မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငွေကြေးအနည်းငယ်ဖြင့် ရပ်တည်နိုင်ပုံ

ငွေကြေးအနည်းငယ်ဖြင့် ရပ်တည်နိုင်ပုံ

ငွေကြေးအနည်းငယ်ဖြင့် ရပ်တည်နိုင်ပုံ

ငွေကြေးအနည်းငယ်ဖြင့် ရပ်တည်ရန်မှာ ကောင်းစွာစီစဉ်ထားဖို့လို၏။ ထိုသို့စီစဉ်ထားဖို့လိုကြောင်း ယေရှု အလေးပေးဖော်ပြကာ ကိုယ်တော်ဤသို့မေး၏– “သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကိုသိရန် ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။” (လုကာ ၁၄:၂၈၊ ၂၉) ယင်းမူကို လက်တွေ့ကျင့်သုံးကာ ဘတ်ဂျက် (ဝင်ငွေထွက်ငွေစာရင်း) တစ်ခုဆွဲထားမည်ဆိုလျှင် သင့်ဝင်ငွေနှင့်အညီ အသက်ရှင်ရပ်တည်နိုင်ဖို့ ‘ကုန်ကျစရိတ်ကို တွက်ချက်’ နိုင်မည်ဖြစ်သည်။ ယင်းသည် မည်သို့အကျိုးပြုမည်နည်း။ ဤအရာကို ကြိုးစားကြည့်ပါ–

သင့်ဝင်ငွေကို အိမ်သို့ယူဆောင်လာသောအခါ လောလောဆယ်နှင့် နောင်တွင်အသုံးပြုဖို့ ကုန်ကျစရိတ်ပမာဏကို သတ်သတ်မှတ်မှတ်ခွဲကာ သူ့အုပ်စုနှင့်သူထားပါ။ ( စာမျက်နှာ ၈ မှ လေးထောင့်ကွက်ကို ကြည့်ပါ။) သင့်ကုန်ကျစရိတ်ကို စီစဉ်လိုက်သောအခါ အဘယ်အတွက် ငွေသုံးလိုက်ပြီး မလိုအပ်ရာများအတွက် မည်မျှသုံးလိုက်သည်ကို သိရှိနိုင်မည်။ ယင်းက တစ်ဖန် အဘယ်နေရာတွင် ချွေတာရမည်ကို ခွဲခြားသိမြင်စေပါလိမ့်မည်။

သင့်ကိုအကျိုးပြုမည့်ဘတ်ဂျက်တစ်ခုထားဖို့ဆိုလျှင် အောက်ပါအကြံပြုချက်များကို လက်တွေ့လုပ်ကြည့်ပါ။

အမြော်အမြင်ရှိရှိဈေးဝယ်ပါ

ရာအူးလ်အလုပ်ပြုတ်သောအခါ သူ့ဇနီးဘာရ်သာသည် ဈေးဝယ်ပုံကို ပြောင်းလဲလိုက်သည်။ “ဈေးလျှော့တဲ့ကတ်တွေ (discount coupons)၊ ပစ္စည်းကိုဈေးနှုန်းသက်သက်သာသာနဲ့ရနိုင်မယ်ဆိုတဲ့ ကုန်စုံဆိုင်တွေကို ကျွန်မရှာတယ်။” အောက်ပါတို့မှာ အကြံပြုချက်အချို့ဖြစ်သည်–

● ဈေးချိုချိုဖြင့်ရနိုင်မည့်အစားအစာများဖြင့် ချက်ပြုတ်ရန်စီစဉ်ပါ။

● ထုပ်ပိုးပြီးသားအစားအစားများထက် အခြေခံဟင်းအမည်များကိုဝယ်ပြီး ချက်ပြုတ်ပါ။

● ဈေးလျှော့ထားသော သို့မဟုတ် ရာသီအလိုက်ထွက်သောအမည်များကို ပိုပိုလိုလိုဝယ်ထားပါ။

● ပမာဏများများဝယ်ပါ၊ သို့သော် နောက်ဆုံး ပုပ်သိုးပျက်စီးသွားသည်အထိ သိုလှောင်ထားခြင်းမျိုးမဖြစ်ရန် သတိထားပါ။

● တစ်ပတ်ရစ်ဆိုင်များတွင် အရည်အသွေးကောင်းအဝတ်အစားများကို ဝယ်ယူခြင်းဖြင့် အဝတ်အစားစရိတ်ကို လျှော့ချပါ။

● သွားလာစရိတ်တွက်ခြေကိုက်ပါက ဈေးသက်သာသောနေရာများသို့ သွား၍ဝယ်ပါ။

● ဈေးဝယ်ထွက်သည့်အကြိမ်ကို လျှော့ချပါ။ *

ချရေးပါ

“ကျွန်တော်တို့ ဘတ်ဂျက်တစ်ခု ရှိဖို့လိုတယ်၊ ဒါကြောင့် ချက်ချင်းသုံးရမယ့်ငွေနဲ့ ဒီလအတွက် လက်ထဲမှာရှိရမယ့်ငွေစာရင်းကို ကျွန်တော်မှတ်ထားတယ်’’ ဟု ဖရတ်ဒ် ပြောသည်။ သူ၏ဇနီးဖြစ်သူ အဒေလီက ဤသို့ဖြည့်စွက်သည်– “ကျွန်မဈေးသွားရင် ဘယ်လောက်သုံးလို့ရတယ်ဆိုတာ တိတိကျကျသိထားတယ်။ တစ်ခါတစ်လေ အိမ်အတွက် ဒါမှမဟုတ် ကလေးတွေအတွက် တစ်ခုခုဝယ်ဖို့လိုအပ်တဲ့အခါ ဘတ်ဂျက်ကိုကြည့်ပြီး ဒီလိုစဉ်းစားလိုက်တယ်- ‘ငါမတတ်နိုင်ဘူး၊ နောက်လမှ ဝယ်တော့မယ်။’ မှတ်တမ်းတစ်ခုထားခြင်းက တကယ်အကူအညီဖြစ်စေတယ်။”

မဝယ်ခင် စဉ်းစားပါ

မိမိကိုယ်ကို ဤသို့မေးသည့်အကျင့်ရှိစေပါ- ‘အဲဒါကို ငါတကယ်လိုအပ်သလား။ ရှိနေတဲ့ပစ္စည်းက တကယ်ပျက်စီးသွားလို့လား ဒါမှမဟုတ် အသစ်ကိုမှ ငါလိုချင်နေတာလား။’ ပစ္စည်းတစ်ခုကို အသုံးပြုခဲသည်ဆိုပါက ငှားသုံးလျှင်အဆင်ပြေမည်လော။ သို့မဟုတ် မကြာခဏအသုံးပြုမည်ဟုသင်ထင်ပါက ကောင်းနေသေးသည့် တစ်ပတ်ရစ်ပစ္စည်းတစ်ခုကိုဝယ်လျှင်ကော။

အထက်ပါအကြုံပြုချက်အချို့သည် သိပ်အရေးမပါပုံရသော်လည်း အားလုံးကိုလုပ်ဆောင်သည့်အခါ များစွာတာသွားနိုင်သည်။ အဓိကအချက်မှာ သေးငယ်သောအရာများတွင် ချွေတာသည့်အကျင့်ရှိခြင်းက ကြီးမားသည့်အကုန်အကျများတွင်လည်း အလားတူလုပ်ဆောင်စေပါလိမ့်မည်။

ကြံဖန်ပြုလုပ်တတ်ပါ

မလိုအပ်ရာများတွင် ချွေတာနိုင်ရန် ကြံဖန်ပြုလုပ်တတ်ပါ။ ဥပမာ အဒေလီက “ကျွန်မတို့မှာ ကားနှစ်စီးရှိပေမဲ့ တစ်စီးကိုပဲ ပေါင်းစီးကြတယ်။ လောင်စာချွေတာဖို့အတွက် တစ်ခါအပြင်ထွက်ရင် တောက်တိုမယ်ရတွေကို လုပ်နိုင်သလောက်လုပ်ခဲ့တယ်။ ပိုက်ဆံကို လိုအပ်တဲ့နေရာမှာပဲသုံးဖို့ ဆုံးဖြတ်ထားတယ်။” အောက်ပါတို့မှာ သင်ကြံဖန်ပြုလုပ်နိုင်သည့် နည်းလမ်းတချို့ဖြစ်သည်။

● ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးပါ။

● သင့်ပစ္စည်းကိရိယာများကြာရှည်ခံနိုင်ရန် ထုတ်လုပ်သူများ၏ ပြုပြင်ထိန်းသိမ်းရေးညွှန်ကြားချက်ကို လိုက်နာပါ။

● အဝတ်အစားကောင်းများကို အိမ်ပြန်ရောက်သည်နှင့် ချက်ချင်းလဲလိုက်ပါ—ယင်းအလေ့အကျင့်က အဝတ်အစားများကို ကြာရှည်စွာ သစ်လွင်စေလိမ့်မည်။

တစ်သီးပုဂ္ဂလမနေပါနှင့်

အလုပ်ပြုတ်သွားသူတို့သည် ထီးတည်းနေလိုကြပြီး မိမိကိုယ်ကို တစ်သီးပုဂ္ဂလဖြစ်စေကြသည်။ သို့သော် ဖရတ်ဒ်မှာမူ ထိုသို့မဟုတ်ပါ။ သူသည် အရွယ်ရောက်ပြီဖြစ်သော သားသမီးများအပါအဝင် သူ၏မိသားစုထံမှ စာနာစိတ်ဖြင့်ထောက်မမှု ရရှိခဲ့သည်။ “ကျွန်တော်တို့ကောင်းကောင်းမျှဝေတတ်ဖို့ သင်ယူခဲ့ကြပြီး အဲဒါက ကျွန်တော်တို့ကို စည်းလုံးစေခဲ့တယ်။ ‘တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေသူတွေ’ လို့ ကျွန်တော်တို့အားလုံး ခံစားရတယ်” ဟုသူပြောသည်။

ဖရတ်ဒ်သည် ယေဟောဝါသက်သေများ၏ဝတ်ပြုရာခန်းမတွင် ခရစ်ယာန်ချင်းများနှင့်စုဆုံသောအခါ သူတို့ထံမှ အားပေးမှုရရှိခဲ့သည်။ “ခရစ်ယာန်အစည်းအဝေးတွေပြီးသွားပြီဆိုရင် အမြဲအားရှိလာတယ်။ လူတိုင်းဟာ အရမ်းကြင်နာပြီး ထောက်ထားစာနာကြတယ်။ သူတို့ရဲ့ ကူညီမှုနဲ့ နှစ်သိမ့်မှုတွေကြောင့် ကျွန်တော်တို့တွေဟာ အဖော်မဲ့မနေပါဘူးဆိုတာ သဘောပေါက်လာတယ်” ဟုသူပြောသည်။—ယောဟန် ၁၃:၃၅

သင့်ယုံကြည်ချက်က အကျိုးပြုနိုင်

အလုပ်လက်မဲ့ဖြစ်ခြင်းက သန်းပေါင်းများစွာသောသူတို့ကို နာကြည်းစေပြီး သူတို့အလုပ်ရှင်များ၏ သစ္စာဖောက်ခြင်းခံရသည်ဟု ခံစားရစေသည်။ အစပိုင်းတွင်ဖော်ပြခဲ့သော ရာအူးလ်သည် ၎င်း၏မွေးရပ် ပီရူးတွင်တစ်ကြိမ်၊ ယင်းနောက် နယူးယောက်မြို့တွင်တစ်ကြိမ် မမျှော်လင့်ဘဲအလုပ်နှစ်ကြိမ်ပြုတ်သွားသောအခါ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည်။ ဒုတိယအကြိမ်အလုပ်လက်မဲ့ဖြစ်သွားပြီးနောက် ရာအူးလ် ဤသို့ကောက်ချက်ချသည်– “ဒီနေ့ကမ္ဘာပေါ်မှာ ဘာတစ်ခုမှ အာမခံချက်မရှိဘူး။” လအတော်ကြာ သူအလုပ်ရှာမတွေ့ခဲ့ပေ။ ယင်းအခြေအနေကိုကိုင်တွယ်ရန် သူ့ကို အဘယ်အရာကကူညီပေးခဲ့သနည်း။ ရာအူးလ် ဤသို့ပြောခဲ့သည်– “ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင်ပျိုးထောင်ခဲ့ပြီး ကျွန်တော်လိုအပ်တဲ့ စစ်မှန်တဲ့အာမခံချက်အတွက် ကိုယ်တော့်ကိုယုံကြည်ကိုးစားဖို့သာလိုတယ်ဆိုတာ နားလည်လာတယ်။”

ရာအူးလ်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်ပြီး သူ၏ကျမ်းစာလေ့လာခြင်းက “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား” ဟုကတိပြုထားသော ဂရုစိုက်တတ်သည့်ကောင်းကင်ခမည်းတော်ကို ခိုင်မြဲစွာယုံကြည်ရန် သူ့ကိုကူညီပေးခဲ့သည်။ (ဟေဗြဲ ၁၃:၅) အခြေအနေများသည် သိပ်မလွယ်ကူပါ။ “ကျွန်တော်တို့ရဲ့အခြေခံလိုအပ်ရာတွေအတွက် အမြဲဆုတောင်းခဲ့ပြီး ဘုရားသခင်ပေးတာနဲ့ ရောင့်ရဲတတ်ဖို့သင်ယူခဲ့တယ်” ဟုသူပြောသည်။ ရာအူးလ်၏ဇနီး ဘာရ်သာက ဤသို့ထပ်ဖြည့်စွက်သည်– “ရာအူးလ် အလုပ်ရှာတွေ့ပါ့မလားဆိုပြီး အရမ်းစိုးရိမ်တဲ့အခါမျိုးရှိတယ်။ ဒါပေမဲ့ ယေဟောဝါက နေ့စဉ်လိုအပ်ရာကိုထောက်မပေးခြင်းအားဖြင့် ကျွန်မတို့ရဲ့ဆုတောင်းချက်ကို အဖြေပေးခဲ့တယ်။ အရင်တုန်းကလောက် များများစားစားမရှိပေမဲ့ ကျွန်မတို့ရဲ့ဘ၀က အရမ်းရိုးရှင်းသွားတယ်လို့လည်း ပြောနိုင်ပါတယ်။”

ဖရတ်ဒ်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်သောကြောင့် သူ၏ကျမ်းစာလေ့လာခြင်းက သူ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းပုံအပေါ် များစွာသက်ရောက်မှုရှိခဲ့သည်။ “တစ်ခါတစ်လေ အလုပ်၊ ရာထူး ဒါမှမဟုတ် ဘဏ်စာအုပ်မှာ အာမခံချက်ရှာယူတတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရရှိနိုင်တဲ့ တစ်ခုတည်းသောအာမခံချက်က ယေဟောဝါဘုရားသခင်ဆီကပဲဖြစ်တယ်ဆိုတာ ကျွန်တော်နားလည်လာတယ်။ တစ်ခုတည်းသောစစ်မှန်တဲ့အာမခံချက်ကိုရရှိစေတာက ကိုယ်တော်နဲ့ ကျွန်တော်တို့ကြားကဆက်ဆံရေးပဲဖြစ်တယ်” * ဟုသူပြောသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 13 ဈေးဝယ်သူများ ဝယ်ယူသည့်ပစ္စည်း၏ ၆၀ ရာခိုင်နှုန်းနီးပါးမှာ ရည်ရွယ်ထားခြင်းမရှိဘဲဝယ်မိခဲ့ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

^ အပိုဒ်၊ 30 ငွေကြေးကိုစီမံသုံးစွဲခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် ကျွန်ုပ်တို့၏ တွဲဖက်မဂ္ဂဇင်းဖြစ်သော ကင်းမျှော်စင် ၂၀၀၉၊ ဩဂုတ် ၁၊ စာမျက်နှာ ၁၀-၁၂ ကိုကြည့်ပါ။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

“ကျွန်တော်တို့ရဲ့အခြေခံ လိုအပ်ရာတွေအတွက် အမြဲဆုတောင်းခဲ့ပြီး ဘုရားသခင်ပေးတာနဲ့ ရောင့်ရဲတတ်ဖို့ သင်ယူခဲ့တယ်”

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ဇယား]

 ဘတ်ဂျက်တစ်ခု ရေးဆွဲနိုင်ပုံ

(၁) လစဉ် အခြေခံအကုန်အကျများကို ချရေးပါ– အစားအစာ၊ အိမ်အတွက်ကုန်ကျငွေ (ငှားရမ်းခ သို့မဟုတ် အရစ်ကျသွင်းငွေ)၊ ရေ၊ မီးစသည်တို့အတွက် ကျသင့်ငွေတောင်းခံလွှာ၊ ကားအတွက်ကုန်ကျငွေနှင့် အခြားအခြေခံအကုန်အကျတို့အတွက် တစ်လစာမှတ်တမ်းထားပါ။ နှစ်စဉ်ပေးဆောင်ရာများကို တစ်လစာပမာဏရဖို့ ၁၂ ဖြင့်စားပါ။

(၂) အကုန်အကျများကို အမျိုးအစားခွဲထားပါ– အစားအစာ၊ အိမ်၊ ကားနှင့် ခရီးစရိတ်စသည်တို့ ပါဝင်သည်။

(၃) အမျိုးအစားတစ်ခုစီအတွက် သင့်စုဆောင်းငွေများမှ မည်မျှသုံးစွဲမည်ကို တွက်ချက်ပါ– နှစ်စဉ်ပေးရသည့်ကျသင့်ငွေများအတွက် လစဉ်မည်မျှဖယ်ထားရမည်ကို “တွက်ချက်” ရမည်။

(၄) အိမ်သားအားလုံး၏ဝင်ငွေစုစုပေါင်းကို ချရေးပါ– အခွန်ငွေကဲ့သို့သော လျော့နည်းသွားသည့်ပမာဏကို နှုတ်ပါ။ ယင်းကို အကုန်အကျနှင့် နှိုင်းယှဉ်ပါ။

(၅) အမျိုးအစားတစ်ခုစီအတွက် လိုအပ်သောပမာဏကို လစဉ်ဖယ်ထားပါ– ရိုးရှင်းသည့်နည်းတစ်နည်းမှာ အမျိုးအစားတစ်ခုစီအတွက် မှတ်သားထားသည့် စာအိတ်တစ်အိတ်စီထားပါ။ ထို့နောက် သတ်မှတ်ထားသောအကုန်အကျကိုကာမိစေရန် ဆိုင်ရာစာအိတ်တွင် အခါသင့်သလို ငွေထည့်ပါ။

သတိပေးချက်– သင်သည် အကြွေးဝယ်ကတ်ကို သုံးပါက တာဝန်သိစိတ်ရှိပါ။ လူများစွာ၏ဘတ်ဂျက်များသည် ‘ယခုဝယ်၊ နောက်မှပေး’ စနစ်၏သွေးဆောင်မှုကြောင့် ပျက်စီးသွားသည်။

[ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

လစဉ်အသားတင်ဝင်ငွေ

လစဉ်အသားတင်လုပ်ခ ကျပ်․․․․․ အခြား ကျပ်․․․․․

အိမ်သားများ၏ လစဉ်အသားတင်လုပ်ခ ကျပ်․․․․․ စုစုပေါင်းအသားတင်ဝင်ငွေ

ကျပ်․․․․․

လျာထားသော အမှန်တကယ်

လစဉ်ကုန်ကျစရိတ် လစဉ်ကုန်ကျစရိတ်

ကျပ်․․․․․ အိမ်ငှားခ သို့မဟုတ် အရစ်ကျသွင်းငွေ ကျပ်․․․․․

ကျပ်․․․․․ အာမခံကြေး/အခွန် ကျပ်․․․․․

ကျပ်․․․․․ ရေ၊ မီးစသည် ကျသင့်ငွေတောင်းခံလွှာ ကျပ်․․․․․

ကျပ်․․․․․ ကား ကျပ်․․․․․

ကျပ်․․․․․ ဖျော်ဖြေမှု/သွားလာရေး ကျပ်․․․․․

ကျပ်․․․․․ ဖုန်း ကျပ်․․․․․

ကျပ်․․․․․ အစားအစာ ကျပ်․․․․․

ကျပ်․․․․․ အခြား ကျပ်․․․․․

လျာထားငွေစုစုပေါင်း အမှန်ကုန်ကျငွေစုစုပေါင်း

ကျပ်․․․․․ ကျပ်․․․․․

ဝင်ငွေနှင့် ကုန်ကျစရိတ် နှိုင်းယှဉ်ချက်

လစဉ် အသားတင်ဝင်ငွေ ကျပ်․․․․․

အနှုတ်− ညီမျှခြင်း

လစဉ်ကုန်ကျစရိတ် ကျပ်․․․․․ ကျပ်․․․․․