မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတချို့ အကြမ်းဖက်နည်းကို ဘာကြောင့်သုံးရတာလဲ

လူတချို့ အကြမ်းဖက်နည်းကို ဘာကြောင့်သုံးရတာလဲ

လူတချို့ အကြမ်းဖက်နည်းကို ဘာကြောင့်သုံးရတာလဲ

စပိန်နိုင်ငံမှာနေထိုင်တဲ့ ဂျိုစေဗာကို အစွန်းရောက်အဖွဲ့ထဲ ဘာကြောင့်ဝင်ရတာလဲလို့ မေးတဲ့အခါ သူဒီလိုပြန်ဖြေတယ်– “အဲဒီတုန်းက ကျွန်တော်တို့ခံရတဲ့ ဖိနှိပ်မှုနဲ့ မမျှတမှုတွေဟာ မခံမရပ်နိုင်လောက်တဲ့အထိပဲ။ ကျွန်တော်နေတဲ့ ဘီလ်ဘာအိုမြို့ကြီးမှာ ရဲတွေရောက်လာပြီဆိုရင် လူတွေကိုရိုက်နှက်ပြီး ထောင်ချကြတယ်။”

ဂျိုစေဗာ ဒီလိုဆက်ပြောတယ်– “ရဲတွေရဲ့ အဲဒီလိုလုပ်ပုံကိုင်ပုံနဲ့ပတ်သက်ပြီး ကျွန်တော့်ခံစားချက်ကို ထုတ်ပြောလိုက်လို့ တစ်မနက်မှာ ကျွန်တော်အဖမ်းခံရတယ်။ ကျွန်တော်အရမ်းဒေါသထွက်လာတဲ့အတွက် အခြေအနေ တစ်မျိုးတစ်ဖုံပြောင်းစေဖို့ တစ်ခုခုလုပ်လိုက်ချင်တယ်၊ လိုအပ်မယ်ဆိုရင် အကြမ်းဖက်နည်းသုံးဖို့လည်း အဆင်သင့်ပဲ။”

ပါးကိုက်လို့ နားပြန်ကိုက်

သမ္မာကျမ်းစာက အကြမ်းဖက်မှုကို မထောက်ခံဘူး၊ ဒါပေမဲ့ အခုလိုဖော်ပြထားတယ်– “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၊” ဆိုလိုတာက အဆင်အခြင်မဲ့လုပ်ရပ်တွေကို လုပ်စေတတ်တယ်။ (ဒေ. ၇:၇) ဘာလူမျိုး၊ ဘာဘာသာ၊ ဘယ်နိုင်ငံကဖြစ်လို့ဆိုပြီး မတော်မတရားဆက်ဆံခံရတဲ့အခါ လူတော်တော်များများ ဒေါသထွက်လာကြတယ်။

ဥပမာ၊ ရှေ့ဆောင်းပါးမှာဖော်ပြထားတဲ့ ဟာဖာနီက ဒီလိုပြောတယ်– “ကျွန်တော်တို့နယ်မြေ အတင်းအဓမ္မ သိမ်းပိုက်ခံလိုက်ရတယ်။ တိရစ္ဆာန်တွေတောင် ကိုယ့်ပိုင်နက်အတွက် တိုက်ခိုက်ကြတယ်ဆိုတော့ ကျွန်တော်တို့ရဲ့ နယ်မြေနဲ့ အခွင့်အရေးအတွက် ပြန်တိုက်ခိုက်တာ သဘာဝကျတယ်လို့ ထင်တယ်။” အစွန်းရောက် အသေခံဗုံးခွဲသမားတစ်ဦးက ဒီလိုပြောခဲ့တယ်– “မင်းတို့က ငါတို့လူတွေကို ဗုံးခွဲ၊ အဆိပ်ငွေ့လွှတ်၊ ထောင်ချပြီး နှိပ်စက်နေတာတွေကို မရပ်တန့်သရွေ့ ငါတို့လည်း ဆက်ပြီးတိုက်ပွဲဝင်နေဦးမှာပဲ။” ဒါကို သူသေဆုံးပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်။

ဘာသာရေးရဲ့လှုံ့ဆော်မှု

အစွန်းရောက်သမားတွေကို လှုံ့ဆော်တာက လောကရေးရာတွေဖြစ်လေ့ရှိပေမယ့် သူတို့တွေဟာ ဘာသာရေးအကြောင်းပြချက်တွေကြောင့် အကြမ်းဖက်လုပ်ရပ်တွေကို မကြာခဏဆိုသလို ပြုလုပ်နေတယ်။ ပြောရေးဆိုခွင့်ရှိသူ အစွန်းရောက်သမားတစ်ဦးက ကမ္ဘာ့ခေါင်းဆောင်တစ်ဦးထံ ဒီစာတစ်စောင်ပေးပို့ခဲ့တယ်– “ငါတို့က ရူးနေတာမဟုတ်သလို အခွင့်အာဏာမက်တဲ့သူတွေလည်း မဟုတ်ဘူး။ ဘုရားသခင့်အမှုဆောင်နေတာဖြစ်လို့ ငါတို့ရဲ့အနေအထားက မှန်ကန်တယ်။”

ဘာသာရေးလှုံ့ဆော်မှုနဲ့ပတ်သက်ပြီး ဒန်နီယယ်လ် ဘင်ဂျမင်နဲ့ စတီဗင် စိုင်မွန်တို့ရေးသားခဲ့တဲ့ စာအုပ်တစ်အုပ်မှာ (The Age of Sacred Terror) ဒီလိုဖော်ပြထားတယ်– “ကမ္ဘာကြီးမှာ ဘာသာတရားတွေပိုပိုများလာတယ်၊ အဓိကဘာသာတရားတွေနဲ့ ဂိုဏ်းအသစ်တွေမှာ အကြမ်းဖက်မှုဟာ ဝတ်ပြုကိုးကွယ်ရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သင့်တယ်လို့ ယုံကြည်နေတဲ့ တပည့်နောက်လိုက်တွေ ပိုပိုများလာတယ်။” နောက်သုတေသီတစ်ဦးက “ကမ္ဘာတစ်ဝန်းမှ ကြီးကျယ်ခမ်းနားလှတဲ့အကြမ်းဖက်မှုများ” လို့သူအမည်ပေးထားတဲ့ အကြောင်းအရာများစွာကို မှတ်တမ်းတင်ပြီးတဲ့နောက် သူဒီလိုပြောတယ်– “ပြစ်မှုကျူးလွန်သူတွေက သူတို့ရဲ့လုပ်ရပ်တွေကို ဘုရားသခင်ခွင့်ပြုရုံလောက်ပဲမဟုတ်ဘူး၊ ဘုရားသခင့်အမိန့်တော်မြတ်အရ လုပ်တာပါဆိုပြီး အားလုံးကတစ်စိတ်တစ်သဘောတည်း ယုံကြည်နေကြတယ်။”

ဒါပေမဲ့ ဘာသာရေးဆိုင်ရာ အစွန်းရောက်သမားများစွာရဲ့ တစ်ဖက်စွန်းရောက်တဲ့ရှုမြင်ချက်တွေက သူတို့ရဲ့ ထုံးတမ်းစဉ်လာ ဘာသာရေးသွန်သင်ချက်စံနှုန်းတွေနဲ့ မကိုက်ညီကြပါ။

နှလုံးထဲမှာ အမြစ်စွဲနေ

အစောပိုင်းမှာဖော်ပြခဲ့တဲ့ ဂျိုစေဗာ အဖမ်းခံရချိန်မှာ ဆိုးဆိုးရွားရွား နှိပ်စက်ခံခဲ့ရတယ်။ သူဒီလိုပြောတယ်– “သူတို့တွေရဲ့ရက်စက်ကြမ်းကြုတ်မှုက ကျွန်တော်ဒေါသထွက်တာ ဘာမှအပြစ်မရှိဘူးလို့ ခံစားရစေတယ်။ အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် ကျွန်တော် အသက်တောင်ပေးရဲလာတယ်။”

အုပ်စုတွင်း သွန်သင်ခံရမှုတွေကြောင့် အဲဒီအုပ်စုမှာရှိသူတွေရဲ့ အကြမ်းဖက်မှုမှာပါဝင်ဖို့အကြောင်းပြချက်တွေက ပိုပြီးပြင်းထန်လာလေ့ရှိတယ်။ ဟာဖာနီ ဒီလိုပြောတယ်– “လူဖြူတွေက လူမည်းတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်မယ့်နည်းတွေကို အမြဲအကြံထုတ်နေကြတယ်လို့ ဒုက္ခသည်စခန်းမှာရှိနေတုန်းက ကျွန်တော်တို့သွန်သင်ခံခဲ့ရတယ်။” အဲဒီလိုသွန်သင်ခံရတဲ့အတွက် ရလဒ်က ဘာလဲ။

သူဒီလို ထပ်ပြောတယ်– “ကျွန်တော် လူဖြူတွေကို မုန်းသထက်မုန်းလာတယ်။ သူတို့တွေကို မယုံတော့ဘူး။ နောက်ဆုံး သည်းမခံနိုင်တော့လို့ ကျွန်တော်တို့မျိုးဆက်တွေအနေနဲ့ တစ်ခုခု လုပ်ကိုလုပ်ရမယ်လို့ ယူဆလာခဲ့တယ်။”

အံ့သြဖို့ကောင်းတာက ဂျိုစေဗာနဲ့ ဟာဖာနီတို့ဟာ သူတို့ရဲ့ အမြစ်စွဲနေတဲ့ မုန်းတီးစိတ်နဲ့ မယုံကြည်စိတ်တွေကို ဖျောက်ဖျက်ခဲ့ကြတယ်။ ဘယ်အရာက သူတို့ရဲ့ စိတ်နှလုံးကို ပြောင်းလဲစေခဲ့တာလဲ။ နောက်ဆောင်းပါးက ရှင်းပြပါလိမ့်မယ်။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“သူတို့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုက ကျွန်တော်ဒေါသထွက်တာ ဘာမှအပြစ်မရှိဘူးလို့ ခံစားရစေတယ်။ အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် ကျွန်တော် အသက်တောင်ပေးရဲ လာတယ်။”—ဂျိုစေဗာ