မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သော့ချက် ၄—ကြိုတင်ကာကွယ်ပါ

သော့ချက် ၄—ကြိုတင်ကာကွယ်ပါ

“သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့် တွေ့တတ်၏။” (သု. ၂၂:၃) ရိုးရှင်းတဲ့ ကာကွယ်မှုတွေကို လုပ်ဆောင်ခြင်းက အချိန်နဲ့ ငွေကုန်သက်သာစေမယ့်အပြင် အဖျားအနာနဲ့ ဒုက္ခဝေဒနာတွေ မဖြစ်အောင်လည်း ကူညီပေးနိုင်တယ်။

သန့်သန့်ရှင်းရှင်း နေပါ။ “ကူးစက်ရောဂါ မပျံ့နှံ့ဖို့နဲ့ ကျန်းမာရေးကောင်းဖို့ သင်လုပ်နိုင်ရာတွေထဲမှာ အထိရောက်ဆုံးက လက်ဆေးခြင်းပါပဲ” လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာနက ဖော်ပြတယ်။ ကူးစက်ရောဂါ ၈၀ ရာခိုင်နှုန်းလောက်က မသန့်ရှင်းတဲ့လက်ကနေ ကူးစက်သွားခြင်းဖြစ်တယ်လို့ ပြောကြတယ်။ ဒါကြောင့် တစ်နေ့တာမှာ မကြာခဏဆိုသလို လက်ဆေးပါ။ အထူးသဖြင့် အစာမစားခင်၊ အစားအစာ မပြင်ဆင်ခင် (သို့) အနာ မကိုင်တွယ်ခင်၊ ပတ်တီးမစည်းခင်မှာတောင် လက်ဆေးပါ။ တိရစ္ဆာန်ကို ကိုင်ပြီးနောက်၊ အိမ်သာတက်ပြီးနောက် (သို့) ကလေးအညစ်အကြေးတွေကို သန့်စင်ပေးပြီးနောက်မှာလည်း လက်ဆေးပါ။

အယ်လ်ကိုဟောအခြေခံ လက်သန့်ဆေးတွေထက် ဆပ်ပြာနဲ့ လက်ဆေးခြင်းက ပိုထိရောက်တယ်။ ကလေးတွေကို လက်ဆေးဖို့၊ ပါးစပ်နဲ့ မျက်စိကို မကိုင်ဖို့ မိဘတွေက လေ့ကျင့်ပေးတဲ့အခါ ကလေးတွေ ပိုကျန်းမာလာကြတယ်။ နေ့တိုင်း ရေချိုးပါ၊ သင့်အဝတ်အစားနဲ့ အိပ်ရာခင်းတွေကို ပုံမှန်လျှော်ဖွပ်ပြီး သန့်ရှင်းစွာထားခြင်းကလည်း ကျန်းမာရေး ပိုကောင်းစေပါတယ်။

ရောဂါ မကူးစက်ရအောင် ကြိုတင်ကာကွယ်ပါ။ အဖျားရှိသူ (သို့) တုပ်ကွေးမိသူတစ်ဦးဦးနဲ့အတူ ဟင်းခွက်ပန်းကန်တွေ မျှမသုံးပါနဲ့၊ သူတို့နဲ့ နီးနီးကပ်ကပ် ထိတွေ့ခြင်းကို ရှောင်ပါ။ သူတို့ရဲ့ တံတွေးနဲ့ နှာရည်တွေကနေတစ်ဆင့် အဖျားရောဂါ သင့်ဆီ ကူးစက်လာနိုင်တယ်။ ဘီပိုး၊ စီပိုးနဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်လို သွေးမှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေက အဓိကအားဖြင့် လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးကို သွေးကြောထဲ ထိုးသွင်းခြင်းနဲ့ သွေးသွင်းခြင်းတို့မှတစ်ဆင့် ကူးစက်တယ်။ ကာကွယ်ဆေး ထိုးခြင်းက ကူးစက်ရောဂါတချို့ကို ကာကွယ်ပေးနိုင်ပေမဲ့ ကူးစက်ရောဂါရှိသူနဲ့ အတူနေတယ်ဆိုရင် လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခြင်းက ပညာရှိရာရောက်ပါတယ်။ အင်းဆက်ပိုး အကိုက်မခံရအောင် နေပါ။ ခြင် (သို့) ရောဂါပိုးသယ်ဆောင်တဲ့ တခြားအင်းဆက်တွေ အရမ်းများတဲ့နေရာမှာ အကာအကွယ်မရှိဘဲ အိမ်အပြင်ဘက်မှာ မထိုင်ပါနဲ့၊ မအိပ်ပါနဲ့။ အထူးသဖြင့် ကလေးတွေအိပ်တဲ့အခါ ခြင်ထောင် ထောင်ပေးပါ၊ အင်းဆက်သတ်ဆေးတွေ သုံးပါ။ *

သင့်အိမ်ကို သန့်ရှင်းစွာထားပါ။ သင့်အိမ် အတွင်းအပြင် သပ်ရပ်သန့်ရှင်းစွာရှိနေဖို့ အထူးကြိုးစားအားထုတ်ပါ။ ရေအောင်းပြီး ခြင်ပေါက်ပွားနိုင်တဲ့ ဘယ်လိုနေရာမျိုးကိုမဆို ရှင်းပစ်လိုက်ပါ။ အမှိုက်သရိုက်၊ အညစ်အကြေး၊ မဖုံးထားတဲ့အစားအစာနဲ့ အမှိုက်ပုံးတွေက အင်းဆက်နဲ့ ကြွက်လိုအကောင်လေးတွေရဲ့ အကြိုက်ဖြစ်ပြီး သူတို့တွေက ရောဂါဖြစ်စေနိုင်တဲ့ သေးငယ်လှတဲ့ ပိုးမွှားတွေကို သယ်ဆောင်လာနိုင်တယ်။ အိမ်သာမရှိဘူးဆိုရင် ချုံထဲသွားမယ့်အစား ရိုးရှင်းတဲ့တွင်းအိမ်သာတစ်လုံး ဆောက်လိုက်ပါ။ ယင်ကောင်တွေမလာအောင် အိမ်သာကို ဖုံးထားပါ။ ယင်ကောင်တွေက ကူးစက်နိုင်တဲ့မျက်စိရောဂါနဲ့ တခြားရောဂါတွေကို ပျံ့နှံ့စေပါတယ်။

ထိခိုက်ဒဏ်ရာမရအောင် ကြိုတင်ကာကွယ်ပါ။ အလုပ်လုပ်ချိန်၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်စီးချိန် (သို့) ကားမောင်းချိန်တို့မှာ ဘေးကင်းရေးဥပဒေတွေကို လိုက်နာပါ။ သင်မောင်းနှင်မယ့်ယာဉ်က အန္တရာယ်ကင်းကြောင်း သေချာစေပါ။ သင့်တော်တဲ့အကာအကွယ်ပစ္စည်းဖြစ်တဲ့ မျက်မှန်၊ ဦးထုပ်နဲ့ ဖိနပ်အပြင် နားကိုကာကွယ်ပေးတဲ့ပစ္စည်းနဲ့ ထိုင်ခုံခါးပတ်ကို သုံးပါ၊ အကာအကွယ်ဖြစ်စေတဲ့ အဝတ်အစားတွေကို ဝတ်ပါ။ နေရောင်ခြည် အလွန်အကျွံထိတွေ့ခြင်းက အရေပြားကင်ဆာနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတတ်တဲ့အတွက် ယင်းကိုရှောင်ပါ။ ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်လိုက်ပါ။ ချက်ချင်းဖြတ်လိုက်မယ်ဆိုရင် နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ လေဖြတ်ခြင်းတို့ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းသွားပါလိမ့်မယ်။ *

^ အပိုဒ်၊ 5 ၂၀၀၄၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! မှ “အင်းဆက်များကြောင့် ဖြစ်သောရောဂါ၊ ပြဿနာကြီးဖြစ်လာ” မျက်နှာဖုံးဆောင်းပါးများကို ကြည့်ပါ။

^ အပိုဒ်၊ 7 ၂၀၁၀၊ မေလထုတ် နိုးလော့! မှ “ဘယ်လို ဆေးလိပ်ဖြတ်ရမလဲ” မျက်နှာဖုံးဆောင်းပါးများကို ကြည့်ပါ။