မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိတ်ဆွေတု

မိတ်ဆွေတု

မိတ်ဆွေတု

သင့်လူငယ်ဘ၀တွင် “မိတ်ဆွေ” တစ်ဦးနှင့်ဆုံတွေ့ခဲ့သည်။ ထိုမိတ်ဆွေသည် သင့်ကို ပိုမိုရင့်ကျက်လာစေပုံရပြီး သင့်ရွယ်တူချင်းများကြားတွင် ဝင်ဆံ့အောင်ကူညီပေးခဲ့ပုံရသည်။ သင်ဖိစီးမှုခံရချိန်တွင် အတော်အတန် “သက်သာရာ” ရဖို့ သူ့ထံအမြဲသွားနိုင်သည်။ အမှန်မှာ သင်သည် အခြေအနေများစွာတွင် သူ့အပေါ် မှီခိုအားထားလာရသည်။

အချိန်တန်သော် ထိုမိတ်ဆွေ၏ဉာဉ်ဆိုးများကို သင်သိရှိလာသည်။ သူ့ကိုကြိုဆိုခြင်းမရှိသည့်နေရာအချို့တွင်ပင် သင့်ကို အချိန်တိုင်း သူနှင့်အတူရှိဖို့တောင်းဆိုသည်။ ထို့ပြင် သူသည် သင့်ကို ပို၍ရင့်ကျက်လာသည်ဟု ခံစားစေသော်လည်း ယင်းသို့ဖြစ်ရန် သင့်ကျန်းမာရေးကို ထိခိုက်စေခဲ့သည်။ ထိုအရာများအပြင် သူသည် သင့်လစာတချို့ကို ခိုးယူခဲ့သည်။

မကြာသေးမီက သင်သည် သူနှင့်ဆက်ဆံရေးကိုအဆုံးသတ်ဖို့ကြိုးစားခဲ့သော်လည်း သူခွင့်မပြုပါ။ တစ်နည်းပြောရလျှင် သူသည် သင့်သခင်ဖြစ်လာသည်။ သူနှင့်တွေ့ဆုံခဲ့သည်ကိုပင် သင်နောင်တရသည်။

ယင်းသည် ဆေးလိပ်သောက်သူများစွာနှင့် စီးကရက်အကြားရှိဆက်ဆံရေးဖြစ်သည်။ အာလင်းအမည်ရှိအမျိုးသမီးတစ်ဦးသည် နှစ်ပေါင်း ၅၀ ကြာဆေးလိပ်သောက်ပြီးနောက် ဤသို့ပြန်ပြောပြသည်– “စီးကရက်ဟာ ကိုယ့်ဘေးနားမှာရှိတဲ့လူတစ်ယောက်ထက် ကျွန်မကိုအကူအညီပေးနိုင်တယ်။ မိတ်ဆွေဟောင်းတစ်ယောက်ထက်ပိုတယ်၊ တခါတလေ စီးကရက်က ကျွန်မရဲ့တစ်ဦးတည်းသောမိတ်ဆွေပဲ။” သို့သော် အာလင်းသဘောပေါက်လာခဲ့သည့်အတိုင်း စီးကရက်သည် မိတ်ဆွေတုဖြစ်ရုံမက ရက်စက်သူတစ်ဦးလည်းဖြစ်သည်။ အမှန်တွင်၊ အဖွင့်စကားများသည် အာလင်းအခြေအနေအကြောင်း ရေးသားထားခြင်းဖြစ်နိုင်သည်၊ သို့သော် ခြားနားချက်တစ်ခုရှိသည်။ ဆေးလိပ်သောက်ခြင်းသည် ဘုရားသခင်ပေးကိုယ်ခန္ဓာကို ညစ်ညူးစေသောကြောင့် ယင်းသည် ကိုယ်တော့်အမြင်တွင်ဆိုးဝါးကြောင်း သူသိရှိသောအခါ ယင်းအကျင့်ကို ဖြတ်လိုက်သည်။—၂ ကောရိန္သု ၇:၁

ဖရန့်အမည်ရှိသောအမျိုးသားတစ်ဦးသည်လည်း ဘုရားသခင်ကိုရွှင်လန်းစေဖို့ ဆေးလိပ်ဖြတ်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် သူနောက်ဆုံးဆေးလိပ်သောက်သည့်တစ်ရက်၌ ကြမ်းပြင်ကြားမှကျသွားသော သောက်ပြီးသားစီးကရက်တစ်ပိုင်းကို သူ့အိမ်အောက်တွင် တွားသွား၍ရှာဖွေခဲ့သည်။ “အဲဒီအချိန်မှာပဲ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့တယ်။ သောက်ပြီးသားစီးကရက်တစ်ပိုင်းအတွက် အညစ်အကြေးတွေကြားထဲ လေးဖက်ထောက်ပြီးရှာဖွေနေရတာကို ကျွန်တော်စိတ်ပျက်ခဲ့တယ်။ ကျွန်တော် ဘယ်တော့မှ ဆေးလိပ်မသောက်တော့ဘူး” ဟုဖရန့်ပြောခဲ့သည်။

ဆေးလိပ်ဖြတ်ရန် အဘယ်ကြောင့် ဤမျှလောက်ခက်ရသနည်း။ အကြောင်းရင်းများစွာကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့သည်– (၁) ဆေးရွက်ကြီး၏ထုတ်ကုန်များသည် တရားမဝင်မူးယစ်ဆေးဝါးများနည်းတူ စွဲစေနိုင်သည်။ (၂) ရှူသွင်းလိုက်သည့် နီကိုတင်းသည် ဦးနှောက်တွင်းသို့ ခုနစ်စက္ကန့်အတွင်း ရောက်ရှိသွားနိုင်သည်။ (၃) ဆေးလိပ်သောက်ခြင်းသည် စားသောက်၊ စကားလက်ဆုံပြောခြင်း၊ ဖိစီးမှုမှသက်သာရာရခြင်း အစရှိသည့် ပုံမှန်လုပ်ဆောင်ရာများနှင့် ဆက်နွယ်နေသည့် လူတစ်ဦး၏ဘ၀၌ အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်လေ့ရှိသည်။

သို့တိုင်၊ အာလင်းနှင့် ဖရန့်တို့ဖော်ပြခဲ့သည့်အတိုင်း ယင်းဘေးရောက်စေသည့်စွဲခြင်းမှဖြတ်ရန် ဖြစ်နိုင်ပါသည်။ သင်သည် ဆေးလိပ်သောက်နေပြီး ဖြတ်လိုပါက နောက်ဆောင်းပါးများကိုဖတ်ရှုခြင်းသည် ဘဝလမ်းစဉ်သစ်တစ်ခုကို ကောင်းစွာစတင်ခြင်းဖြစ်ပေမည်။