မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြမ်းဖက်မှုဖြစ်စေတဲ့ အကြောင်းရင်းများ

အကြမ်းဖက်မှုဖြစ်စေတဲ့ အကြောင်းရင်းများ

အကြမ်းဖက်မှုဖြစ်စေတဲ့ အကြောင်းရင်းများ

အကြမ်းဖက်မှုဖြစ်စေတဲ့ အကြောင်းရင်းတွေက တစ်ခုထက်မက ပါဝင်နေလေ့ရှိတယ်။ အပေါင်းအသင်းကြောင့်၊ ဖျော်ဖြေရေးကြောင့် ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့်ဆိုပြီး အချက်တစ်ချက်တည်းကိုပဲ လက်ညှိုးထိုးလို့မရဘူး။ အောက်ဖော်ပြပါအချက်တွေလိုမျိုး တခြားအချက်တွေလည်း ပါဝင်လေ့ရှိတယ်။

စိတ်ပျက်လက်ပျက်နဲ့ ထင်ရာစိုင်းခြင်း။ ဖိနှိပ်ခံရတဲ့အခါ၊ ခွဲခြားဆက်ဆံခံရတဲ့အခါ၊ အပေါင်းအသင်းမဲ့ အထီးကျန်တဲ့အခါ၊ စီးပွားရေးချွတ်ခြုံကျတဲ့အခါ၊ ကိုယ့်ဘဝကို ကိုယ်မပိုင်ဘူးလို့ခံစားရတဲ့အခါ တချို့သူတွေက အကြမ်းဖက်လာတတ်ကြတယ်။

အုပ်စုဖွဲ့မိတဲ့အခါ။ အားကစားပွဲတွေမှာလိုမျိုး လူတွေက အုပ်စုဖွဲ့မိတဲ့အခါ အရှက်အကြောက်နည်းသွားပြီး ရိုင်းစိုင်းတဲ့အပြုအမူတွေကို လုပ်လေ့ရှိတယ်။ လူတွေက အုပ်စုလိုက်ဖြစ်သွားတဲ့အခါ “လိုက်နေကျကိုယ်ကျင့်တရားစံနှုန်းတွေကို သိပ်အလေးမထားတော့ဘဲ ကြမ်းကြမ်းတမ်းတမ်း၊ ဒေါသတကြီးတုံ့ပြန်နိုင်ခြေ ပိုများလာတယ်” လို့ စာအုပ်တစ်အုပ်ကဆိုတယ်။ (Social Psychology) အဲဒီအုပ်စုထဲမှာပါသူ တစ်ဦးစီက ကြိုးဆွဲတိုင်းကတဲ့ ရုပ်သေးရုပ်နဲ့တူလာပြီး “လူမှုရေးအသိတရားအားလုံး” ကင်းမဲ့သွားတယ်လို့ နောက်စာအုပ်တစ်အုပ်က ဆိုတယ်။

မုန်းတီးမှုနဲ့ မနာလိုမှု။ လူ့သမိုင်းမှာ ပထမဆုံးလူသတ်မှုကျူးလွန်ခဲ့သူက ကာဣန ဆိုသူဖြစ်တယ်။ (ကမ္ဘာဦး ၄:၁-၈) ဘုရားသခင်က ကာဣနကို ကိုယ့်စိတ်ကိုထိန်းဖို့နဲ့ အဲဒီလိုလုပ်မယ်ဆိုရင် ကောင်းချီးပေးမယ်လို့ သတိပေးနေတဲ့ကြားက မနာလိုမုန်းတီးတဲ့စိတ်ရဲ့ လှုံ့ဆော်မှုကြောင့် သူ့ညီကို သတ်ခဲ့တယ်။ သမ္မာကျမ်းစာမှာပါတဲ့ ဒီစကားတွေ ဘယ်လောက် မှန်ကန်လိုက်သလဲ– “မနာလိုခြင်း၊ ဂုဏ်ပြိုင်ခြင်းတို့ရှိလျှင် ရုန်းရင်းခတ်ခြင်းနှင့် ဆိုးညစ်မှုအမျိုးမျိုးရှိတတ်၏။”—ယာကုပ် ၃:၁၆

အရက်၊ မူးယစ်ဆေးဝါးနဲ့ ဆေးဝါး တလွဲသုံးခြင်း။ ဒါတွေကို တလွဲသုံးခြင်းက ကာယနဲ့ စိတ်ပိုင်းကျန်းမာရေးကို ထိခိုက်ရုံတင်မက ကျွန်ုပ်တို့ရဲ့ အပြုအမူတွေကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကိုလည်း ထိခိုက်စေတယ်။ ဒါကြောင့် အရက်၊ မူးယစ်ဆေးဝါး ဒါမှမဟုတ် ဆေးဝါးတလွဲသုံးသူဟာ အကြမ်းဖက်တတ်လေ့၊ ဒေါသတကြီး တုံ့ပြန်တတ်လေ့ရှိတယ်။

ရာဇဝတ်မှုဆိုင်ရာတရားရေးစနစ် လျော့ရဲမှု။ သမ္မာကျမ်းစာက ခုလိုဆိုတယ်– ‘မကောင်းတဲ့လုပ်ရပ်ကို အလျင်အမြန်စစ်ကြော၍ ဒဏ်မပေးသောကြောင့် လူသားတို့သည် မကောင်းတဲ့လုပ်ရပ်ကိုလုပ်ခြင်းငှာ ခိုင်မာစွာသဘောထားကြ၏။’ (ဒေ. ၈:၁၁) အားနည်းတဲ့၊ ညံ့ဖျင်းတဲ့၊ ခြစားတဲ့ တရားရေးစနစ်ဖြစ်နေမယ်ဆိုရင် အကြမ်းဖက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးရာရောက်တယ်။

မှားယွင်းတဲ့ဝတ်ပြုရေး။ တစ်ခါတလေ ဝတ်ပြုရေးက ဂိုဏ်းဂဏစွဲအကြမ်းဖက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှု စတာတွေနဲ့ ဆက်နွှယ်နေလေ့ရှိတယ်။ ဒါပေမဲ့ အပြစ်တင်ထိုက်သူတွေက တယူသန်သမားတွေ၊ အစွန်းရောက်သမားတွေလောက်ပဲမဟုတ်ဘူး။ ကမ္ဘာစစ်နှစ်ခုအတွင်းမှာဆိုရင် အဓိကဘာသာကြီးတွေဖြစ်တဲ့ နာမည်ခံခရစ်ယာန်ဘာသာနဲ့ ခရစ်ယာန်မဟုတ်တဲ့ဘာသာတွေရဲ့ အသင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ခဲ့ကြတယ်။ ဒါတွေကို သူတို့ရဲ့ ဝတ်ပြုရေးခေါင်းဆောင်တွေက ကောင်းချီးပေးလေ့ရှိတယ်။ အဲဒီလို အပြုအမူတွေက ဘုရားသခင်ကို စော်ကားရာရောက်တယ်။—တိတု ၁:၁၆; ဗျာ. ၁၇:၅၊ ၆; ၁၈:၂၄

အကြမ်းဖက်မှုကို အားပေးတဲ့၊ အမွှမ်းတင်တဲ့ အချက်အလက်တွေ ဒီလောက်များနေတော့ ဒီနေ့ခေတ်မှာ အမှန်တကယ် အေးချမ်းစွာနေထိုင်တတ်သူဖြစ်ဖို့ဆိုတာ ဖြစ်ကောဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲဆိုတာ ဆက်ဖတ်ကြည့်ပါ။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

အကြမ်းဖက်မှုက စိတ်နှလုံးကနေ အရင်းခံ

အကြမ်းဖက်မှုဖြစ်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပေမဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ့်ရဲ့စိတ်နှလုံးပါပဲ။ ဟုတ်ပါတယ်။ လူတွေရဲ့ စိတ်နှလုံးကို သိမြင်နိုင်စွမ်းရှိတဲ့ ယေရှုခရစ်က ခုလိုပြောခဲ့တယ်– “လူအတွင်းရှိ စိတ်နှလုံးထဲမှထွက်လာသည့် မကောင်းသောအကြံအစည်များမှာ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ သူ့ဥစ္စာကိုတပ်မက်ခြင်း၊ ဆိုးသွမ်းခြင်း၊ လှည့်စားခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုမျက်စိရှိခြင်း၊ ဆဲဆိုခြင်း၊ မာနထောင်လွှားခြင်း၊ မိုက်မဲခြင်းတို့ဖြစ်၏။” (မာကု ၇:၂၁၊ ၂၂) မကောင်းတဲ့အရာတွေကို ထပ်ခါထပ်ခါ ကြည့်မယ်၊ နားထောင်မယ်၊ စဉ်းစားမယ်ဆိုရင် ဒီမှားယွင်းတဲ့ဆန္ဒတွေကို လှုံ့ဆော်ပေးရာရောက်တယ်။—ယာကုပ် ၁:၁၄၊ ၁၅

ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့စိတ်ကို ကောင်းတဲ့အရာတွေ၊ ဥပမာ စာမျက်နှာ ၈ မှာ ဖော်ပြထားတဲ့ အရာတွေနဲ့ ဖြည့်ထားမယ်ဆိုရင်တော့ မကောင်းတဲ့ စိတ်ဆန္ဒတွေကို သေစေရာရောက်ပြီး ကောင်းတဲ့စိတ်ဆန္ဒတွေကို လှုံ့ဆော်ပေးရာရောက်တယ်။ (ကောလောသဲ ၃:၅; ဖိလိပ္ပိ ၄:၈) ဒီလိုဆိုရင် ကျွန်ုပ်တို့ရဲ့ “အတွင်းလူကို ခွန်အားပြည့်ဝ” နေအောင် ဘုရားသခင် ကူညီပေးပါလိမ့်မယ်။—ဧဖက် ၃:၁၆

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အကြမ်းဖက်မှုကြောင့် ပညာရှင်တွေ ခေါင်းခြောက်

နိုင်ငံတချို့က တခြားနိုင်ငံတွေထက် လူသတ်မှုနှုန်း အဆ ၆၀ လောက် ပိုများရတာ ဘာကြောင့်လဲ။ လူ့သမိုင်းမှာ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေ ဘာကြောင့် အမြဲမပြတ်ရှိနေရတာလဲ။ စိတ်ရှုပ်စေတဲ့မေးခွန်းတွေများသလောက် စိတ်ကျေနပ်စရာကောင်းတဲ့အဖြေတွေက နည်းပါးလှပါတယ်။

အကြမ်းဖက်မှုဖြစ်ရတာက ဆင်းရဲမှုနဲ့ မမျှတမှုတွေကြောင့်လို့ တချို့သုတေသီ တွေ ယူဆကြတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပါအဝင် အကြမ်းဖက်မှုနဲ့ဆက်နွှယ်နေတဲ့ သေဆုံးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက နွမ်းပါးတဲ့ နိုင်ငံတွေမှာဖြစ်ပြီး ဆင်းရဲတဲ့နေရာတွေမှာ ရာဇဝတ်မှုတွေ ပိုများတယ်လို့ တချို့စာရင်းဇယားတွေမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့သူတွေက တကယ်ပဲ ပိုအကြမ်းဖက်တတ်ကြတာလား။ ဒါမှမဟုတ် သူတို့အသိုင်းအဝိုင်းမှာ ထိရောက်တဲ့ဥပဒေမရှိလို့ အကြမ်းဖက်မှုရဲ့သားကောင် ဖြစ်နေရရှာတာလား။ ဆင်းရဲတွင်းနက်နေသူ သန်းနဲ့ချီနေထိုင်တဲ့ အိန္ဒိယနိုင်ငံက ကာလကတ္တားမြို့ဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အနည်းဆုံးမြို့တစ်မြို့ဖြစ်ပြီး အဲဒီလိုမျိုး တခြားနေရာတွေလည်းရှိပါတယ်။

သေနတ်တွေ အလွယ်တကူရနိုင်ခြင်းကြောင့် လူ့အသိုင်းအဝိုင်းမှာ ပိုအကြမ်းဖက်လာကြခြင်းဖြစ်တယ်လို့ တချို့သူတွေ ကောက်ချက်ချကြတယ်။ သေနတ်ကြောင့် အကြမ်းဖက်သူတွေဟာ ပိုကြောက်စရာကောင်းလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ အကြမ်းဖက်သူတွေ များကိုများနေတာ ဘာကြောင့်လဲ။ ဒီအချက်မှာလည်း ပညာရှင်တွေ သဘောထားကွဲလွဲနေကြတယ်။