မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နို့စို့အရွယ်နဲ့ ဆယ်ကျော်သက်ကြားသားသမီးကို ပြုစုပျိုးထောင်ခြင်း

နို့စို့အရွယ်နဲ့ ဆယ်ကျော်သက်ကြားသားသမီးကို ပြုစုပျိုးထောင်ခြင်း

နို့စို့အရွယ်နဲ့ ဆယ်ကျော်သက်ကြားသားသမီးကို ပြုစုပျိုးထောင်ခြင်း

“သင့်ကလေးဟာ အသက်ငါးနှစ်အရွယ်မရောက်ခင်အထိ အေးချမ်းငြိမ်သက်တဲ့ရိပ်မြုံလေးမှာ ရှိနေတယ်၊ အဲဒီအချိန်မှာ အကျင့်ကောင်းလေးတွေရှိလာအောင် သွန်သင်ပေးရတာလည်း ပိုလွယ်ကူတယ်။ ဒါပေမဲ့ သူတို့လေးတွေ ကျောင်းစတက်တယ်ဆိုတာနဲ့ အမျိုးမျိုးသော လုပ်ပုံကိုင်ပုံတွေ၊ ပြောဆိုပုံတွေကို ကြုံတွေ့ ကြရတော့တာပဲ။”—ဗော်လ်တာ၊ အီတလီ။

ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ ကျယ်ပြောလာတဲ့လူ့အသိုင်းအဝိုင်းကို မြင်တွေ့ကြရတော့တယ်။ ကစားဖော်တွေ၊ ကျောင်းနေဖက်တွေ၊ ပိုများလာတဲ့မိသားစုဝင်တွေ စသဖြင့် လူတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံလာရတယ်။ အထက်မှာဖော်ပြထားတဲ့ ဗော်လ်တာ သတိပြုမိတဲ့အတိုင်းပဲ၊ သင့်ကလေးရဲ့အသက်တာကို ဩဇာညောင်းတဲ့သူက နို့စို့ကလေးအရွယ်ကလို သင်တစ်ယောက်တည်းမဟုတ်တော့ဘူး။ ဒါကြောင့် ကလေးတွေကို နို့စို့အရွယ်ကတည်းက နာခံခြင်းနဲ့ အမူအကျင့်ကောင်းတွေရဲ့တန်ဖိုးကို သင်ပေးဖို့ ဘယ်လောက်အရေးကြီးလိုက်သလဲ။ အမှား၊ အမှန်နဲ့ပတ်သက်ပြီးတော့လည်း လမ်းညွှန်ပဲ့ပြင်ပေးဖို့ အရေးကြီးပါတယ်။

အထက်မှာဖော်ပြထားတဲ့အရည်အသွေးတွေက ချက်ချင်းလက်ငင်း သူ့အလိုလိုဖြစ်မလာပါ။ သင့်အနေနဲ့ “အစွမ်းကုန် စိတ်ရှည်ခြင်းဖြင့်လည်းကောင်း၊ သွန်သင်ခြင်းနည်းပညာဖြင့်လည်းကောင်း ပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကို ပြု” ဖို့လိုအပ်ပါတယ်။ (၂ တိမောသေ ၄:၂) အစ္စရေးလူမျိုးမိဘတွေဟာ ဘုရားသခင့်ပညတ်တော်တွေနဲ့ပတ်သက်ပြီး ခုလိုမိန့်မှာခြင်းခံခဲ့ရတယ်– “ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၆၊ ၇) ဒီကျမ်းစကားမှာဖော်ပြတဲ့အတိုင်းပါပဲ၊ အသင်မိဘတို့ရဲ့ အဆက်မပြတ်သွန်သင်ပဲ့ပြင်မှုတွေက မရှိမဖြစ်လိုအပ်ပါတယ်။

ကလေးတွေကိုပြုစုပျိုးထောင်ရတဲ့တာဝန်မှာ အခက်အခဲတော်တော်များများရှိတယ်။ အနည်းငယ်ကိုပဲ သုံးသပ်ကြည့်ကြစို့။

နားထောင်ရမယ့်အချိန်

“စကားပြောရသောအချိန်” ရှိသလို နားထောင်ရမယ့်အချိန်လည်းရှိကြောင်း ကျမ်းစာကပြောတယ်။ (ဒေ. ၃:၇) သင်အပါအဝင် တခြားသူတွေစကားပြောတဲ့အခါ သင့်ကလေး အာရုံစိုက်နားထောင်တတ်အောင် ဘယ်လိုသင်ပေးနိုင်သလဲ။ တစ်နည်းကတော့ ကိုယ်တိုင်လုပ်ပြခြင်းဖြင့်ဖြစ်တယ်။ သင့်ကလေးအပါအဝင် တခြားသူတွေစကားပြောတဲ့အခါ သင် အာရုံစိုက်နားထောင်ပါသလား။

ကလေးတွေဟာ အလွယ်တကူ အာရုံပျံ့လွင့်တတ်တယ်၊ ဒါကြောင့် သူတို့နဲ့ သင်စကားပြောတဲ့အခါ ဘယ်လောက်အထိစိတ်ရှည်သလဲဆိုတာ စမ်းသပ်ခံရပါလိမ့်မယ်။ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး၊ ဒါကြောင့် သူတို့ကို လေ့လာအကဲခတ်ပြီး သင့်ကလေးအတွက် အကောင်းဆုံးဖြစ်စေမယ့်နည်းနဲ့ ပြောဆိုဆက်ဆံပါ။ ဥပမာ၊ ဗြိတိန်နိုင်ငံမှ ဖခင်တစ်ဦးဖြစ်သူ ဒေးဗစ် ဒီလိုပြောတယ်– “ကျွန်တော် ပြောလိုက်တဲ့စကားကို ကျွန်တော့်သမီးကို သူ့စကားနဲ့ပြန်ပြောခိုင်းကြည့်တယ်။ အကျိုးကတော့ သူ အသက်ကြီးလာလေ ပိုနားထောင်တတ်လာလေပဲ။”

ယေရှုက သူ့တပည့်တွေကို ခုလိုသင်ပေးခဲ့တယ်– “သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့။” (လုကာ ၈:၁၈) လူကြီးတွေတောင် ကောင်းကောင်းနားထောင်ဖို့လိုတယ်ဆိုရင် ကလေးတွေဆို ပိုလို့တောင် လိုအပ်တာပေါ့။

‘အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့’

ကျမ်းစာက ဒီလိုပြောတယ်– “တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။” (ကောလောသဲ ၃:၁၃) ကလေးတွေကိုလည်း ခွင့်လွှတ်တတ်တဲ့စိတ်ရှိအောင် သင်ပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

ကောင်းစွာနားထောင်တတ်ခြင်းနဲ့ပတ်သက်လာရင် သင် ကိုယ်တိုင်လုပ်ပြဖို့လိုတယ်လို့ ခုနကသိခဲ့ရတယ်။ အလားတူ၊ ခုလည်း တခြားသူတွေနဲ့ဆက်ဆံတဲ့အခါ သင်ခွင့်လွှတ်တတ်တာကို သင့်ကလေးတွေ မြင်တွေ့ပါစေ။ ရုရှားနိုင်ငံက မိခင်တစ်ဦးဖြစ်သူ မာရီရာနာဟာ ကိုယ်တိုင်လုပ်ပြဖို့ကြိုးစားခဲ့တယ်။ “ကလေးတွေ ခွင့်လွှတ်တတ်အောင်၊ အလျှော့ပေးတတ်အောင်၊ မကျေမနပ် မဖြစ်အောင် ကျွန်မတို့ကိုယ်တိုင်က ပုံသက်သေပြပြီး သင်ပေးတယ်။” သူ ဒီလိုထပ်ဖြည့်စွက်တယ်– “ကျွန်မဘက်က မှားသွားတယ်ဆိုရင် ကလေးတွေကို တောင်းပန်တယ်။ တခြားသူတွေနဲ့ သူတို့ဆက်ဆံတဲ့အခါမှာလည်း အဲဒီအတိုင်းလုပ်စေချင်တယ်။”

သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းတာ၊ ခွင့်လွှတ်တာတွေက လူကြီးဖြစ်တဲ့အထိ လိုအပ်မယ့်အရည်အသွေးတွေဖြစ်တယ်။ ဒါကြောင့် တခြားသူတွေကို ထည့်စဉ်းစားပေးဖို့၊ ကိုယ့်အမှားအတွက် တာဝန်ယူတတ်ဖို့ ကလေးတွေကို ခုကတည်းက သင်ပေးပါ။ ဒီလိုသင်ပေးမယ်ဆိုရင် တကယ့်ကိုအဖိုးထိုက်တန်တဲ့ လက်ဆောင်အလား သူတို့အသက်တာတစ်လျှောက်လုံးမှာ အသုံးဝင်မယ့် အရည်အသွေးတွေကို လက်ဆင့်ကမ်းပေးရာရောက်ပါတယ်။

“ကျေးဇူးသိတတ်ကြလော့”

ဒီ “နောက်ဆုံးသောနေ့ရက်များ” မှာ လူများစွာဟာ “ကိုယ့်ကိုယ်ကိုယ်ချစ်သူ” တွေဖြစ်ကြတယ်။ (၂ တိမောသေ ၃:၁၊ ၂) ဒါကြောင့် သင့်ကလေးမှာ ကျေးဇူးသိတတ်တဲ့စိတ်ရှိအောင် ငယ်ရွယ်ချိန်ကတည်းက သင်ပေးပါ။ “ကျေးဇူးသိတတ်ကြလော့” ဆိုပြီး တမန်တော်ပေါလု ရေးသားခဲ့တယ်။—ကောလောသဲ ၃:၁၅

ကလေးတွေကို ငယ်ရွယ်ချိန်မှာတောင် အမူအကျင့်ကောင်းတွေတင်ပြဖို့၊ တခြားသူတွေအတွက် ထည့်တွက်ပေးဖို့ သင်ပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ “အကောင်းဆုံးနည်းကတော့ အသင်မိဘတွေကိုယ်တိုင်က ကိုယ့်မိသားစုဝင်တွေကို ကျေးဇူးတင်တယ်ဆိုတာ အမြဲတင်ပြနေခြင်းပဲ” လို့ ဒေါက်တာ ကီလ် ပရူးအတ် က မဂ္ဂဇင်းတစ်စောင် (Parents) ကိုပြောတယ်။ သူဒီလိုထပ်ပြောတယ်– “ပြောချင်တာကဗျာ၊ သင်ရရှိတဲ့အကူအညီကို ဒါမှမဟုတ်ရင်လည်း တခြားသူတွေကိုထည့်တွက်ပြီးလုပ်တဲ့လုပ်ရပ်တွေကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ သင် အမြဲပြောနေရမယ် . . . ဒါကို ကြိုးစားပြီး ကျင့်ယူဖို့တော့လိုတယ်။”

ဗြိတိန်နိုင်ငံမှ ဖခင်တစ်ဦးဖြစ်သူ ရစ်ချက်က သူ့ကြိုးစားပုံကို ဒီလိုပြောတယ်– “ကိုယ့်ကိုကြင်နာစွာဆက်ဆံသူတွေ၊ ဥပမာအနေနဲ့ ကျောင်းကဆရာ/ဆရာမတွေ၊ အဖိုးအဖွားတွေကို ကျေးဇူးတင်ကြောင်းဘယ်လိုပြရမလဲဆိုတာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက သရုပ်ပြတယ်။ မိသားစုတစ်ခုက ထမင်းစားဖိတ်လို့သွားပြီဆိုရင်လည်း ကျွန်တော်တို့ ကတ်တစ်ကတ်မှာ ကျေးဇူးတင်ကြောင်းရေးပြီး ကလေးတွေကိုလည်း အဲဒီမှာ နာမည်ရေးခိုင်းတယ် ဒါမှမဟုတ် ရုပ်ပုံဆွဲခိုင်းတယ်။” ယဉ်ကျေးပြီး ကျေးဇူးသိတတ်တာက သင့်ကလေးရဲ့ဘဝတစ်လျှောက်လုံးမှာ တည်မြဲရင်းနှီးတဲ့မိတ်ဆွေတွေဖွဲ့ဖို့ ထောက်ကူပေးပါလိမ့်မယ်။

“မဆုံးမဘဲ မနေနှင့်”

သင့်ကလေး ကြီးလာတာနဲ့အမျှ လုပ်ရပ်တွေမှာ အကျိုးဆက်တွေရှိတယ်ဆိုတာ သိအောင်သင်ပေးဖို့ အရမ်းအရေးကြီးတယ်။ ကလေးတွေဟာ အသက်ငယ်ရွယ်ချိန်မှာတောင် အိမ်မှာလောက်ပဲမဟုတ်ဘူး၊ ကျောင်းမှာရော လူမှုအသိုင်းအဝိုင်းမှာပါ အခွင့်အာဏာကို လက်အောက်ခံဖို့တာဝန်ရှိတယ်။ ဒါကြောင့် ကိုယ်ကြဲတဲ့အတိုင်း ရိတ်သိမ်းရမယ်ဆိုတဲ့ သဘောတရားကို ကလေးတွေသိလာအောင် သင်ပေးပါ။ (ဂလာတိ ၆:၇) ဘယ်လိုနည်းနဲ့လဲ။

ကျမ်းစာကဒီလိုပြောတယ်– “မဆုံးမဘဲ မနေနှင့်။” (သု. ၂၃:၁၃) မှားယွင်းတဲ့လုပ်ရပ်တစ်ခုခုမှာ အကျိုးဆက်ရှိတယ်ဆိုတာ သင် ကောင်းကောင်းပြောပြထားပြီးပြီဆိုရင် သင်ပြောထားတဲ့အတိုင်းဆုံးမဖို့ မတွန့်ဆုတ်ပါနဲ့။ အာဂျင်တီးနားနိုင်ငံက မိခင်တစ်ဦးဖြစ်သူ နော်မာ က ဒီလိုပြောတယ်– “ကိုယ်ပြောရင် ပြောတဲ့အတိုင်းလုပ်ဖို့ အရေးကြီးတယ်။ ပြောတဲ့အတိုင်းမလုပ်ရင် ကလေးတွေကို သူတို့စိတ်ကြိုက်လုပ်ချင်သလိုလုပ်ဖို့ အားပေးရာရောက်တယ်။”

မိဘတွေက ကလေးတွေကို ပြောစကားနားမထောင်ရင် ဘာဖြစ်မယ်ဆိုတာ အစောပိုင်းကတည်းက နားလည်အောင်ပြောပြထားမယ်ဆိုရင် ကလေးတွေ စကားနားမထောင်တဲ့အခါ ဒီအကြောင်းကို ပြောထားလား၊ မပြောထားဘူးလားဆိုတာ ငြင်းခုံနေစရာမလိုတော့ဘူး။ ကလေးတွေဟာ စည်းကမ်းတွေကိုသိထားမယ်၊ ဒီစည်းကမ်းတွေကိုချိုးဖောက်ရင် ဘာဖြစ်မယ်၊ အကျိုးဆက်တွေကို ဘယ်လိုမှ ညှိနှိုင်းရှောင်လွှဲလို့မရနိုင်ဘူးဆိုတာ ကောင်းကောင်းသဘောပေါက်ထားမယ်ဆိုရင် မိဘတွေကို သိပ်ဆန့်ကျင်ရဲမှာမဟုတ်တော့ဘူး။

ဆုံးမတဲ့အခါ အကျိုးရှိနိုင်ဖို့အတွက်ဆိုရင် ဒေါသတကြီး မ,ဆုံးမရပါ။ ကျမ်းစာက ဒီလိုပြောတယ်– “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။” (ဧဖက် ၄:၃၁) ရက်ရက်စက်စက်အပြစ်ပေးပြီး ဆုံးမတာ၊ ခန္ဓာကိုယ်ကိုဖြစ်စေ စိတ်ပိုင်းကိုဖြစ်စေ အရမ်းထိခိုက်နာကျင်စေတဲ့နည်းနဲ့ ဆုံးမတာမျိုးတွေ လုံးဝမလုပ်သင့်ဘူး။

ဒါဆိုရင် သင့်ကလေးက သည်းခံနိုင်တဲ့အတိုင်းအတာကိုကျော်လွန်စေတဲ့အထိ သင့်ကိုစိတ်ဆိုးအောင်လုပ်တဲ့အခါ ကိုယ့်ဒေါသကို ထိန်းချုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ “အမြဲတော့မလွယ်ဘူး၊ ဒါပေမဲ့ ဆုံးမတယ်ဆိုတာ သူတို့လုပ်ရပ်ရဲ့အကျိုးဆက်ဖြစ်တယ်၊ မိဘတွေ စိတ်မထိန်းနိုင်လို့လုပ်တာ မဟုတ်ဘူးဆိုတာကို ကလေးတွေ သိဖို့လိုအပ်တယ်” လို့ နယူးဇီလန်က ဖခင်တစ်ဦးဖြစ်သူ ပီတာက ဝန်ခံတယ်။

ဆုံးမပဲ့ပြင်ခံရတဲ့အခါ ရေရှည်အကျိုးကျေးဇူးရှိတယ်ဆိုတာ သိမြင်နိုင်အောင် ပီတာနဲ့ သူ့ဇနီးက သူတို့ကလေးတွေကို ကြိုးစားကူညီပေးတယ်။ “ကလေးတွေဟာ မိုက်ကန်းကန်းပုံစံနဲ့ စကားနားမထောင်ရင်တောင် သူတို့အခုလုပ်ပြတဲ့ပုံစံကို အဖေတို့ မကြိုက်ဘူး၊ ဘယ်လိုပုံစံမျိုးဖြစ်ရမယ်ဆိုတာ သူတို့ကို ကျွန်တော်တို့ ကောင်းကောင်းပြောပြတယ်” လို့ ပီတာပြောပြတယ်။

‘သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို ထင်ရှားစေကြလော့’

ဆုံးမပဲ့ပြင်တာနဲ့ပတ်သက်ပြီး ဘုရားသခင်က “အတော်အတန်ဆုံးမမည်” ဆိုပြီး သူ့လူမျိုးကို ပြောခဲ့တယ်။ (ယေရမိ ၄၆:၂၈) ဒါကြောင့် ကိုယ်ဆုံးမတဲ့အတိုင်းအတာက ကလေးတွေလုပ်တဲ့အမှားနဲ့ညီမျှ၊ မျှတနေမယ်ဆိုရင် ရလဒ်ကောင်းတွေရရှိပါလိမ့်မယ်။ ‘သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို ထင်ရှားစေကြလော့’ ဆိုပြီး ခရစ်ယာန်ချင်းတွေကို ပေါလုစာရေးခဲ့တယ်။—ဖိလိပ္ပိ ၄:၅

အကျိုးသင့်အကြောင်းသင့်ရှိရှိ ဆုံးမခြင်းမှာ သင့်ကလေးကို သိက္ခာမကျစေတဲ့နည်းနဲ့ ဆုံးမခြင်းလည်းပါဝင်တယ်။ အီတလီက ဖခင်တစ်ဦးဖြစ်သူ ဆန်တေး ဒီလိုပြောတယ်– “ကျွန်တော့် သား ဒါမှမဟုတ် သမီး သိမ်ငယ်သွားအောင် ဘယ်တော့မှမလုပ်ဘူး။ ဘာကြောင့် ပြဿနာဖြစ်ရသလဲဆိုတာ ကျိုးကြောင်းဆင်ခြင်ပြတယ်၊ ပြုပြင်ပြောင်းလဲနိုင်အောင် သူတို့ကို ကူညီပေးတယ်။ ကျွန်တော့်ကလေးတွေကို တခြားသူတွေရှေ့မှာ ဆုံးမတာမျိုးမလုပ်ဘူး၊ ဖြစ်နိုင်မယ်ဆိုရင် သူတို့မွေးချင်းရဲ့ရှေ့မှာတောင် မဆုံးမဘူး။ လူအများကြီးရှေ့မှာဖြစ်စေ၊ နှစ်ယောက်တည်းရှိသည်ဖြစ်စေ သူတို့အမှားတွေကို ဟာသမဖောက်ဘူး။”

အစောပိုင်းမှာကိုးကားခဲ့တဲ့ ရစ်ချက်လည်း အကျိုးသင့်အကြောင်းသင့်ရှိခြင်းက ပညာရှိရာကျတယ်ဆိုတာ တွေ့မြင်ခဲ့တယ်။ “ပြစ်ဒဏ်ပေးတဲ့အခါ တစ်စတစ်စတိုးပေးတာမျိုး လုံးဝမလုပ်သင့်ဘူး၊ အမှားထပ်လုပ်လေ ပြစ်ဒဏ် ပိုပြင်းထန်လေ ဆိုတာမျိုးပေါ့။ ဆုံးမပဲ့ပြင်ပြီးပြီဆိုရင်လည်း အဲဒီကိစ္စကို ထားလိုက်တော့၊ သူ့အမှားအကြောင်း အလကားနေရင်းပြန်ပြန်ပြောနေတာမျိုး မလုပ်သင့်ဘူး။”

ကလေးကို ပြုစုပျိုးထောင်ရတာ ခက်ခဲတဲ့အလုပ်ဖြစ်ပြီး စွန့်လွှတ်အနစ်နာခံရတဲ့အခါလည်း ရှိမှာဖြစ်ပေမဲ့ အကျိုးကျေးဇူးတွေကအများကြီးပါပဲ။ ဒီအချက်မှန်ကြောင်း ရုရှားနိုင်ငံမှ ယန်လန်းနာ အမည်ရှိ မိခင်တစ်ဦးတွေ့ရှိခဲ့တယ်။ သူဒီလိုပြောတယ်– “ကျွန်မသားကို အချိန်ပိုပေးနိုင်အောင် အချိန်ပိုင်းအလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တယ်။ ဒီလိုလုပ်နိုင်ဖို့ ကျွန်မ ကြိုးစားခဲ့ရပြီး ဝင်ငွေလည်း နည်းသွားတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ခဲ့လို့ ကျွန်မသားလေး ဘယ်လောက်ပျော်ရွှင်ရတယ်၊ သူနဲ့ကျွန်မ ဘယ်လောက်တောင်ရင်းနှီးလာသလဲဆိုတာတွေ မြင်တွေ့ခွင့်ရတဲ့အတွက် စွန့်လွှတ်ရကျိုးနပ်ပါတယ်။”

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ကလေးတွေဟာ တခြားသူတွေအတွက် ထည့်တွက်ပေးဖို့ သင်ယူနိုင်တယ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သင့်ကလေးကို သိက္ခာမကျစေတဲ့နည်းနဲ့ ဆုံးမပါ