မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒေါသကို ထိန်းချုပ်နိုင်ပုံ

ဒေါသကို ထိန်းချုပ်နိုင်ပုံ

ဒေါသကို ထိန်းချုပ်နိုင်ပုံ

စိတ်ခံစားချက်တွေ တင်းကျပ်နေတဲ့အခါ ဝမ်းနည်းစရာပြဇာတ်တစ်ခုခုကိုကြည့်ပြီး ဖြေဖျောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ စကားလုံးတစ်ခု (catharsis) ကို လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ ကျော်က ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ် တီထွင်ခဲ့တယ်။ သူ့အယူအဆကတော့ စိတ်တင်းကျပ်မှုတွေ လျော့ပါးသွားတဲ့အခါ စိတ်လန်းဆန်းသွားမယ်ဆိုတဲ့အချက်ဖြစ်တယ်။

လွန်ခဲ့တဲ့ရာစုနှစ်အစောပိုင်းတုန်းကလည်း ဩစတြီးယားနိုင်ငံက ဦးနှောက်နဲ့ အာရုံကြောပါရဂူ စစ်ဂ်မန်ဒ် ဖရွိုက် ကလည်း အလားတူအမြင်မျိုးကို ထောက်ခံခဲ့တယ်။ သူ့အဆိုအရ လူတွေဟာ ဒေါသကို ဖော်ထုတ်မပြဘဲ မျိုသိပ်ထားမယ်ဆိုရင် နောက်ပိုင်း စိတ်ကစဉ့်ကလျားရောဂါလိုမျိုး စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေ ဖြစ်ပေါ်လာမယ်။ ဒါကြောင့် ဒေါသကို ထိန်းချုပ်ထားမယ့်အစား ဖော်ထုတ်သင့်တယ်လို့ ဖရွိုက်က ဆိုတယ်။

ဖော်ပြပါအယူအဆကိုထောက်ခံတဲ့ အထောက်အထားမရှိဘူးဆိုတာ ၁၉၇၀၊ ၁၉၈၀ ပြည့်လွန်နှစ်တွေတစ်လျှောက် သုတေသီတွေပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ တွေ့ခဲ့ကြတယ်။ အဲဒီတွေ့ရှိချက်တွေကြောင့် စိတ်ပညာရှင် ကာလို တားရစ်က “ဒီ (catharsis) အယူအဆကို စွန့်ပစ်သင့်ချိန်တန်ပြီ။ ကြမ်းတမ်းရမ်းကားမှုတွေကို ကြည့်ခြင်း (ဒါမှမဟုတ် လုပ်ဆောင်ခြင်း) က ဒေါသကို ပြေပျောက်စေတယ်ဆိုတာကို ထောက်ခံတဲ့အချက် တစ်ချက်မှမရှိဘူး” လို့ရေးသားခဲ့တယ်။

စိတ်ပညာရှင်နောက်တစ်ယောက်ဖြစ်တဲ့ ဂရေး ဟန်ကင်း ကလည်း အထက်ပါနည်း (catharsis) အတိုင်း “ဒေါသကို ဖွင့်ထုတ်တာက ခံစားချက်ကိုမသက်သာစေတဲ့အပြင် ပိုလို့တောင် စိတ်တင်းကျပ်စေလေ့ရှိတယ်ဆိုတာ သုတေသနပြုချက်တွေက ဖော်ပြနေတယ်” လို့ ပြောတယ်။ အဲဒီအချက်မှာ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူအချင်းချင်း ဘယ်တော့မှ သဘောထားတိုက်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကလာတဲ့ အကြံပြုချက်ကနေ လူအတော်များများ အကျိုးခံစားနေရတယ်။

“ဒေါသမထွက်နဲ့”

ဒေါသကို ထိန်းချုပ်ခြင်းအကြောင်း ကျမ်းရေးသူ ဒါဝိဒ်က ခုလိုဖော်ပြထားတယ်– “ဒေါသမထွက်နဲ့။ စိတ်မဆိုးနဲ့။ ဒေါသစိတ်ကို စွန့်ပယ်ပါ။ ဒေါသထွက်ပြီး မကောင်းတာတွေလုပ်မိတဲ့အထိ မဖြစ်ပါစေနဲ့။” (ဆာလံ ၃၇:၈ကဘ) နောက်ပိုင်းနောင်တရစေတဲ့အရာကို မပြောမိ၊ မလုပ်မိအောင် ရှောင်တဲ့နည်းက ဒေါသမထွက်အောင် ထိန်းခြင်းဖြစ်တယ်။ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မလုပ်နိုင်ရာတော့ မဟုတ်ပါဘူး။ ဒေါသကိုထိန်းချုပ်နိုင်တဲ့ နည်းသုံးခုကို ကြည့်ကြစို့။

ဒေါသစိတ်ကို လျှော့ချပါ

ဒေါသစိတ်ကို လျှော့ချဖို့ အရင်ဆုံး စိတ်အေးအေးထားပါ။ ခေါင်းထဲမှာ ပထမဆုံးထွက်ပေါ်လာတဲ့စကားလုံးတွေကို မပြောမိဖို့ ကြိုးစားပါ။ အရမ်းကိုစိတ်လှုပ်ရှားနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိထားမိပြီး ဒေါသပေါက်ကွဲတော့မှာပဲလို့ ခံစားမိတဲ့အခါ ဒီကျမ်းစာဆုံးမစကားကို သတိရပါ– “ရန်တွေ့စအမှုသည် ရေကန်ဘောင် ပေါက်စကဲ့သို့ဖြစ်သောကြောင့် ရန်မတွေ့မီ တွေ့စရာအကြောင်းကိုရှောင်လော့။”—သု. ၁၇:၁၄

ဒီဆုံးမစကားက ခက်ထန်တဲ့ဒေါသကို ထိန်းချုပ်နိုင်ဖို့ ဂျက်လို့ခေါ်တဲ့ လူတစ်ယောက်ကို ကူညီပေးခဲ့တယ်။ ဂျက်ရဲ့ အဖေက အရက်သမားဖြစ်ပြီး ဒေါသကြီးသူတစ်ယောက်လည်းဖြစ်တယ်။ ဒါကြောင့် သူလည်း စိတ်ကြမ်းလူကြမ်းဖြစ်လာတယ်။ သူ ဒီလိုပြောပြတယ်– “ဒေါသထွက်လာပြီဆိုရင် ကျွန်တော့်တစ်ကိုယ်လုံး ထူပူလာတယ်။ အဲဒီနောက်မှာတော့ စကားလုံးခပ်ကြမ်းကြမ်းနဲ့ လက်သီးတွေပါတတ်တယ်။”

ဒါပေမဲ့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာချိန်ကစပြီး ဂျက် ပြောင်းလဲလာတယ်။ ဘုရားသခင့်အကူအညီနဲ့ ပြောင်းလဲနိုင်တယ်ဆိုတာ သူသဘောပေါက်လာတဲ့အပြင် ဒေါသကိုလည်း သူထိန်းချုပ်တတ်လာတယ်။ ဂျက် တကယ်ပဲ ပြောင်းလဲခဲ့ပါတယ်။ သူ့ကို အလုပ်ဖော်တစ်ယောက်က ဒေါသတကြီး ဆဲဆိုတဲ့အခါ သူ ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာ ဂျက် ခုလိုပြောပြတယ်– “ဒေါသမီးက ကျွန်တော့်ရင်ထဲမှာ ဟုန်းခနဲ ထတောက်လာတယ်။ စိတ်ထဲမှာ ပထမဆုံးဖြစ်ပေါ်လာတာက သူ့ကို ကိုင်ပေါက်ပစ်လိုက်ချင်စိတ်ဖြစ်တယ်။”

ဘာက သူ့ကို စိတ်ငြိမ်သက်စေခဲ့သလဲ။ သူဒီလိုရှင်းပြတယ်– “အဲဒီအချိန်မှာ ‘ယေဟောဝါဘုရားသခင်၊ ကျွန်တော့်ကို စိတ်ငြိမ်သက်ဖို့ ကူညီပေးပါ’ လို့ ကျွန်တော် ဆုတောင်းခဲ့တယ်။ ပြီးနောက်မှာတော့ ဒီလိုအခြေအနေမျိုးမှာ စိတ်ငြိမ်သက်မှုကို ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် ခံစားခဲ့ရပြီး သူနဲ့ဝေးရာကို ရှောင်ထွက်သွားနိုင်ခဲ့တယ်။” ဂျက် ကျမ်းစာ ဆက်လေ့လာတယ်။ များများဆုတောင်းပြီး ‘ထင်းမရှိလျှင်မီးသေတတ်တယ်’ ဆိုတဲ့ ကျမ်းချက်တွေကို သူတွေးတောဆင်ခြင်တဲ့အခါ နောက်ဆုံးမှာ သူရဲ့ ဒေါသစိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ်။—သု. ၂၆:၂၀

စိတ်လျှော့တတ်ဖို့ သင်ယူပါ

“အေးဆေးတည်ငြိမ်တဲ့စိတ်နှလုံးက ကိုယ်ခန္ဓာကို အသက်ရှင်စေတယ်။” (သု. ၁၄:၃၀ကဘ) သမ္မာကျမ်းစာပါ ဒီအခြေခံအမှန်တရားကို ကျင့်သုံးတာက လူတစ်ယောက်ရဲ့ စိတ်ပိုင်းနဲ့ ကာယပိုင်းကို တိုးတက်စေနိုင်တဲ့အပြင် ဘုရားသခင့်မျက်နှာသာကိုပါ ရရှိစေနိုင်တယ်။ စိတ်ကို အေးဆေးတည်ငြိမ်စေနိုင်၊ ဒေါသစိတ်ကိုလျော့ကျစေနိုင်တဲ့ နည်းလမ်းရိုးရိုးလေးတွေကို စမ်းကြည့်ပါ။ ဒေါသစိတ်ကို လျှော့ချရာမှာ အောက်ပါနည်းလမ်းတွေက ထိရောက်ကြောင်း လူအတော်များများတွေ့ခဲ့ကြတယ်။

● အသက်ပြင်းပြင်းရှူခြင်းက ဒေါသစိတ်ကိုလျော့ကျစေတဲ့ အကောင်းဆုံးနဲ့ အမြန်ဆုံးနည်းလမ်းဖြစ်တယ်။

● အဲဒီလိုအသက်ပြင်းပြင်းရှူနေစဉ်မှာ “စိတ်လျှော့၊” “စိတ်အေးအေးထား” စတဲ့စကားစုတွေကို ထပ်ခါထပ်ခါပြောခြင်းကလည်း စိတ်ငြိမ်သက်စေတယ်။

● သင်နှစ်သက်တဲ့အရာတစ်ခုခုမှာ အာရုံနှစ်မြှုပ်ထားပါ။ ဥပမာ၊ စာဖတ်ခြင်း၊ တေးသီချင်းနားထောင်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း ဒါမှမဟုတ် သင့်စိတ်ကို ပြေလျော့စေမယ့် တစ်ခုခုလုပ်ဆောင်ခြင်း ဖြစ်နိုင်တယ်။

● လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေ စားပါ။

မျှော်လင့်ရာကို ပြုပြင်ပါ

သင့်ကို ဒေါသထွက်စေတဲ့လူ ဒါမှမဟုတ် အရာအားလုံးကို လုံးဝရှောင်နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သင့်ရဲ့တုံ့ပြန်ပုံကိုတော့ ပြောင်းလဲနိုင်ပါတယ်။ သင့်စဉ်းစားပုံကို ပြုပြင်လိုက်ခြင်းအားဖြင့်ဖြစ်တယ်။

ကြီးကြီးမားမားမျှော်လင့်တတ်တဲ့သူတွေက ဒေါသထွက်နိုင်ချေ ပိုများတယ်။ ဘယ်လိုကြောင့်လဲ။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုက ကိုယ့်ရဲ့ မြင့်မားလှတဲ့စံနှုန်းနဲ့ မကိုက်ညီတဲ့အခါ စိတ်ပျက်မှုနဲ့ ဒေါသ ထွက်ပေါ်လာတတ်တယ်။ ဒါကြောင့် သင်အပါအဝင် အားလုံးက အမြဲတမ်း အကောင်းဆုံးဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့သဘောထားကို တိုက်ထုတ်သင့်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ ဒီသတိပေးချက်ကို စိတ်ထဲမှတ်ထားသင့်ပါတယ်– “ဖြောင့်မတ်သောသူ မရှိ၊ တစ်ယောက်မျှပင် မရှိ။ . . . လူအပေါင်းတို့သည် လမ်းလွဲကြပြီ။” (ရောမ ၃:၁၀၊ ၁၂) ဒါကြောင့် ကျွန်ုပ်တို့အပါအဝင် အားလုံးက အမြဲတမ်း အကောင်းဆုံးဖြစ်နိုင်တယ်လို့ ယူမှတ်ထားမယ်ဆိုရင် ရှုံးနိမ့်တဲ့ခံစားချက်ကို ခံစားရမှာဖြစ်တယ်။

မိမိကိုယ်ကိုယ်ရော တခြားသူတွေဆီကပါ အလွန်အမင်းမျှော်လင့်မထားတာက ပညာရှိရာရောက်တယ်။ “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိလျှင် ထိုသူသည် စုံလင်သောသူ . . . ဖြစ်၏” လို့ သမ္မာကျမ်းစာက ဆိုတယ်။ (ယာကုပ် ၃:၂) “အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့်သောသူတော်ကောင်း တစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ” ပါဘူး။ (ဒေ. ၇:၂၀) ဒါကြောင့် ကျွန်ုပ်တို့မှာမရှိတဲ့ စုံလင်မှုကို ရှိသယောင်လုပ်မယ်ဆိုရင် စိတ်ရှုပ်ပြီး ဒေါသနဲ့ပြည့်နေတဲ့ဘဝကိုပဲ ရရှိပါလိမ့်မယ်။

ကျွန်ုပ်တို့က မစုံလင်တဲ့လူသားတွေဖြစ်တဲ့အတွက် တစ်ခါမဟုတ်တစ်ခါ ဒေါသထွက်တတ်ကြတယ်။ ဒါပေမဲ့ ဒေါသကို ဘယ်လိုဖော်ထုတ်မယ်ဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ “ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်”လို့ တမန်တော်ပေါလုက ခရစ်ယာန်ချင်းတွေကို သတိပေးခဲ့တယ်။ (ဧဖက် ၄:၂၆) ဒေါသကို ထိန်းချုပ်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ခံစားချက်ကို သင့်တော်တဲ့နည်းနဲ့ဖော်ပြနိုင်မှာဖြစ်သလို ပါဝင်ပတ်သက်နေတဲ့သူတွေကိုလည်း အကျိုးဖြစ်စေပါလိမ့်မယ်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

စိတ်လျှော့တတ်ဖို့ သင်ယူပါ

အသက်ပြင်းပြင်းရှူပါ

သင်နှစ်သက်တဲ့အရာတစ်ခုခုမှာ အာရုံနှစ်မြှုပ်ထားပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ