မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပညာရှိစွာ ရွေးချယ်မလား

ပညာရှိစွာ ရွေးချယ်မလား

ပညာရှိစွာ ရွေးချယ်မလား

“ကျွန်တော့်မိဘတွေနားထောင်တဲ့သီချင်းတွေက ပျင်းစရာသိပ်ကောင်းတယ်” လို့ ၁၇ နှစ်အရွယ်ဂျော်ဒန်က ညည်းညူပြောဆိုတယ်။ *

“ကျွန်မသားနားထောင်တဲ့သီချင်းတွေက စိတ်ပျက်မှုတွေ၊ ဒေါသတွေနဲ့ပဲ ပြည့်နှက်နေတယ်” လို့ မိခင်ဖြစ်သူ ဒဲနစ်က ညည်းတွားပြောဆိုတယ်။

မိဘတွေနဲ့ ဆယ်ကျော်သက်တွေဟာ တေးဂီတနဲ့ပတ်သက်ရင် ဘာကြောင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေရတာလဲ။ တစ်ချက်အနေနဲ့ အသက်အရွယ်ရလာတာနဲ့အမျှ တေးဂီတအကြိုက်တွေဟာလည်း ပြောင်းလဲတတ်တဲ့အတွက်ဖြစ်တယ်။ နောက်တစ်ချက်ကတော့ တေးဂီတကိုယ်နှိုက်ကလည်း ပြောင်းလဲတတ်တယ်။ ဒါကြောင့် ကနေ့ လူကြိုက်များတဲ့သီချင်းဟာ မနက်ဖြန်မှာ ခေတ်မမီတော့ဘဲဖြစ်သွားနိုင်တယ်။

ဘာပဲဖြစ်ဖြစ် တေးဂီတမှာ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိတယ်။ တေးဂီတက ကျွန်တော်တို့ရဲ့စိတ်ခံစားချက်အပေါ် ဩဇာသက်ရောက်နိုင်ပုံကို သတိထားမိသလား။ ရှေးအစ္စရေးဘုရင်ရှောလု စိတ်သောကရောက်တဲ့အခါ သာယာတဲ့တေးသီချင်းက သူ့ကို စိတ်ချမ်းသာစေခဲ့တယ်။ (၁ ရာ. ၁၆:၂၃) သီချင်းတွေဟာ ကျွန်တော်တို့ပေါင်းသင်းတဲ့လူတွေနဲ့ အတော်လေးတူနိုင်တယ်။ တချို့က ပျော်ရွှင်မှုနဲ့ မေတ္တာတို့လို အပြုသဘောဆောင်တဲ့စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေတယ်။ တချို့ကျတော့ ဒေါသအမျက်ကြီးမှုနဲ့ မုန်းတီးမှုလိုမျိုး အပျက်သဘောထားတွေကို ဖြစ်စေနိုင်တယ်။—သု. ၁၃:၂၀

တေးဂီတဟာ အလွန်သြဇာလွှမ်းမိုးနိုင်တဲ့အတွက် မိဘနဲ့ သားသမီးတွေအနေနဲ့ တေးဂီတကို ဂရုတစိုက်ရွေးချယ်ခြင်းက ပညာရှိရာရောက်ပါတယ်။ သင်ဟာ မိဘတစ်ဦးဖြစ်မယ်ဆိုရင် သင့် ဆယ်ကျော်သက်အရွယ်ကလေးတွေ ဘာတွေနားထောင်တယ်၊ ဘယ်လောက်ကြာကြာနားထောင်တယ်ဆိုတာကို အမှန်တကယ်စိတ်ဝင်စားသလား။ သူတို့အတွက် စံနှုန်းတွေ သတ်မှတ်ပေးသလား။

အဲဒါက ဘယ်လိုတေးဂီတမျိုးကိုတော့ နားမထောင်ရဘူးလို့ သူတို့ကို တားမြစ်ရုံနဲ့မလုံလောက်ဘူး။ သင့်တော်တဲ့တေးဂီတမျိုးကို သူတို့ရွေးချယ်တတ်အောင် သင့်ဆယ်ကျော်သက်ကလေးတွေကို ကူညီပေးသင့်တယ်။ On Becoming Teenwise ဆိုတဲ့စာအုပ်က ဒီလိုပြောတယ်– “တစ်ဦးတစ်ယောက် အလွန်နှစ်သက်တဲ့အရာကို ဘာမှအစားမထိုးပေးဘဲ ဒီအတိုင်းယူလိုက်လို့မရဘူး။ လစ်ဟာသွားတဲ့နေရာမှာ အဲဒီလူအတွက် အသစ်ဖြစ်မယ့်အရာတစ်ခုခုနဲ့ ပြန်အစားထိုးပေးဖို့လိုတယ်၊ အဲဒီလိုမှမဟုတ်ရင် အဟောင်းကိုပဲ ပြန်တမ်းတလိမ့်မယ်။”

နောက်သုံးသပ်ရမယ့်အချက်တစ်ခုက– သင့်ကလေးတွေ ဘယ်လောက်ကြာကြာ သီချင်းနားထောင်လေ့ရှိသလဲ။ အိမ်စာ၊ ဝတ်ပြုရေးနဲ့ အိမ်အလုပ်တွေလို ပိုအရေးကြီးတဲ့အရာတွေအတွက် အချိန်မရတော့တဲ့အထိလား။ ကျမ်းစာပြောတဲ့အတိုင်း “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။”—ဒေ. ၃:၁

တစ်ယောက်တည်းသီးသန့်နေခြင်းက နောက်ထပ်ပြဿနာတစ်ခုဖြစ်နိုင်တယ်။ တိတ်ဆိတ်စွာ ဆင်ခြင်သုံးသပ်နိုင်ဖို့ ကျွန်တော်တို့အားလုံးမှာ သီးသန့်ကိုယ်ပိုင်အချိန်တွေရှိသင့်တယ်၊ ဒါမှသာ ဘဝမှာ အရေးကြီးတဲ့အရာတွေကို အလေးအနက်စဉ်းစားနိုင်မှာဖြစ်တယ်။ (ဆာလံ ၁:၂၊ ၃) ဒါပေမဲ့ သီးသန့်နေလွန်းမယ်ဆိုရင် ကိုယ့်အတွက်ပဲစဉ်းစားတဲ့သူ (သို့) တစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်လာနိုင်တယ်။ (သု. ၁၈:၁) အခု အသက် ၂၀ ရှိပြီဖြစ်တဲ့ ဖဲလ်ပါက သီချင်းတွေနားထောင်တဲ့အချိန်ဟာ သူ့ရဲ့ ‘သီးသန့်အချိန်’ လို့ ယူဆထားတယ်။ သူဒီလိုဆက်ပြောတယ်– “ဒါပေမဲ့ ကျွန်တော် သီးသန့်နေလွန်းမှာကို အမေ စိုးရိမ်နေတယ်။”

ဖဲလ်ပါလို လူငယ်တွေနဲ့ သူတို့ရဲ့မိဘတွေဟာ ငြင်းခုံခြင်းမရှိဘဲ အပြန်အလှန်နားလည်မှုတည်ဆောက်နိုင်အောင် ဘာက အကူအညီပေးနိုင်မလဲ။ ကျွန်တော်တို့အားလုံး တေးဂီတကို ပညာရှိစွာ ဘယ်လိုရွေးချယ်နိုင်မလဲ။ ကျမ်းစာမူတွေက အထောက်အကူပေးနိုင်တယ်ဆိုတာကို လူများစွာတွေ့ရှိခဲ့တယ်။ အောက်ပါမေးခွန်းသုံးခုကို သင့်ကလေးတွေနဲ့အတူ သုံးသပ်ကြည့်ပါလေ။

တေးဂီတမှာ ဘာအကြောင်းအရာတွေ ပါဝင်သလဲ။ “မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်းပြောဆိုခြင်းပင် မပြုကြနှင့်။” (ဧဖက် ၅:၃) သီချင်းတော်တော်များများမှာ မကောင်းတဲ့စာသားတွေမပါတာ မှန်ပါတယ်။ ဒါပေမဲ့ ကျမ်းစာမူတွေလို အကျိုးပြုတဲ့စာရိတ္တစံနှုန်းတွေကို ချိုးဖောက်ဖို့ မသိမသာ (သို့) သိသိသာသာအားပေးအားမြှောက်ပြုတဲ့ သီချင်းတွေလည်း ရှိတယ်။ အမှန်ဆိုရင် တချို့တေးသီချင်းတွေဟာ စာရိတ္တပျက်ပြားမှု၊ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ကျော်ကြားနေတယ်။ “ရက်ပ်တေးစာသားတွေဟာ များသောအားဖြင့် ထိတ်လန့်ဖွယ်ကောင်းတယ်၊ တစ်ခါတလေမှာဆိုရင် ကြမ်းကြုတ်မှု၊ အမျိုးသမီးတွေကိုမုန်းတီးစိတ်၊ ညစ်ညမ်းမှုတွေနဲ့ ပြည့်နေတယ်” လို့ စာရေးဆရာ ကရမ် စတဲန်ဟေမာက ပြောတယ်။ ဟဲဗီးမက်တဲလ်တေးစာသားတွေမှာ အကြမ်းဖက်မှုနဲ့ ဂမ္ဘီရပညာတွေပါဝင်တတ်တယ်။ အခုခေတ်ပေါ့ပ်တေးသီချင်းတွေမှာတောင် မသင့်တော်တဲ့အပြုအမူကို အားပေးထားတာတွေ ရှိတယ်။ ဒါကြောင့် တေးဂီတကို ပညာရှိစွာ ရွေးချယ်နိုင်ဖို့ “သင်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုပါ။ (ရောမ ၁၂:၁) လူကြိုက်များရုံနဲ့ (သို့) သီချင်းကောင်းရုံနဲ့ မျက်စိစုံမှိတ် မရွေးချယ်ပါနဲ့။

တေးဂီတက ငါ့ရဲ့ခံစားချက်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။” (သု. ၄:၂၃) သင်ရွေးချယ်လိုက်တဲ့တေးဂီတက သင်ဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ ဖော်ပြရုံထက်မက သင့်စိတ်နှလုံးအပေါ် ဩဇာလွှမ်းမိုးနိုင်တယ်။ အထက်မှာဖော်ပြခဲ့တဲ ဂျော်ဒန်က ဒီလိုပြောတယ်– “တချို့တေးသီချင်းမျိုးကိုနားထောင်တဲ့အခါ ဒေါသအမျက်ကြီးမှုနဲ့ ရန်လိုစိတ်တွေရှိလာတယ်။” ကိုယ့်ကိုယ်ကိုယ်ဒီလိုမေးပါ– ‘ငါရွေးချယ်တဲ့တေးသီချင်းက ငါ့စိတ်နေစိတ်ထားနဲ့ အတွေးအခေါ်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။ နားထောင်ပြီးတဲ့နောက်မှာ သက်သောင့်သက်သာဖြစ်ပြီး စိတ်လန်းဆန်းသွားသလား ဒါမှမဟုတ် စိတ်တင်းကျပ်ပြီး ဝမ်းနည်းစေသလား။ မလျောက်ပတ်တဲ့အတွေးတွေကို ဖြစ်ပေါ်စေသလား။’ (ကောလောသဲ ၃:၅) တချို့တေးဂီတတွေက မသင့်လျော်တဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေတယ် (သို့) မကောင်းတဲ့အတွေးတွေကို နှိုးဆွပေးတယ်ဆိုရင် အဲဒါတွေကို လွှင့်ပစ်လိုက်တာ ပညာရှိရာရောက်ပါတယ်။ (မဿဲ ၅:၂၈၊ ၂၉) အသက် ၁၇ နှစ်အရွယ်ရှိ ဟန်နန်က ဒီလိုပြောတယ်– “မကောင်းတဲ့တေးသီချင်းတွေက ဆိုးကျိုးဖြစ်စေနိုင်တယ်ဆိုတာ ကျွန်မသိတယ်၊ အဲဒီသီချင်းရဲ့ဆိုးကျိုးတွေကို ကျွန်မလုံးဝမလိုချင်ဘူး။”

တေးဂီတတွေက ငါတန်ဖိုးထားတာတွေအပေါ် ဩဇာညောင်းသွားမလား။ အာမုတ် ၅:၁၅ ကဒီလိုပြောတယ်– “ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကိုချစ်ကြလော့။” အခုအခါမှာ လူအများစုဟာ “ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ . . . ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ” ဖြစ်ကြမယ်ဆိုတဲ့ ကျမ်းစာကြိုဟောထားချက်တွေ ပြည့်စုံနေတဲ့အတွက် အခက်အခဲရှိတယ်။ (၂ တိမောသေ ၃:၁-၄) ဒါကြောင့် အခန်းငယ် ၅ ကဒီလိုပြောတယ်– “ထိုသူတို့ကို ရှောင်လော့။”

အဲဒီလိုလူတွေကို ဘယ်လိုရှောင်မလဲ။ သူတို့နဲ့ လူကိုယ်တိုင်မပေါင်းသင်းရုံထက်မက လုပ်ဖို့လိုတယ်ဆိုတာ ထင်ရှားတယ်။ ဘုရားတရားမဲ့တဲ့လမ်းစဉ်ကို ဖော်ကျူးတဲ့ သူတို့ရဲ့တေးသီချင်းတွေကိုလည်း ငြင်းပယ်ရမယ်။ (ဧဖက် ၄:၂၅၊ ၂၉၊ ၃၁) ဒါပေမဲ့ အဲဒီလိုငြင်းပယ်တာက တေးဂီတကို ရွေးချယ်စရာမရှိလောက်အောင် ဖြစ်စေမလား။ လုံးဝဖြစ်စေမှာ မဟုတ်ဘူး။

သင့်အကြိုက်ကို ဘောင်ခတ်မထားပါနဲ့

မိသားစုအတော်များများမှာ မိဘတွေနဲ့ သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေဟာ တေးသီချင်းနဲ့ပတ်သက်ပြီး သူတို့ရဲ့အကြိုက်ချင်းဖလှယ်ရတာကို နှစ်သက်ကြတယ်။ လီနာက ဒီလိုပြောတယ်– “ကျွန်မရဲ့ ၁၃ နှစ်အရွယ်သမီးက သူ့အကြိုက်ဆုံးသီချင်းကို ကျွန်မကိုနားထောင်ခိုင်းတယ်၊ အခုဆိုရင် အဲဒီသီချင်းကို ကျွန်မကြိုက်သွားပြီ။” ၁၆ နှစ်အရွယ် ဟဲသာနဲ့ သူ့မိဘတွေက တေးသီချင်း၊ စီဒီတွေကို သူတို့အချင်းချင်း အမြဲလိုလိုလဲလှယ် နားထောင်ကြတယ်။

ကမ္ဘာတစ်ဝန်းမှာ အသက်အရွယ်နဲ့ နောက်ခံအသီးသီးရှိကြတဲ့ သန်းပေါင်းများစွာသော ယေဟောဝါသက်သေတွေဟာ ယေဟောဝါအား တေးသီကျူးကြ * ဆိုတဲ့သီချင်းစာအုပ်ထဲက ဘုရားရေးရာစိတ်ဓာတ်တိုးပွားစေတဲ့ တေးသီချင်းတွေအပါအဝင် တေးသွားအမျိုးမျိုးကို နှစ်သက်ကြတယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာ အဲဒီတေးသွားတွေဟာ ဒေသခံတေးသွားတွေနဲ့ ကွဲပြားခြားနားနိုင်တယ်။

သင်ဟာ မိဘတစ်ဦးပဲဖြစ်ဖြစ်၊ ဆယ်ကျော်သက်တစ်ဦးပဲဖြစ်ဖြစ် အခွေတစ်ခွေ ဝယ်ချင်တယ် ဒါမှမဟုတ် တချို့တေးသီချင်းကို ကူးယူချင်တယ်ဆိုရင် ဒီလိုမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ်မေးကြည့်နိုင်တယ်– ‘တေးဂီတ ခံစားနိုင်စွမ်းကို ဘယ်သူပေးတာလဲ။ လူတွေကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါမဟုတ်လား။ ဒါဆိုရင် ကိုယ်တော်ပေးတဲ့ ဒီဆုကျေးဇူးကို ကျေးဇူးတင်လေးမြတ်ကြောင်း ငါဘယ်လိုပြနိုင်မလဲ။ အမှန်နဲ့ အမှား၊ ပညာရှိခြင်းနဲ့ ပညာမဲ့ခြင်းတို့နဲ့ပတ်သက်တဲ့ ကိုယ်တော်ရဲ့စံနှုန်းတွေကို ငါတန်ဖိုးထားသင့်တယ်မဟုတ်လား။’ အဲဒီလိုမေးခွန်းတွေကို သုံးသပ်ခြင်းက တေးဂီတကို ပညာရှိစွာရွေးချယ်ဖို့ အထောက်အကူပေးမှာဖြစ်ပြီး ဒီနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ရော၊ ဖန်ဆင်းရှင်ရဲ့စိတ်နှလုံးကိုပါ ရွှင်လန်းစေနိုင်မှာဖြစ်ပါတယ်။—သု. ၂၇:၁၁

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 နာမည်တချို့ ပြောင်းထားတယ်။

^ အပိုဒ်၊ 17 www.pr418.com ဝက်ဘ်ဆိုက်မှာ ကူးယူနိုင်တယ်။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

တချို့တေးသီချင်းတွေဟာ စာရိတ္တပျက်ပြားမှုနဲ့ ကျော်ကြားနေတယ်

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

သင်မွေ့လျော်ခံစားနိုင်တဲ့ တေးဂီတအမျိုးမျိုးရှိတယ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကျွန်တော်ပြောင်းလဲခဲ့ရတဲ့ အကြောင်းရင်း

“အရက်၊ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုတွေနဲ့သာ အချိန်ကုန်ခဲ့တဲ့အတွက် ကျွန်တော့်ဆယ်ကျော်သက်ဘဝကို သိပ်တောင်မမှတ်မိတော့ဘူး၊ ဟဲဗီးမယ်တဲလ်နဲ့ ရက်ပ်တေးဂီတကြောင့် ကျွန်တော် ဒီလိုဘဝမျိုးရောက်ခဲ့ရတာ” လို့ အသက်၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်ရှ်လေ ပြောတယ်။ “မြင့်မြတ်သန့်ရှင်းရာတွေကို ရှုတ်ချပြီး အမုန်းတရားတွေနဲ့ပြည့်နေတဲ့ စာသားတွေ၊ ခပ်ပြင်းပြင်းရိုက်ချက်တွေကိုကြားရတဲ့အခါ အားပြည့်သွားသလိုပဲ။ အဲဒီတေးဂီတတွေက ကျွန်တော့်ကို မူးယစ်ဆေးသုံးတဲ့သူငယ်ချင်းတွေနဲ့ ထိတွေ့စေခဲ့တယ်။ ရက်ပါတွေ၊ ဟဲဗီးမက်တလ်အဖွဲ့တွေက ကျွန်တော်တို့ရဲ့ ဆရာတွေ၊ ဟီရိုးတွေပဲ။”

“ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော့်ဘဝက တော်တော်လေးကို ဆိုးရွားသွားတယ်။ အသက် ၁၇ လောက်မှာ ဆေးချတာများပြီး ကျွန်တော် သေမလိုဖြစ်ခဲ့တယ်။ ကျွန်တော်နိုးလာတဲ့အခါ ဘုရားသခင်ဆီ ကူညီပေးဖို့ ဆုတောင်းခဲ့တယ်။ ဘုရားသခင့်နာမည်ဟာ ယေဟောဝါဖြစ်တယ်လို့ ကောင်လေးတစ်ယောက်က ကျွန်တော့်ကို ပြောပြဖူးတယ်၊ ဒါကြောင့် ကိုယ်တော့်အကြောင်း ယေဟောဝါသက်သေတွေ ပြောပြနိုင်မှာပဲဆိုတာ ကျွန်တော်သိလိုက်တယ်။ ဒါနဲ့ ဖုန်းစာအုပ် ကောက်ယူလိုက်ပြီး သက်သေခံ တွေကို ခေါ်လိုက်တယ်၊ သူတို့နဲ့ ကျမ်းစာစလေ့လာခဲ့တယ်။”

“ကျွန်တော့်အကျင့်ဆိုးတွေကို စွန့်ပစ်လိုက်ပြီး ကျွန်တော့်သီချင်းခွေတွေကိုလည်း လွှင့်ပစ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော့် စီဒီတွေကို အမှိုက်ပုံးထဲပစ်လိုက်ချိန်မှာ ဒါတွေကို ပြန်စိုက်ကြည့်နေမိသေးတယ်။ ကျွန်တော့်စိတ်ထဲတစ်မျိုးကြီးပဲ။ ဒါပေမဲ့ ဒီတေးဂီတကြောင့် ကျွန်တော်အကျင့်ဆိုးတွေကျင့်မိပြီး ကျွန်တော့်ဘဝပျက်စီးခဲ့ရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးခဲ့တယ်။ ကျွန်တော် လှည့်ထွက်လာခဲ့တယ်။

“နှစ်များစွာကြာခဲ့ပေမဲ့ ဒီနေ့ထိ ကျွန်တော် ဟဲဗီးမက်တလ်နဲ့ ရက်ပ်သီချင်းတွေကို နားထောင်ချင်တုန်းပဲ။ ဒါကြောင့် ဒါတွေကို စွဲတတ်တဲ့မူးယစ် ဆေးဝါးအလား ဝေးဝေးရှောင်ခဲ့တယ်။ အခု ကျွန်တော်ဟာ သီချင်းကြီးတွေ၊ ရောခ့်သီချင်းအေးအေးလေးတွေနဲ့ ဂန္တဝင်သီချင်း အပါအဝင် သီချင်းပုံစံအမျိုးမျိုးကို နှစ်သက်တတ်လာပြီ။ အကောင်းဆုံးကတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပြီ။”

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

မိဘများအတွက် အကြံပြုချက်

သင့်ကလေးနားထောင်နေတဲ့သီချင်းကြောင့် သင်စိုးရိမ်မကင်းဖြစ်မိပါသလား။ ငြင်းခုံမှုမဖြစ်ဘဲ သူ့ကို ဘယ်လိုကူညီပေးနိုင်မလဲ။ ဒီအကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ–

အရင်လေ့လာပါ သင် စမပြောခင် အချက်အလက်တွေ ရယူပါ။ သီချင်းကို နားထောင်ကြည့်ပါ၊ စာသားတွေကို ဂရုစိုက်ကြည့်ပါ၊ ခွေအဖုံးကို စစ်ဆေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ၊ ‘စိုးရိမ်ဖို့ အကြောင်းရင်း ရှိလား၊ ဒါမှမဟုတ် ငါပဲ ဇီဇာကြောင်နေတာလား။’ ကျမ်းစာက ဒီလိုဆိုတယ်– “အသိဉာဏ်ရှိသူတို့သည် စကားမပြောမီ စဉ်းစားဆင်ခြင်တတ်ကြ၏။ သို့ဖြစ်၍ သူတို့ပြောသောစကားများသည် လူတို့စိတ်ကို ပို၍ ဆွဲဆောင်နိုင်လေသည်။”—သု. ၁၆:၂၃ခမ။

ပိုင်းခြားသိမြင်မှုရှိပါ တေးသီချင်းက သင့်ကလေးရဲ့ လုပ်ဆောင်မှု၊ စဉ်းစားပုံနဲ့ ခံစားချက်ကို မြင်တွေ့နိုင်တဲ့ ပြတင်းပေါက်ဖြစ်နိုင်တယ်။ သူ့ခံစားချက်တွေကို ဖြည်းဖြည်းချင်း နှိုက်ထုတ်ပါ။ ဒီလိုမေးပါ– “ဒီသီချင်းမှာ ဘာကိုကြိုက်တာလဲ။ ဒီသီချင်းရဲ့စာသားက သား/သမီးရဲ့ခံစားချက်နဲ့ တူနေလို့လား။” သူတို့ပြန်ဖြေတာကို ဂရုတစိုက် နားထောင်ပါ။ သု. ၂၀:၅ (ခမ) က ဒီလိုပြောတယ်– “လူ၏အကြံအစည်တို့သည် ရေတွင်းနက်ထဲက ရေနှင့်တူ၏။ သို့ရာတွင် ဉာဏ်ရှိသူသည် ခပ်ယူနိုင်လေသည်။”

တည်ဆောက်တတ်ပါ သင့်ပန်းတိုင်က လက်သင့်မခံနိုင်ဖွယ် စီဒီကို လွှင့်ပစ်ခိုင်းဖို့သာ မဟုတ်ဘူး။ “သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန်” လေ့ကျင့်ပေးဖို့ဖြစ်တယ်၊ ဒါမှ သူကိုယ်တိုင် မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်။ (ဟေဗြဲ ၅:၁၄) ဒါကြောင့် ကျမ်းစာမူတွေကို ရှာဖွေပြီး ကျိုးကြောင်းဆင်ခြင်တတ်အောင် သင်ပေးပါ၊ ဒါက သင့်ကလေးရဲ့ ဘဝတစ်လျှောက်လုံးမှာ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒီလိုသင်ပေးခြင်းဟာ ကမ္ဘာပေါ်က ရွှေတွေရှိသမျှထက် ပိုတန်ဖိုးရှိတဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ဘုရားသခင့်ဉာဏ်ပညာရရှိအောင် သင့်ကလေးတွေကို ကူညီရာရောက်တယ်။—သု. ၂:၁၀-၁၄; ၃:၁၃၊ ၁၄

ခိုင်မာပါ၊ သနားစာနာပါ၊ ကြင်နာပါ “သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။” (ကောလောသဲ ၃:၁၂) သင့် ဆယ်ကျော်သက်ကလေးနဲ့ ကျိုးကြောင်းဆင်ခြင်တဲ့အခါ တစ်ယူသန်မဆန်ပါနဲ့၊ မငြင်းခုံပါနဲ့။ သင်လည်း တစ်ချိန်တုန်းက ဆယ်ကျော်သက်တစ်ဦးဖြစ်ခဲ့တယ်ဆိုတာ သတိရပါ။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

တေးဂီတရွေးချယ်တဲ့အခါ မြင့်မားတဲ့စံနှုန်းတွေကို ထိန်းသိမ်းပါ