မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြမ်းဖက်မှုမှာ ကျွန်တော် မွေ့လျော်ခဲ့

အကြမ်းဖက်မှုမှာ ကျွန်တော် မွေ့လျော်ခဲ့

အကြမ်းဖက်မှုမှာ ကျွန်တော် မွေ့လျော်ခဲ့

ဆယ်လ်ဗေဒေါ ဂါဇာ ပြောပြသည်

ကျွန်တော် ခပ်ငယ်ငယ်က အကြမ်းဖက်မှုကို နှစ်သက်ပြီး စိတ်ဆိုးအောင်လုပ်တဲ့ ဘယ်သူနဲ့မဆို ရန်ဖြစ်လေ့ရှိတယ်။ ဒါကို ကျွန်တော်တို့ဒေသမှာရှိတဲ့ လက်ဝှေ့ချန်ပီယံတစ်ယောက်က သတိပြုမိပြီး ကျွန်တော့်ကို လက်ဝှေ့ထိုးနည်း သင်ပေးခဲ့တယ်။ နောက်ပိုင်း၊ ကျွန်တော်ဟာ ကြေးစားလက်ဝှေ့သမားတစ်ယောက်အနေနဲ့ အမေရိကန်နိုင်ငံတစ်ဝန်းလုံးကို ရောက်ခဲ့တယ်။ နောက်တော့ လူဆိုးဂိုဏ်းသားတစ်ယောက်ရဲ့ ကိုယ်ရံတော်ဖြစ်လာတယ်။

ကျွန်တော်အိမ်ထောင်ကျပြီး ကလေးခြောက်ယောက်ရတဲ့အထိ အကြမ်းဖက်မှုမှာ မွေ့လျော်နေဆဲပဲ။ အဲဒီအချိန်မှာ ကျွန်တော် နိုက်ကလပ်တစ်ခုကို အုပ်ချုပ်ခဲ့တယ်။ ကျွန်တော့်ကိုသတ်ဖို့ လူတွေ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝမျိုးကို ကျွန်တော်ကြိုက်တယ်။ တစ်ကြိမ်မှာ ရန်ဖြစ်ကြရင်း လူနှစ်ယောက်ကို သေနတ်နဲ့ပစ်လိုက်တာ သူတို့ တော်တော်လေးအထိနာသွားတယ်။ အထင်ကရနိုင်ငံရေးသမားတစ်ဦးကို ပြန်ပေးဆွဲဖို့ သူငယ်ချင်းတချို့နဲ့ ကျွန်တော်စီစဉ်ခဲ့တယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကို ရဲတွေသိသွားပြီး ကျွန်တော့်ကို ဖမ်းလိုက်တယ်။ ကျန်တဲ့သူတွေကို ရဲတွေ လိုက်ဖမ်းတဲ့အချိန်မှာ သေနတ်နဲ့ပစ်တဲ့အတွက် ကျွန်တော့်သူငယ်ချင်းတွေအားလုံး သေဆုံးခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် ထောင်ပဲကျလို့ တော်သေးတယ်။

နှစ်တွေကြာပြီးနောက် ကျွန်တော် ထောင်ကလွတ်လာပြီး အလုပ်တစ်ခု ရခဲ့တယ်။ တစ်နေ့ အလုပ်ကနေအိမ်အပြန် မခံမရပ်နိုင်လောက်အောင် ခေါင်းကိုက်လာတယ်။ အရမ်းစိုးရိမ်သွားတာကြောင့် ဘုရားသခင်ထံ ဆုတောင်းခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ဇနီး ဒေါ်လိုရေစ်က ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေတယ်၊ ဒါကြောင့် ဘုရားသခင်နာမည်က ယေဟောဝါဖြစ်တယ်လို့ သူပြောပြထားတယ်။ (ယေရမိ ၃၃:၂) ဒါနဲ့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။

ကျွန်တော် ပြန်ကောင်းလာပြီးတဲ့နောက် ကျွန်တော့်ဇနီးက ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမမှာ စည်းဝေးတက်ဖို့ ခေါ်တယ်။ သက်သေခံတွေရဲ့ ကြင်နာမှု၊ စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုကြောင့် ကျွန်တော် မျက်ရည်လည်မိတယ်။ ဒါကြောင့် ကျွန်တော်လည်း ကျမ်းစာစလေ့လာခဲ့ပြီး ဘဝအပေါ် ကျွန်တော့်ရှုမြင်ပုံကို ပြုပြင်ပြောင်းလဲခဲ့တယ်။ သင်ယူရရှိတဲ့အရာတွေကို ကျွန်တော်ကြိုက်တယ်။

ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိလာဖို့တော့ အချိန်နည်းနည်းယူခဲ့ရတယ်။ ဥပမာ၊ ကျွန်တော့်မိတ်ဆွေ အန်တိုနီယိုနဲ့ တစ်အိမ်မှတစ်အိမ် သတင်းကောင်းဟောပြောနေချိန်မှာ လူတစ်ယောက်က ကျွန်တော်တို့ကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခဲ့တယ်။ ကျွန်တော် ဒေါသထောင်းခနဲထွက်ပြီး ရှေ့တိုးသွားလိုက်တယ်။ အန်တိုနီယို ကျွန်တော့်ကို ထိန်းလိုက်လို့ တော်သေးတယ်။ ယေရှုက ကဲ့ရဲ့ပြောင်လှောင်မှု၊ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမှုတွေကို ခံနိုင်ရည်ရှိခဲ့တဲ့အကြောင်း ကျွန်တော်သတိပြုမိအောင် စိတ်ရှည်ရှည်နဲ့ သူကူညီပေးခဲ့တယ်။ ယေရှုနဲ့ အနီးကပ်နေခဲ့တဲ့ တမန်တော်ပေတရုက ကိုယ်တော်ဟာ “ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်၍ကဲ့ရဲ့ရှုတ်ချခြင်းမပြု” လို့ရေးခဲ့တယ်။ (၁ ပေတရု ၂:၂၃) ဒီစကားက ကျွန်တော့်နှလုံးကို ထိမိခဲ့တယ်။

ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့ နှစ်တွေကို ပြန်တွေးကြည့်ရင် ယေဟောဝါဘုရားသခင်ကို တကယ်ကျေးဇူးတင်မိတယ်။ ကျွန်တော့်စိတ်ကိုထိန်းချုပ်နိုင်အောင်၊ အမှန်တကယ်အေးချမ်းစွာနေတတ်သူဖြစ်အောင် ကိုယ်တော်ရဲ့ သန့်ရှင်းသောစွမ်းအားတော်နဲ့ ကူညီပေးခဲ့လို့ပါပဲ။ (ဂလာတိ ၅:၂၂၊ ၂၃) အခုဆိုရင် ကျွန်တော့်မိသားစုနဲ့အတူ ပျော်ရွှင် ငြိမ်သက်အေးချမ်းနေပါတယ်။ ဒါ့အပြင် အချိန်ပြည့်ဘုရားသခင့်အမှုဆောင်အဖြစ် ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းကို တခြားသူတွေရရှိအောင် ကူညီခွင့်ရတဲ့ အခွင့်ထူးကိုလည်း ရရှိထားပါတယ်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဆယ်လ်ဗေဒေါဟာ သမ္မာကျမ်းစာလေ့လာခြင်းကနေ ငြိမ်သက်အေးချမ်းစွာ နေထိုင်တတ်လာခဲ့