မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

အမှန်တကယ်အကျိုးပြုတဲ့ ကိုယ်ကျင့်တရားစံနှုန်းများ

အမှန်တကယ်အကျိုးပြုတဲ့ ကိုယ်ကျင့်တရားစံနှုန်းများ

ခရစ္စတီးနားတစ်ယောက် ကိုယ့်မျက်စိကို ကိုယ်မယုံနိုင် ဖြစ်သွားတယ်။ ငွေအများကြီးပါတဲ့ အနက်ရောင်အိတ်တစ်လုံး သူတွေ့လိုက်တယ်၊ အထဲမှာပါတဲ့ငွေက သူ့ရဲ့ အနှစ် ၂၀ ကျော်လုပ်အားခလောက်ရှိတယ်။ ပိုင်ရှင်ဘယ်သူလဲဆိုတာကိုလည်း သူသိထားတယ်။ သူဘာလုပ်သင့်သလဲ။ သင်သာဆိုရင် ဘာလုပ်မလဲ။ သင့်ရဲ့အဖြေက ရိုးသားမှုနဲ့ဆိုင်တဲ့ ကိုယ်ကျင့်တရားစံနှုန်းအပေါ် သင်ဘယ်လိုသဘောထားသလဲ ဆိုတဲ့အချက် ပေါ်လွင်ပါလိမ့်မယ်။

စံနှုန်းတွေဆိုတာဘာလဲ။ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး စံအဖြစ်သတ်မှတ်ထားတဲ့နှုန်းတွေ ဖြစ်တယ်။ ခွင့်လွှတ်ခြင်း၊ ရိုးသားခြင်း၊ လွတ်လပ်ခြင်း၊ မေတ္တာ၊ ဘဝကိုလေးမြတ်ခြင်း၊ ချုပ်တည်းခြင်း စတာတွေနဲ့ ပတ်သက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စံနှုန်းဟာ ကိုယ့်ရဲ့အပြုအမူ၊ ဦးစားထားရာ၊ ပြောဆိုပြုမူပုံမှာသာမက ကလေးတွေကို ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး သွန်သင်ပေးပုံတွေအပေါ်မှာလည်း ပေါ်လွင်နေတတ်တယ်။ ကိုယ်ကျင့်တရားစံနှုန်းရှိဖို့ အရေးကြီးပါတယ်၊ ဒါပေမဲ့ ဒီနေ့လောကမှာတော့ အဲဒီစံနှုန်းတွေ ကျဆင်းနေပါတယ်။

စံနှုန်းတွေ ဆုတ်ယုတ်ကျဆင်းလာ

ကိုယ်ကျင့်တရားစံနှုန်းကို ဘယ်လိုရှုမြင်ကြသလဲဆိုတာသိဖို့ ၂၀၀၈ ခုနှစ်မှာ အမေရိကန်က သုတေသီတွေဟာ လူလတ်ပိုင်းအရွယ် လူရာနဲ့ချီကို တွေ့ဆုံမေးမြန်းခဲ့တယ်။ “ကိုယ်ကျင့်တရားစံနှုန်းအကြောင်းကို ခေါင်းထဲမထည့်ကြတော့ဘူး” ဆိုပြီး ဒေးဗစ် ဘရွတ်က နယူးယောက်တိုင်းမ်မှာ ဖော်ပြခဲ့တယ်။ မုဒိမ်းကျင့်တာ၊ လူ့အသက်သတ်တာတွေတော့ မှားတယ်လို့ လူအများစုခံယူကြပေမဲ့ “အဲဒါတွေကလွဲလို့ တခြားကိစ္စတွေမှာ မှားလား၊ မှန်လားဆိုပြီး မစဉ်းစားကြတော့ဘူး။ အရက်သောက်ပြီး ကားမောင်းတာ၊ ကျောင်းမှာမရိုးသားတာ၊ ရည်းစားအပေါ် သစ္စာမရှိတာ စတဲ့ကိစ္စတွေမှာ သင့်တော်မတော် မစဉ်းစားကြတော့ဘူး။” လူငယ်တစ်ယောက်က “မှားမှား၊ မှန်မှန် ကျွန်မဂရုမစိုက်ဘူး” လို့ပြောခဲ့တယ်။ လူအများက “ကိုယ်မှန်တယ်ထင်ရင် လုပ်သာလုပ်” ဆိုပြီး ယူမှတ်လာကြပြီ။ အဲဒီလိုယူမှတ်တာ သင့်တော်ပါသလား။

လူတွေရဲ့စိတ်နှလုံးဟာ ချစ်တတ်တယ်၊ သနားစာနာတတ်တယ်၊ ဒါပေမဲ့ ‘စဉ်းလဲပြီး အလွန်ယိုယွင်းသောသဘော’ လည်းရှိပါတယ်။ (ယေရမိ ၁၇:၉) အဲဒါကြောင့်ပဲ လောကရဲ့ကိုယ်ကျင့်တရားစံနှုန်းတွေဟာ ပြောင်းလဲနေပါတယ်။ အဲဒီလိုပြောင်းလဲလာမယ်လို့လည်း ကျမ်းစာမှာ ကြိုပြောထားတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်လောက်ကတည်းက “နောက်ဆုံးသောနေ့ရက်များ၌ . . . လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ မာနထောင်လွှားသောသူ၊ . . . ကိုယ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ” ဖြစ်မယ်လို့ ဖော်ပြထားတယ်။ အဲဒီအပြင် “အကောင်းကိုမုန်းသောသူ” တွေနဲ့ ‘ဘုရားသခင်ကိုနှစ်သက်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သောသူ’ တွေလည်း ရှိမှာဖြစ်တယ်။—၂ တိမောသေ ၃:၁-၅သမ္မာ။

ကျမ်းစာပြောထားတဲ့အတိုင်း ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ စိတ်စေစားရာအတိုင်း လုပ်မယ့်အစား စိတ်နှလုံးကို အသေအချာဆန်းစစ်သင့်ပါတယ်။ “မိမိစိတ်နှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏” လို့ သမ္မာကျမ်းစာမှာ ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ (သုတ္တံ ၂၈:၂၆) မှန်ကန်တဲ့အရာတွေလုပ်နိုင်အောင် စိတ်နှလုံးကို ကိုယ်ကျင့်တရားစံနှုန်းကောင်းတွေနဲ့ လေ့ကျင့်ထားဖို့လိုတယ်။ အဲဒီစံနှုန်းတွေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။ သမ္မာကျမ်းစာဟာ မှန်ကန်ပြီး တိကျတဲ့အတွက် လူများစွာကတော့ သမ္မာကျမ်းစာကနေ စံနှုန်းကောင်းတွေ ရှာယူကြတယ်။

ယုံကြည်စိတ်ချနိုင်တဲ့ စံနှုန်းများ

သမ္မာကျမ်းစာစံနှုန်းတွေဟာ လူသားတွေရဲ့လိုအပ်ချက်နဲ့ တစ်ထပ်တည်းကျတယ်ဆိုတာ ထင်ရှားတယ်။ မေတ္တာ၊ ကြင်နာမှု၊ ရက်ရောမှု၊ ရိုးသားမှုနဲ့ပတ်သက်ပြီး ကျမ်းစာစံနှုန်းတချို့ကို သုံးသပ်ကြည့်ပါ။

ချစ်ခြင်းမေတ္တာ။

“သင်သာ မေတ္တာပြတတ်လာမယ်ဆိုရင် ပျော်ရွှင်မှုကို အလိုလိုခံစားရပါလိမ့်မယ်” လို့ စာအုပ်တစ်အုပ် (Engineering Happiness—A New Approach for Building a Joyful Life) မှာ ဖော်ပြထားပါတယ်။ လူသားတွေဟာ မေတ္တာလိုအပ်ပါတယ်။ မေတ္တာမရှိရင် ပျော်နိုင်မှာမဟုတ်ဘူး။

သမ္မာကျမ်းစာပြောဆိုရာ– “ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုးဖြစ်၏။” (ကောလောသဲ ၃:၁၄) “ချစ်ခြင်းမေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏” လို့လည်း ကျမ်းစာမှာ ဖော်ပြထားပါတယ်။—၁ ကောရိန္သု ၁၃:၂

အဲဒီမေတ္တာဟာ လင်မယားမေတ္တာ၊ သမီးရည်းစား မေတ္တာမျိုးမဟုတ်ဘူး။ အကျိုးပြန်ခံစားရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့မဟုတ်ဘဲ ဒုက္ခရောက်နေတဲ့ သူစိမ်းတစ်ဦးကိုကူညီဖို့ လှုံ့ဆော်တဲ့မေတ္တာမျိုးဖြစ်တယ်။ ၁ ကောရိန္သု ၁၃:၄-၇ မှာ ဒီလိုဖတ်ရပါတယ်– “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်။ အမျက်မထွက်တတ်။ ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်။ မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်။ အမှန်တရား၌ ဝမ်းမြောက်တတ်၏။ မေတ္တာသည် အရာရာကို သည်းခံတတ်၏။ . . . အရာရာကို ခံရပ်နိုင်၏။”

မိသားစုမှာ မေတ္တာမရှိဘူးဆိုရင် မိသားစုဝင်ယောက်တိုင်းကို၊ အထူးသဖြင့် ကလေးတွေကို ထိခိုက်ပါတယ်။ မော်နီကာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ကလေးဘဝတုန်းက ကာယပိုင်း၊ စိတ်ပိုင်း မတော်မတရားဆက်ဆံခံခဲ့ရပြီး ကလေးမတော်မတရားပြုကျင့်မှုကိုပါ ခံခဲ့ရတယ်။ “ကျွန်မကို မချစ်ကြဘူးလို့ ခံစားရပြီး ဘာမျှော်လင့်ချက်မှ မရှိခဲ့ဘူး” လို့သူပြောပြတယ်။ အသက် ၁၅ နှစ်ရောက်တဲ့အခါ ယေဟောဝါသက်သေတွေဖြစ်တဲ့ အမေဘက်က အဘိုးအဘွားတွေဆီမှာ သွားနေခဲ့တယ်။

မော်နီကာ ဒီလိုပြောပြတယ်– “အဘွားတို့နဲ့နေတဲ့ နှစ်နှစ်အတွင်းမှာ ရှက်ကြောက်တတ်တဲ့ကျွန်မကို ဖော်ဖော်ရွေရွေနေဖို့၊ မေတ္တာပြဖို့နဲ့ တခြားသူတွေကို ဂရုစိုက်ဖို့ သင်ပေးတယ်။ လေးစားခံရတဲ့ အမျိုးသမီးဖြစ်လာအောင် အဘိုးနဲ့အဘွားက ကူညီပေးခဲ့တယ်။” အခုဆိုရင် မော်နီကာမှာ ပျော်ရွှင်တဲ့အိမ်ထောင်ရှိနေပြီး သူ့ခင်ပွန်း၊ ကလေးသုံးယောက်နဲ့အတူ တခြားသူတွေကို သမ္မာကျမ်းစာမှာပါတဲ့ အကြောင်းတွေကို မေတ္တာနဲ့ ဝေမျှပေးနေပါတယ်။

မေတ္တာစိတ်လျော့နည်းသွားစေတဲ့ ရန်သူကတော့ ရုပ်ပစ္စည်းတပ်မက်တဲ့စိတ်ဖြစ်တယ်။ ရုပ်ပစ္စည်းပိုင်ဆိုင်ရင်ပျော်ရွှင်မယ် ဆိုတဲ့အချက်ကို အကောင်းဆုံးစံနှုန်းလို့ သတ်မှတ်လာကြတယ်။ အံ့ဩစရာကတော့၊ အထပ်ထပ်ပြုလုပ်တဲ့ လေ့လာဆန်းစစ်မှုတွေအရ ရုပ်ပစ္စည်းအနည်းငယ်ပိုင်ဆိုင်တဲ့သူတွေပဲ ပိုပျော်ရွှင်တဲ့သူတွေဖြစ်နေတာကို တွေ့ရှိကြရတယ်။ ငွေသာအဓိကဆိုတဲ့စံနှုန်းအတိုင်း လိုက်တဲ့သူတွေဟာ တကယ်တမ်းမပျော်ကြဘူး။ အဲဒါကို သမ္မာကျမ်းစာကလည်း ထောက်ခံပါတယ်။ ‘ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် အနတ္တဖြစ်၏’ လို့ ဒေသနာ ၅:၁၀ မှာ ဖော်ပြထားတယ်။ “သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း” ပါလို့လည်း ကျမ်းစာမှာ ဖော်ပြထားပါတယ်။—ဟေဗြဲ ၁၃:၅

ကြင်နာမှုနဲ့ ရက်ရောမှု။

အမေရိကန်နိုင်ငံ ဘားကလေးမြို့ ကယ်လီဖိုးနီးယားတက္ကသိုလ် သိပ္ပံစင်တာတစ်ခုကထုတ်ဝေတဲ့ စာစောင်တစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “စတိုးဆိုင်မှာ ပျော်ရွှင်မှုကိုဝယ်လို့ရမယ်ဆိုရင် မကောင်းဘူးလား။ အဲဒီလို မဖြစ်နိုင်ဘူးလို့ သင်ထင်ပါလိမ့်မယ်။ ဒါပေမဲ့ သင်ဟာ တခြားတစ်ယောက်ယောက်ကိုပေးဖို့ ပစ္စည်းတစ်ခုခုကို ဝယ်တယ်ဆိုရင် ပျော်ရွှင်မှုကိုဝယ်နေတာဖြစ်ပါတယ်။” ပြောချင်တာက ဘာဖြစ်မလဲ။ ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေပါတယ်။

သမ္မာကျမ်းစာပြောဆိုရာ– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။”—တမန်တော် ၂၀:၃၅

ပေးကမ်းရာမှာ အကောင်းဆုံး၊ အကျိုးအရှိဆုံးနည်းကတော့ ကျွန်ုပ်တို့ရဲ့အချိန်နဲ့ ခွန်အားကို ပေးခြင်းဖြစ်တယ်။ ဥပမာ၊ ခယ်ရင်ဆိုတဲ့ အမျိုးသမီးက အမျိုးသမီးသုံးယောက်ကို သတိပြုမိတယ်။ အမေနဲ့ သမီးနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ကားစက်ဖုံး ဖွင့်ထားတယ်။ အမေနဲ့သမီးတစ်ယောက်က လေယာဉ်ကွင်းသွားရမှာဖြစ်ပြီး သူတို့ကားက ပျက်နေတယ်၊ ခေါ်ထားတဲ့ တက္ကစီကလည်း ရောက်မလာသေးဘူး။ လေယာဉ်ကွင်းကိုရောက်ဖို့ ၄၅ မိနစ်မောင်းရမှာဖြစ်ပေမဲ့ ခယ်ရင်က သူလိုက်ပို့ပေးမယ်လို့ ပြောလိုက်တယ်။ လိုက်ပို့ပြီးပြန်လာတဲ့အခါ နောက်သမီးတစ်ယောက်က ကားရပ်တဲ့နေရာမှာ ရှိနေသေးတာကို တွေ့ရတယ်။

“ကျွန်မခင်ပွန်း လာနေပြီ” လို့သူပြောတယ်။

ခယ်ရင်က “တော်သေးတယ်၊ အစ်မအတွက် အဆင်ပြေသွားပြီပေါ့။ ကျွန်မက ဝတ်ပြုရာခန်းမမှာ ပန်းစိုက်မလို့ သွားရဦးမယ်” လို့ ပြောပြတယ်။ ဒါနဲ့သူက

“ယေဟောဝါသက်သေလား” လို့မေးလာတယ်။

“ဟုတ်တယ်” လို့ဖြေပြီး စကားနည်းနည်း ပြောဖြစ်ကြတယ်။

အပတ်အနည်းငယ်ကြာပြီးတဲ့နောက် ခယ်ရင်ဆီ စာတစ်စောင်ရောက်လာတယ်။ စာထဲက တချို့ကတော့– “ကျွန်မနဲ့အမေကို ညီမကူညီပေးခဲ့တာ မမေ့နိုင်ဘူး။ လေယာဉ်မီသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမက ယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်လို့ ကျွန်မအစ်မ ပြောပြတယ်။ ဒါကြောင့်လည်း ကျွန်မတို့ကို ဒီလိုမေတ္တာပြနိုင်တာပေါ့။ အမေလည်း သက်သေခံတစ်ယောက်ပဲ၊ ကျွန်မက ဘုရားရေးရာမှာ မလှုပ်ရှားသူတစ်ယောက်ပါ။ မကြာခင် ကျွန်မပြန်ကြိုးစားမှာပါ။” ယုံကြည်သူချင်းနှစ်ယောက်ကို ကူညီပေးခဲ့ရတဲ့အတွက် ခယ်ရင် အရမ်းပျော်ခဲ့တယ်။ “ကျွန်မ မျက်ရည်တောင်ကျတယ်” လို့ သူပြောတယ်။

စာရေးဆရာ ချားလ် ဒီ. ဝါနာ ဒီလိုရေးခဲ့တယ်– “ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးလုပ်ရပ်တစ်ခုကတော့ ကျေးဇူးပြန်ဆပ်ဖို့မမျှော်လင့်ဘဲ သူတစ်ပါးကို သဘောရိုးနဲ့ကြိုးစားကူညီခြင်းဖြစ်တယ်။” ဘုရားသခင်ဟာ မိမိရဲ့ကောင်းမြတ်တဲ့အရည်အသွေးဖြစ်တဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို လူသားတွေတင်ပြတတ်အောင် ထည့်သွင်းဖန်ဆင်းပေးထားတဲ့အတွက် အဲဒီလိုလုပ်နိုင်ပါတယ်။—ကမ္ဘာဦး ၁:၂၇

ရိုးသားမှု။

ဒီကျင့်ဝတ်စံနှုန်းကို ဘယ်လူ့ဘောင်အဖွဲ့အစည်းမဆို လက်ခံပါတယ်။ မရိုးသားမှုကြောင့် စိုးရိမ်ထိတ်လန့်စိတ် ခံစားရစေရုံသာမက ယုံကြည်စိတ်ချမှုမရ၊ အပေါင်းအသင်းမရှိ ဖြစ်တတ်တယ်။

သမ္မာကျမ်းစာပြောဆိုရာ– ဘုရားသခင်၏ “တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။” “ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြော” သူတွေဖြစ်ပါတယ်။ (ဆာလံ ၁၅:၁၊ ၂) သုံးသပ်ခဲ့ပြီးဖြစ်တဲ့ တခြားအရည်အသွေးတွေလိုပဲ ရိုးသားခြင်းဟာ ပင်ကိုအရည်အသွေးတစ်ခုဖြစ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲတတ်တဲ့အရာမဟုတ်ဘူး။

ငွေအိတ်တွေ့ ခဲ့တဲ့ ခရစ္စတီးနားကို ပြန်ကြည့်ရအောင်။ သူ့ရဲ့စိတ်ဆန္ဒက ချမ်းသာကြွယ်ဝဖို့မဟုတ်ဘဲ ဘုရားသခင် နှစ်သက်ရာကိုလုပ်ဖို့ ဖြစ်တယ်။ ဒါကြောင့် ပိုင်ရှင်ဖြစ်သူ စိုးရိမ်တကြီးနဲ့ပြန်လာတဲ့အခါ အိတ်ကို သူတွေ့ထားတဲ့အကြောင်း ပြောပြလိုက်တယ်။ ခရစ္စတီးနားရဲ့ ရိုးသားမှုကို ပိုင်ရှင်အံ့သြသွားတယ်။ ပိုင်ရှင်ဟာ ခရစ္စတီးနားရဲ့ အလုပ်ရှင်ဖြစ်တဲ့အတွက် နောက်ပိုင်း ခရစ္စတီးနားကို ယုံကြည်စိတ်ချရတဲ့သူတွေကိုပဲပေးတဲ့ စတိုခန်းထိန်းသိမ်းသူအဖြစ် တာဝန်ပေးခဲ့တယ်။ “အသက်ကို မြတ်နိုး၍ ကောင်းမွန်သောနေ့ရက်များကို တွေ့မြင်လိုသူသည် . . . မိမိနှုတ်ဖြင့် လှည့်ဖြားသောစကားကို . . . မပြောစေနှင့်” ဆိုတဲ့ ၁ ပေတရု ၃:၁၀ မှာပါတဲ့စကားတွေဟာ တကယ်ပဲမှန်ကန်ပါတယ်။

‘လူကောင်းတွေရဲ့လမ်းစဉ်ကို လိုက်ပါ’

သမ္မာကျမ်းစာမှာတွေ့ရတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေက ‘လူကောင်းတွေရဲ့လမ်းစဉ်ကို လိုက်’ နိုင်အောင် ကူညီပေးတဲ့အတွက် ကျွန်ုပ်တို့ကို ဖန်ဆင်းရှင် ချစ်မြတ်နိုးတယ်ဆိုတာ ပေါ်လွင်ပါတယ်။ (သုတ္တံ ၂:၂၀; ဟေရှာယ ၄၈:၁၇၊ ၁၈) အဲဒီစံနှုန်းတွေကို ကျွန်ုပ်တို့ လိုက်လျှောက်တဲ့အခါ ဘုရားသခင်ကို ချစ်မြတ်နိုးကြောင်း တင်ပြရာရောက်ပြီး အကျိုးကျေးဇူးများစွာ ရရှိတယ်။ သမ္မာကျမ်းစာမှာ ဒီလိုကတိပြုထားပါတယ်– “ထာဝရဘုရား[၏] လမ်းတော်ကို လျှောက်သွားလော့။ ပြည်တော်ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ဆုံးၡုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။”—ဆာလံ ၃၇:၃၄

သမ္မာကျမ်းစာစံနှုန်းတွေအတိုင်း လိုက်လျှောက်တဲ့သူတွေဟာ ဆိုးသွမ်းမှုတွေမရှိတဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာပေါ်မှာ နေထိုင်ရမယ်ဆိုတဲ့ အထူးကောင်းမွန်တဲ့ မျှော်လင့်ချက်ရှိပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာစံနှုန်းတွေကို လေ့လာကြည့်ပါ။