မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြမ်းဖက်မှု အားလုံးကိုထိခိုက်

အကြမ်းဖက်မှု အားလုံးကိုထိခိုက်

အကြမ်းဖက်မှု အားလုံးကိုထိခိုက်

အကြမ်းဖက်မှုကြောင့် မထိခိုက်သူ ဘယ်သူရှိပါသလဲ။ ဒီအကြောင်း သတင်းတွေမှာ မြင်နေ၊ ကြားနေကြရတယ်။ အကြမ်းဖက်မှုကြောင့် လမ်းပေါ်မှာ၊ အလုပ်မှာ ကြောက်ရွံ့နေကြရတယ်။ ကလေးတွေဆိုရင် ကျောင်းမှာ အနိုင်ကျင့်တဲ့သူတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ပုံမှန်အားဖြင့် သော့ခတ်ထားတဲ့အိမ်ထဲမှာ လုံခြုံတယ်လို့ ခံစားရပေမဲ့ သန်းနဲ့ချီတဲ့သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် အိမ်မှာတောင် အန္တရာယ်ရှိလာတယ်။ တစ်အိမ်တည်းနေသူတွေရဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုကို ခံနေရတဲ့ အမျိုးသမီးအရေအတွက်က တချို့နိုင်ငံတွေမှာဆိုရင် ၇၀ ရာခိုင်နှုန်းအထိတောင်ရှိတယ်။

နိုင်ငံများစွာမှာ လူတွေက အကြမ်းဖက်တတ်တဲ့ နိုင်ငံရေးစနစ်၊ လူထုဆူပူအုံကြွမှု ဒါမှမဟုတ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြောက်ရွံ့နေကြတယ်။ တချို့နိုင်ငံတွေမှာ၊ အထူးသဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံတွေ့တတ်တဲ့ နိုင်ငံတွေမှာ ဘယ်လောက်ကြောက်ရွံ့နေကြသလဲဆိုတာကို အီလက်ထရောနစ် စောင့်ကြည့်စစ်ဆေးတဲ့ကိရိယာတပ်ဆင်မှု တိုးများလာတာက ဖော်ပြနေတယ်။

ဒါကြောင့်လည်း ကမ္ဘာ့စီးပွားရေးချွတ်ခြုံကျနေတဲ့ကြားက လုံခြုံရေးကင်မရာလုပ်ငန်းဟာ ကမ္ဘာတစ်ဝန်းမှာ တစ်ဟုန်တိုး အောင်မြင်နေတယ်။ ဒီအတွက် အကုန်အကျတွေကို ဘယ်သူ ပေးရသလဲ။ နောက်ဆုံးတော့ ကျွန်ုပ်တို့ပဲဖြစ်တယ်။ အခွန်အကောက်ပုံစံအမျိုးမျိုးနဲ့ ပေးနေရတယ်။ အဲဒီလိုအကုန်အကျတွေက လုံခြုံရေးစနစ်တွေ ပိုတွင်ကျယ်လာတာနဲ့အမျှ ပိုတိုးများလာတယ်။

ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ ပိုပိုများလာတဲ့အတွက် အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့လက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေကို ပြန်သုံးသပ်သင့်တယ်။ ဆက်ဖော်ပြထားတဲ့ ဆောင်းပါးတွေမှာ ဒီမေးခွန်းတွေကို သုံးသပ်ပါမယ်– ဖျော်ဖြေရေးနဲ့သတင်းမီဒီယာတွေက အကြမ်းဖက်မှုပျံ့နှံ့လာခြင်းနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ အကြမ်းဖက်မှုအပေါ် ကျွန်ုပ်တို့ရဲ့ သဘောထားကို ဘယ်အချက်တွေက ဩဇာလွှမ်းမိုးနိုင်သလဲ။ ဒီအပျက်သြဇာတွေကနေ ကျွန်ုပ်တို့ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ။