မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှီခိုအားထားနိုင်တဲ့ လမ်းညွှန်မှုနဲ့မျှော်လင့်ချက် ရင်းမြစ်

မှီခိုအားထားနိုင်တဲ့ လမ်းညွှန်မှုနဲ့မျှော်လင့်ချက် ရင်းမြစ်

မှီခိုအားထားနိုင်တဲ့ လမ်းညွှန်မှုနဲ့မျှော်လင့်ချက် ရင်းမြစ်

ကောင်းကင်တမန်ဆိုးတွေနဲ့မတူဘဲ ယေဟောဝါဘုရားသခင်ဟာ ဉာဏ်ပညာအရှိဆုံးနဲ့ တန်းခိုးအကြီးဆုံးဖြစ်တယ်။ ကိုယ်တော်ဟာ ချစ်ခြင်းမေတ္တာရဲ့ပြယုဂ်လည်းဖြစ်တယ်။ (၁ ယောဟန် ၄:၈) ကိုယ်တော်ရဲ့အကြံဉာဏ်တွေက အမြဲကောင်းမွန်ပြီး အခမဲ့ရရှိနိုင်တယ်၊ ကိုယ်တော်က ကျွန်တော်တို့ရဲ့အကောင်းဆုံးအကျိုးကို အမှန်လိုလားတယ်။ အကြားအမြင်ရတယ်၊ စိတ်တန်ခိုးရှိတယ်လို့ဆိုကြသူတွေနဲ့ ဘယ်လောက်ကွာခြားလိုက်သလဲ။ ဘုရားသခင်က “[လမ်းညွှန်ချက်ကောင်းဖြစ်သည့်] ရေ ငတ်သောသူအပေါင်းတို့ ရေရှိရာသို့လာကြလော့။ ငွေမရှိသောသူတို့ လာကြ။ ဝယ်၍စားသောက်ကြလော့။ ငွေမပါဘဲ အဖိုးကိုမပေးဘဲလာ၍ စပျစ်ရည်နှင့်နို့ကိုဝယ်ကြလော့။ အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သောအရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း အဘယ်ကြောင့်ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက် ကောင်းသောအစာကိုစားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိမွေ့လျော်စေလိမ့်မည်။”—ဟေရှာယ ၅၅:၁၊ ၂

မေတ္တာပြည့်ဝတဲ့ ကျွန်တော်တို့ဖန်ဆင်းရှင်ရဲ့ လမ်းညွှန်မှုနဲ့ရေးသားထားလို့ သမ္မာကျမ်းစာဟာ မျှော်လင့်ချက်၊ ဝတ်ပြုရေးဘက်ကာကွယ်ပေးမှု၊ ဘဝရည်ရွယ်ချက်နဲ့ အသက်တာမှာလိုက်လျှောက်သင့်တဲ့ အကောင်းဆုံးမူတွေကို ဖော်ပြပေးတယ်။ အောက်ဖော်ပြပါမေးခွန်းတွေနဲ့ ကျမ်းစာကကောက်နုတ်ထားတဲ့စာပိုဒ်တွေကို ခဏလောက်အချိန်ယူပြီး တွေးတောဆင်ခြင်ကြည့်ပါ။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

စစ်မှန်တဲ့စိတ်ငြိမ်သက်မှုကို ဘယ်လိုရှာတွေ့နိုင်မလဲ။ ကျမ်းစာက ခုလိုဖော်ပြတယ်– ‘သင့်ကိုရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင် ယေဟောဝါ မိန့်တော်မူသည်ကား ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ယေဟောဝါဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။’—ဟေရှာယ ၄၈:၁၇၊ ၁၈

မကောင်းမှုတွေ အမြဲရှိသွားမလား။ ‘ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီးပေါ်၊” ကဘ] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား ပြည်တော် [“မြေကြီးပေါ်၊” ကဘ] မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။’ (သု. ၂:၂၁၊ ၂၂) မှန်ပါတယ်၊ ဆိုးယုတ်တဲ့လူတွေဟာ ကောင်းကင်တမန်ဆိုးတွေလိုပဲ မီးနဲ့ဖျက်ဆီးခံရသလို အမြဲပျက်စီးပျောက်ကွယ်သွားပါလိမ့်မယ်။—ဗျာ. ၂၀:၁၀၊ ၁၄

ဖျားနာမှုနဲ့ ဒုက္ခဆင်းရဲတွေ ပပျောက်သွားမလား။ “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာ. ၂၁:၃၊ ၄

ဘုရားသခင်က ဘယ်တော့မှမလိမ်ဘူး၊ ကောင်းကင်တမန်ဆိုးတွေလိုမဟုတ်ဘူး။ ကိုယ်တော်ဟာ ‘မုသားပြောဆိုခြင်းနဲ့ကင်းစင်’ တယ်။ (တိတု ၁:၂) ဒါ့အပြင် နောက်ဆုံးဆောင်းပါးမှာ ဖော်ပြသွားမယ့်အတိုင်း ကိုယ်တော်ရဲ့အမှန်တရားက လွတ်မြောက်မှုကိုရော အသက်ကိုပါ ရရှိစေတယ်။—ယောဟန် ၈:၃၂; ၁၇:၃