်တစ်ခုပေါ်တွင် အလုပ်တစ်ခုစီကို ချရေးပါ။ ထို့နောက် ယင်းစာရွက်ငယ်ကို အုပ်စုနှစ်စုအဖြစ် ဤသို့ခွဲလိုက်ပါ– “ယနေ့လုပ်ဆောင်မှု” နှင့် “မနက်ဖြန်လုပ်ဆောင်မှု။” မနက်ဖြန်တွင်လည်း အလားတူ ပြုလုပ်ပါ။

၁၆ ‘အားပြန်ပြည့်ရန်’ အခါအားလျော်စွာ အချိန်ယူပါ။ ကိုယ်စိတ် နှစ်ဖြာလန်းဆန်းစွာ အလုပ်ပြန်လုပ်ခြင်းက နာရီပေါင်းများစွာအချိန်ပိုဆင်းခြင်းထက် အလုပ်ကို ပို၍ထိရောက်စွာလုပ်နိုင်စေသည်။

၁၇ စာရွက်ပေါ်တွင်ဖြေရှင်းပါ။ ပြဿနာတစ်ခုကိုချရေးပါ၊ ယင်းက သင့်အား ဘာကြောင့်နှောင့်ယှက်သည်ကိုဖော်ပြပြီး သင်စဉ်းစားမိသလောက် ဖြေရှင်းနည်းများကို များနိုင်သလောက်များများ စာရင်းပြုစုပါ။

၁၈ စင်းလုံးချောဖြစ်မှသာ ကျေနပ်သူမဖြစ်နှင့်။ ရပ်နားရမည့်အချိန်နှင့် နောက်အရေးကြီးလုပ်ဆောင်မှုသို့ ကူးပြောင်းရမည့်အချိန်တို့ကို သိပါ။

၁၉ သက်မွေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဲ့သို့ လုပ်ဆောင်ပါ။ လုပ်ချင်သည့်ဆန္ဒရှိလာမည့်အချိန်ကို မစောင့်ပါနှင့်။ အစပြု၍သာ လုပ်ဆောင်ပါ။

၂၀ ပြောင်းသာလဲသာဖြစ်ပါ။ ဤသည်တို့မှာ တရားသေစည်းမျဉ်းများမဟုတ်ဘဲ အကြံပြုချက်များဖြစ်သည်။ အစမ်းပြုလုပ်ပါ၊ ဘာကအကျိုးပြုသည်ကို သိရှိနားလည်ပါ၊ သင့်အခြေအနေနှင့် လိုအပ်ရာများနှင့်အညီ အလိုက်သင့်ပြောင်းလဲပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ယင်းအယူအဆသည် ၁၉ ရာစုမှ အီတလီလူမျိုး ဘောဂဗေဒပညာရှင် ဗယ်လ်ဖရာဒို ပါရီတို၏လေ့လာတွေ့ရှိချက်များအပေါ် အကြမ်းဖျင်းအခြေခံထားပြီး ယင်းကို ပါရီတို ဥပဒေသဟုလည်းခေါ်သည်။ ၂၀ ရာခိုင်နှုန်းခန့်ကြိုးစားအားထုတ်မှုက ရလဒ် ၈၀ ရာခိုင်နှုန်းဖြစ်စေလေ့ရှိကြောင်း တွေ့ရသည်ကို ယင်းဥပဒေသကဆိုလိုသည်။ ယင်းသည် ကိစ္စအတော်များများနှင့်သက်ဆိုင်သည်၊ ရိုးရှင်းသည့် ဤဥပမာကိုကြည့်ပါ– ကော်ဇောတစ်ခုကို ဖုန်စုပ်သောအခါ ဖုန်မှုန့် ၈၀ ရာခိုင်နှုန်းခန့်သည် ကော်ဇော၏ အသုံးအများဆုံးနေရာ ၂၀ ရာခိုင်နှုန်းမှဖြစ်နိုင်ဖွယ်ရှိသည်။