မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်က ပုဂ္ဂိုလ်တစ်ဦးလား

ဘုရားသခင်က ပုဂ္ဂိုလ်တစ်ဦးလား

သမ္မာကျမ်းစာရှုထောင့်

ဘုရားသခင်က ပုဂ္ဂိုလ်တစ်ဦးလား

ဘာဝတရားရဲ့ အံ့သြဖွယ်ရာတွေကြောင့် လူအတော်များများဟာ သဘာဝလွန်စွမ်းအားတစ်ခု၊ နတ်ဘုရားသခင်တစ်ပါးကို ယုံကြည်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ စကြဝဠာရဲ့ ရှုပ်ထွေးမှုကို သင် မှင်တက်မိသလား။ ကမ္ဘာ့အံ့ဖွယ်ရာတွေနဲ့ ရှုပ်ထွေးလှတဲ့ လူ့ကိုယ်ခန္ဓာတည်ဆောက်ပုံကို သင် အံ့သြမိန်းမောမိသလား။

ဒီလိုဆိုရင် အဲဒီအရာတွေကြောင့် သင်လည်းပဲ မြင့်မြတ်တဲ့ စွမ်းအားတစ်ခုကို ယုံကြည်လာတာဖြစ်ရမယ်။ တောင်တန်းတွေ၊ သစ်ပင်တွေ၊ မိုးကောင်းကင်နဲ့ စကြဝဠာမှာရှိတဲ့ တခြားအရာတွေထဲမှာ မြင့်မြတ်တဲ့ စွမ်းအားတစ်ခု ရှိတယ်လို့ ကိုးကွယ်မှုတချို့က သွန်သင်ကြတယ်။ တချို့က ကွယ်လွန်သူဘိုးဘေးတွေရဲ့ ကောင်းကျိုးပေးတဲ့ ဝိညာဉ်တွေနဲ့ ဆိုးကျိုးပေးတဲ့ ဝိညာဉ်တွေကို ယုံကြည်ကြတယ်။ အဲဒီဝိညာဉ်တွေဟာ မြင့်မြတ်တဲ့အရှင် ဘုရားသခင်ဖြစ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်ထားတယ်လို့ ဆိုကြတယ်။

ဘာပဲဖြစ်ဖြစ် လူအများရဲ့ ယုံကြည်ချက်က သဘာဝလွန်စွမ်းအားမှာ ပင်ကိုစရိုက် မရှိဘူးဆိုတာပါပဲ။ ဘုရားသခင်မှာ အကြံအစည်တွေ၊ စိတ်ခံစားမှုတွေ၊ ရည်ရွယ်ချက်နဲ့ အလိုဆန္ဒတွေရှိတယ်ဆိုတာကို လူတချို့ လက်ခံရခက်နေတယ်။ ဘုရားသခင်ဟာ ပုဂ္ဂိုလ်တစ်ဦးလား။ အဲဒီမေးခွန်းရဲ့အဖြေကို ကနေ့ခေတ်မှာ အုပ်ရေများစွာ ထုတ်ဝေနေရတဲ့၊ အထွတ်အမြတ်ထားခံရတဲ့၊ ရှေးအကျဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

လူ့သဘောသဘာဝကို ကြည့်ရင် ဘုရားသခင်ရဲ့သဘောသဘာဝကို သိရှိနိုင်

လူကို ဘုရားသခင်ရဲ့ အရည်အသွေးတော်တွေ တုပနိုင်အောင် ဖန်ဆင်းထားတယ်ဆိုတာကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဘုရားသခင်သည် လူသားများကို မိမိနှင့်တူအောင် ဖန်ဆင်းတော်မူ၏။”—ကမ္ဘာဦး ၁:၂၇၊ Today’s English Version.

အဲဒီကျမ်းစကားတွေက အာဒံနဲ့ဧဝဟာ ဘုရားသခင်နဲ့ ချွတ်စွပ်တူတယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဘုရားသခင်ဟာ မမြင်နိုင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမဲ့ လူသားတွေကိုတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ မြေကြီးဒြပ်စင်တွေနဲ့ ဖန်ဆင်းထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၂:၇; ယောဟန် ၄:၂၄) ဘုရားသခင်နဲ့လူသားတွေဟာ သဘောသဘာဝချင်း မတူညီတာကလွဲရင် လူသားတွေမှာရှိတဲ့ အရည်အသွေးတွေကိုကြည့်ပြီး ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ဆန်းစစ်လေ့လာသင့်ပါတယ်။

လူသားတွေဟာ အစွမ်းခွန်အားကို ထုတ်သုံးနိုင်တယ်။ ကောင်းစွာစဉ်းစားပြီး ဆုံးဖြတ်လုပ်ဆောင်နိုင်ကြတယ်။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့ သနားကြင်နာမှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လက်တွေ့ကျဉာဏ်ပညာနဲ့ တရားမျှတတဲ့သဘောတွေက လှုံ့ဆော်ပေးတယ်။ လူသားတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ အမျက်ထွက်ခြင်းစတဲ့ စိတ်ခံစားချက်တွေလည်း အမျိုးမျိုးရှိကြတယ်။ အဲဒီလိုခံစားချက်တွေ အမျိုးမျိုးရှိတဲ့အတွက်လည်း လူတစ်ယောက်နဲ့တစ်ယောက် အနည်းငယ် ကွဲပြားကြတာဖြစ်ပါတယ်။ ကျွန်ုပ်တို့တစ်ဦးချင်းစီမှာ တစ်မူထူးခြားတဲ့ ပင်ကိုစရိုက် ကိုယ်စီရှိကြတယ်။ လူသားတွေဟာ ပုဂ္ဂိုလ်တွေဖြစ်ကြတယ်။

ဘုရားသခင်ဟာ ဝိညာဉ်ဘုံမှာ ဦးတည်ချက်မဲ့ ပျံသန်းနေတဲ့ အကောင်အထည်မဲ့ စွမ်းအားတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်ုပ်တို့ကို အစိတ်အပိုင်းများစွာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေအဖြစ် ဖန်ဆင်းတာက အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ လူသားတွေဟာ ဘုရားသခင်နဲ့တူအောင် ဖန်ဆင်းခံရတယ်ဆိုရင် လူသားတွေရဲ့ သဘောသဘာဝက ဘုရားသခင်ရဲ့သဘောသဘာဝနဲ့ နည်းအမျိုးမျိုးနဲ့ ဆင်တူရမှာဖြစ်တယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို သုံးသပ်ကြည့်ရအောင်။

ဘုရားသခင်မှာ ကိုယ်ပိုင်နာမည်ရှိတယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင်ရဲ့နာမည်ကို ဒီလိုဖော်ပြထားတယ်– ‘ဤအမှုကိုပြုသော ဘုရားသခင်၊ ဤအမှုကို ဖန်ဆင်းစီရင်သော ဘုရားသခင်၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားသခင် မိန့်တော်မူသည်။’ (ယေရမိ ၃၃:၂) ဘုရားသခင်ဟာ မိမိရဲ့နာမည်ကို လူတွေသိစေချင်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုလည်း ဖော်ပြထားတယ်– ‘ထာဝရဘုရားသခင်၏ နာမည်သည် ယခုမှစ၍ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရားသခင်၏ နာမည်သည် ချီးမွမ်းဖွယ်ဖြစ်၏။’ (ဆာလံ ၁၁၃:၂၊ ၃) ဒါကြောင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေဟာ ကိုယ်တော်ရဲ့နာမည်ကို မကြာခဏ အသုံးပြုခြင်းအားဖြင့် ကိုယ်တော်ကို ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကိုးကွယ်ကြတယ်။

ဘုရားသခင်ဟာ တုနှိုင်းမမီတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဘုရားသခင်ဟာ တုနှိုင်းမမီတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ကောရိန္သု ၈:၅၊ ၆) ‘အို ထာဝရအရှင် ဘုရားသခင် ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်နှင့်တူသော ဘုရားသခင်၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားသခင် မည်မျှမရှိပါ။’ (၂ ရာ. ၇:၂၂) ယေဟောဝါဟာ “အထက်ကောင်းကင်ပေါ်၊ အောက်အရပ်မြေကြီးပေါ်မှာ [စစ်မှန်သော] ဘုရားသခင်” ဖြစ်တဲ့အပြင် ကိုယ်တော်နဲ့တူတဲ့ ‘အခြားတစ်ပါးသောဘုရားသခင် မရှိ’ လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။—တရားဟောရာ ၄:၃၉

ဘုရားသခင်ဟာ မကောင်းမှုကို မုန်းတီးတယ်။ ပုဂ္ဂိုလ်ကပဲ မုန်းခြင်းကို ခံစားနိုင်ပါတယ်။ “မော်သောမျက်နှာ၊ မုသာ၌ကျင်လည်သောလျှာ၊ အပြစ်ကင်းသူ၏ အသွေးကို သွန်သောလက်၊ ဆိုးသွမ်းသောအရာများကို ကြံစည်သောစိတ်နှလုံး၊ အဆိုးပြုရန် အလျင်အမြန် ပြေးတတ်သောခြေ၊ မုသာကိုမြွက်ဆို၍ မမှန်သောသက်သေ၊ ညီအစ်ကိုချင်းတို့တွင် ခိုက်ရန်ဖြစ်ပွားစေခြင်းငှာ ပြုတတ်သောသူ” တွေကို ဘုရားသခင် မုန်းတီးတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (သု. ၆:၁၆-၁၉) တခြားသူတွေကို ထိခိုက်နာကျင်အောင်လုပ်တဲ့ အကျင့်အကြံတွေကို ဘုရားသခင် စက်ဆုပ်ရွံရှာတယ်ဆိုတာ သတိပြုပါ။ ဒါကြောင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့အကျိုးကို ဂရုစိုက်ပြီး ကျွန်ုပ်တို့ကို ထိခိုက်စေတဲ့အရာတွေကို မုန်းတီးတယ်ဆိုတာ သိရှိရတယ်။

ယေဟောဝါဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်တယ်။ ဘုရားသခင်ဟာ “လောကသားတို့ကို ချစ်” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၃:၁၆သမ္မာ) ဒီကျမ်းချက်မှာ ဘုရားသခင်ကို သားသမီးတွေကို ကောင်းစားစေချင်တဲ့ မေတ္တာရှင် ဖခင်တစ်ဦးနဲ့ ပုံဖော်ထားပါတယ်။ (ဟေရှာယ ၆၄:၈) ဘုရားသခင်ဟာ မေတ္တာရှင်ဖခင်တစ်ဦးဖြစ်တယ်ဆိုတဲ့ ကိုယ်တော့်အနေအထားကို လူသားတွေ အသိအမှတ်ပြုခြင်းအားဖြင့် အကျိုးကျေးဇူးများစွာ ခံစားရရှိနိုင်ပါတယ်။

ဘုရားသခင်နဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်နိုင်

ဘုရားသခင်ဟာ နာမည်နဲ့ ပင်ကိုစရိုက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဘုရားသခင်ဟာ သနားကြင်နာမှု၊ ဉာဏ်ပညာနဲ့ တရားမျှတမှုစတဲ့ မြင့်မြတ်တဲ့ အရည်အသွေးတွေရဲ့ လှုံ့ဆော်မှုနဲ့ တန်ခိုးကို အသုံးပြုနိုင်တဲ့အပြင် ကြိုတင်တွက်ဆပြီး ချင့်ချင့်ချိန်ချိန် လုပ်ဆောင်နိုင်စွမ်းရှိတယ်။ ဘုရားသခင်ဟာ လူသားတွေနဲ့ ခပ်တန်းတန်းမနေဘူး။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘သင်၏ဘုရားသခင် ယေဟောဝါက “မစိုးရိမ်နှင့်။ ငါမစမည်” ဟုသင့်အားဆိုလျက် သင်၏လက်ယာလက်ကို ကိုင်မည်။’—ဟေရှာယ ၄၁:၁၃

ဘုရားသခင်မှာ လူသားတွေနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ရှိတယ်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်” လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၃၇:၂၉) ယေဟောဝါဟာ တုနှိုင်းမမီတဲ့အပြင် ထူးခြားတဲ့ ပင်ကိုစရိုက်ရှိတဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာကို သိရှိရခြင်းက ဘုရားသခင်နဲ့ ရင်းနှီးတဲ့မိတ်ဆွေဖွဲ့ပြီး ကိုယ်တော်ရဲ့မိတ်ဆွေ ဖြစ်တဲ့သူတွေကိုပေးမယ့် အကျိုးကျေးဇူးတွေကို ခံစားရရှိစေနိုင်ပါတယ်။—တရားဟောရာ ၆:၄၊ ၅; ၁ ပေတရု ၅:၆၊ ၇

သင် စဉ်းစားဖူးသလား

● ဘုရားသခင်မှာ ကိုယ်ပိုင်နာမည်ရှိသလား။ယေရမိ ၃၃:၂

● ဘုရားသခင်တွေ အများကြီးရှိသလား။၁ ကောရိန္သု ၈:၅၊ ၆

● လူသားတွေဟာ စစ်မှန်တဲ့ဘုရားသခင်နဲ့ ရင်းနှီးတဲ့မိတ်ဆွေဖွဲ့ နိုင်သလား။၁ ပေတရု ၅:၆၊ ၇

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဘုရားသခင်ဟာ အကောင်အထည်မဲ့ စွမ်းအားတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်ုပ်တို့ကို အစိတ်အပိုင်းများစွာပါဝင်တဲ့ ပုဂ္ဂိုလ်အဖြစ် ဖန်ဆင်းထားမှာမဟုတ်ဘူး