မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာတရားရဲ့ အပြစ်လား

ဘာသာတရားရဲ့ အပြစ်လား

ဘာသာတရားရဲ့ အပြစ်လား

၁၈ရာစုအစောပိုင်းက ဓမ္မဆရာနဲ့စာရေးဆရာဖြစ်သူ ဂျွန်နသန် ဆွစ်ဖ်က ဒီလိုရေးခဲ့တယ်– “အမုန်းအာဃာတပွားစေတဲ့ ဘာသာတရားတွေ အလုံအလောက်ရှိပေမဲ့ တစ်ဦးနဲ့တစ်ဦးချစ်အောင် လှုံ့ဆော်ဖို့အတွက်တော့ မလုံလောက်ဘူး။” ဘာသာတရားက တကယ်တော့ စည်းလုံးမှုအစား ပြိုကွဲစေတဲ့ တွန်းအားတစ်ရပ်ဖြစ်ကြောင်း လူအများသဘောတူကြတယ်။ ဒါပေမဲ့ အားလုံးတော့မဟုတ်ပါဘူး။

ဥပမာ၊ အင်္ဂလန်နိုင်ငံ ဘရတ်ဖို့ဒ် တက္ကသိုလ်က ငြိမ်းချမ်းရေးအကြောင်းလေ့လာတဲ့ဌာနရှိ သုတေသီအဖွဲ့တစ်ဖွဲ့ရဲ့ကောက်ချက်ကို သုံးသပ်ကြည့်ပါ။ ဒီအဖွဲ့ကို ဗြိတိန်အသံလွှင့်ကော်ပိုရေးရှင်းကနေ စေလွှတ်ခဲ့တာဖြစ်ပြီး ဘာသာတရားက ငြိမ်းချမ်းရေးအတွက်တွန်းအားလား (သို့) စစ်ပွဲအတွက်တွန်းအားလားဆိုတဲ့မေးခွန်းရဲ့ ခိုင်လုံတဲ့အဖြေကို ရှာဖွေခိုင်းခဲ့တယ်။

သုတေသီတွေက အခုလိုမှတ်တမ်းထုတ်ပြန်ခဲ့တယ်– “သမိုင်းရာဇဝင်ကို နယ်ပယ်အသီးသီးမှပညာရှင်များ လေ့လာဆန်းစစ်ပြီးနောက် လွန်ခဲ့သောနှစ် ၁၀၀ အတွင်း ဘာသာရေးစစ်ပွဲစစ်စစ်ဟူ၍ အနည်းငယ်သာရှိသည်ဟု ကောက်ချက်ချခဲ့ကြသည်။” တချို့စစ်ပွဲတွေကို “ဘာသာရေးစစ်ပွဲများ (သို့) ဘာသာရေးကွဲပြားမှုကြောင့်ဖြစ်လာသော စစ်ပွဲများဟူ၍ မီဒီယာနှင့် တခြားနေရာများတွင် ဖော်ပြလေ့ရှိသော်လည်း အမှန်မှာ ခုခံကာကွယ်လိုစိတ်ကြောင့်နှင့် နယ်မြေလွတ်မြောက်ရေးကြောင့် ဖြစ်ပေါ်လာသည့်စစ်ပွဲများဖြစ်သည်” ဆိုပြီး ဆန်းစစ်လေ့လာရေးအဖွဲ့က ရှင်းပြခဲ့တယ်။

ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ရေငုံနှုတ်ပိတ်နေခြင်းဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ လက်နက်ကိုင်အဓိကရုဏ်းတွေကို လျစ်လျူရှုတယ်၊ တက်တက်ကြွကြွထောက်ခံကြတယ်လို့ လူအများယူဆကြကြောင်း အောက်ပါကိုးကားချက်တွေက ဖော်ပြတယ်။

● “နေရာတိုင်းလိုလိုတွင် ဘာသာရေးနှင့် အကြမ်းဖက်မှု ဆက်စပ်နေသည်။ . . . မကြာသေးမီနှစ်များက အမေရိကန်ရှိ ကွန်ဆာဗေးတစ်ခရစ်ယာန်များကြား၊ အရှေ့အလယ်ပိုင်းရှိ ဒေါသထွက်နေသော မွတ်စလင်နှင့် ဂျူးများကြား၊ အရှေ့တောင်အာရှရှိ သဘောထားကွဲလွဲနေသော ဟိန္ဒူနှင့် မွတ်စလင်များကြား၊ အာဖရိကနှင့် အင်ဒိုနီးရှားရှိ ဒေသခံဘာသာဝင်များကြား ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ဤကိစ္စရပ်များတွင်ပါဝင်ခဲ့သူယောက်တိုင်းသည် နိုင်ငံရေးအဖွဲ့တစ်ခုခု၊ အယူအဆတစ်ခုခုကို ထောက်ခံရန်နှင့် လက်စားချေလိုသည့်ဆန္ဒအတွက် လိုင်စင်အဖြစ် ဘာသာရေးကိုအသုံးချခဲ့ကြသည်။”—Terror in the Mind of God—The Global Rise of Religious Violence.

● “ဘာသာရေးဘက် စိတ်အားကြီးသည့်နိုင်ငံများတွင် အဆိုးရွားဆုံးလူမှုပြဿနာများဖြစ်လေ့ရှိခြင်းမှာ အံ့ဩစရာပင်။ . . . ဘာသာတရားများ မှိုလိုပေါက်နေမှုက ရာဇဝတ်မှုတိုးများလာခြင်းကို မတားဆီးနိုင်ပေ။ . . . ထင်ရှားသည့်အချက်တစ်ခုမှာ လုံခြုံပြီးစနစ်ကျသည့်၊ သိက္ခာရှိပြီး ‘ယဉ်ကျေးသည့်’ အခြေအနေမျိုးတွင် နေထိုင်လိုပါက ဘာသာရေးစိတ်ပြင်းထန်သော နေရာများကိုရှောင်ပါ။”—Holy Hatred.

● “နှစ်ခြင်းအသင်းသားများကို ငြိမ်းချမ်းရေးဆောင်ရွက်မှုများထက် တိုက်ခိုက်မှုများကြောင့် လူသိများသည်။ . . . ၁၉ ရာစုတွင် [အမေရိကန်] ကျွန်အရေးကိစ္စနှင့် တခြားတိုးတက်မှုများက ဂိုဏ်းဂဏများကို ကွဲပြားစေပြီး အမေရိကန် မြောက်ပိုင်းနှင့်တောင်ပိုင်း စစ်ဖြစ်သည့်အခါ နှစ်ဖက်စလုံးရှိနှစ်ခြင်းအသင်းသားများက ယင်းစစ်ပွဲကို ဖြောင့်မတ်သောခရူးဆိတ်စစ်ပွဲအဖြစ်သတ်မှတ်ကာ ပါဝင်ခဲ့ကြသည်၊ ဘုရားသခင် ငါတို့ဘက်တွင်ရှိသည်ဟု နှစ်ဖက်စလုံးက ယူဆခဲ့ကြသည်။ အမေရိကန်ရှိနှစ်ခြင်းအသင်းသားများသည် အင်္ဂလန် (၁၈၁၂)၊ မက္ကဆီကို (၁၈၄၅)၊ စပိန် (၁၈၉၈) တို့နှင့် စစ်ဖြစ်ခဲ့ပြီး မက္ကဆီကို၊ စပိန်တို့နှင့်တိုက်ခဲ့သည့်စစ်မှာ ဖိနှိပ်ခံလူများ ဘာသာရေးလွတ်လပ်ခွင့်နှင့် ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် နယ်မြေသစ်ရအောင်ဆိုသည့် အကြောင်းပြချက်ဖြင့်ဖြစ်သည်။ အဓိကအချက်မှာ နှစ်ခြင်းအသင်းသားများသည် ငြိမ်းချမ်းရေးထက် စစ်ပွဲကိုလိုလားခြင်းမဟုတ်ဘဲ ဒေသအများစုတွင် စစ်ပွဲအမှန်တကယ်ဖြစ်လာသည့်အခါ ၎င်းတို့သည် ယင်းစစ်ပွဲများကို ထောက်ခံပြီး ပါဝင်ဆင်နွှဲကြခြင်းဖြစ်သည်။”—Review and Expositor—A Baptist Theological Journal.

● “ရာဇဝင်တစ်လျှောက် ကမ္ဘာတစ်ဝန်းရှိ လူမျိုးနှင့်ယဉ်ကျေးမှုမတူသူများကြား ဘာသာတရား၏လှုံ့ဆော်မှုကြောင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး စစ်ပွဲတိုင်းလိုလိုတွင် ဘာသာတရား၏ပယောဂမကင်းခဲ့ကြောင်း သမိုင်းပညာရှင်များ မှတ်တမ်းတင်ခဲ့ကြသည်။ ‘ဘုရားသခင် ငါတို့ဘက်မှာရှိတယ်’ ဟူသော ရှေးခေတ်ကြွေးကြော်သံက စစ်တိုက်ရန် ရှေးအကျဆုံးနှင့် အစွမ်းထက်ဆုံးသောလှုံ့ဆော်မှုဖြစ်သည်။”—The Age of Wars of Religion, 1000-1650—An Encyclopedia of Global Warfare and Civilization.

● “ဘာသာရေးခေါင်းဆောင်များသည် . . . ပို၍ထိထိရောက်ရောက်ဦးဆောင်နိုင်ရန်နှင့် ဆိုင်ရာယုံကြည်ချက်များ၏ အခြေခံကျသောတန်ဖိုးများကို ကောင်းစွာအသိပေးပြောပြနိုင်ရန် ၎င်းတို့ကိုယ်တိုင်၏ပျက်ကွက်မှုများကို အသေအချာသုံးသပ်ဖို့လိုသည်။ . . . ဘာသာတရားအားလုံး ငြိမ်းချမ်းမှုလိုလားသည်မှန်သော်လည်း ဘာသာတရားက ကိုယ့်အခန်းကဏ္ဍကို ကျေပွန်၏လောဆိုသည်မှာ မေးခွန်းထုတ်စရာပင်။”—Violence in God’s Name—Religion in an Age of Conflict.

သမိုင်းတစ်လျှောက် အမည်ခံခရစ်ယာန်တွေရဲ့အဓိကဂိုဏ်းဂဏအားလုံးက (ကက်သလစ်၊ ဩသဒေါက်စ်နဲ့ ပရိုတက်စတင့်) ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ဘယ်ပဋိပက္ခမှာမဆို နှစ်ဖက်စလုံးက စစ်သားတွေရဲ့စိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့၊ သေဆုံးသူတွေနဲ့ သေတော့မယ့်သူတွေအတွက်ဆုတောင်းပေးဖို့ ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ဓမ္မဆရာတွေ မကုန်မဆုံးနိုင်လောက်အောင် ထောက်ပံ့ပေးခဲ့တယ်။ ဒီလိုနည်းနဲ့ သွေးသွန်းမှုတွေကို မသိကျေးကျွန်ပြုပြီး စစ်တပ်တွေကို သူတို့ကောင်းချီးပေးခဲ့ကြတယ်။

ဒါပေမဲ့ စစ်ရေးရာတွေအတွက် ဘာသာတရားကို အပြစ်တင်လို့မရဘူးလို့ တချို့ယူဆနေဆဲဖြစ်တယ်။ ဒါဆိုရင် မေးစရာက ဘာသာတရားဟာ လူသားထုတစ်ရပ်လုံးစည်းလုံးအောင် လုပ်နိုင်ခဲ့သလား။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

“ချာ့ခ်ျပိုင်အိမ်သည် ကြည်းတပ် (သို့) ရေတပ် ဝင်လိုသူများအတွက် စာရင်းပေးသွင်းရမည့် တပ်သားစုဆောင်းရာနေရာဖြစ်သွားပြီဟု နှစ်ခြင်းချာ့ခ်ျတစ်ခု (Madison Avenue Baptist Church) ၏သိက္ခာတော်ရ သင်းအုပ် ဒေါက်တာ ချားစ် အေ. အက်တန်က ၎င်း၏တရားဟောစင်မြင့်မှ ယမန်နေ့က ကြေညာခဲ့သည်။

“သူသည် တနင်္ဂနွေမနက်ပုံမှန်ဝတ်ပြုဆုတောင်းပွဲတွင် စစ်ပွဲအတွက်တရားဟောသည့် တရားဟောဆရာများစွာထဲမှ တစ်ဦးဖြစ်ပြီး စစ်မှုထမ်းရန် အစောဆုံးစာရင်းသွင်းခြင်းဖြင့် မိမိလူမျိုးနှင့် ဒီမိုကရေစီစနစ်အပေါ်သစ္စာစောင့်သိကြောင်းပြဖို့ အမျိုးသား၊ အမျိုးသမီးများကို တိုက်တွန်းသည်။ ချာ့ခ်ျများစွာကို အလံများဖြင့် အလှဆင်ထားသည်။”—“The New York Times,” April 16,1917.