မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

အချိန်ကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ

အချိန်ကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ

“နောက်ထပ် အချိန်နည်းနည်းလောက်သာ ထပ်ရခဲ့ရင်တော့ကွာ။” အဲဒီလိုမျိုး သင် ဘယ်နှစ်ကြိမ် ပြောဖူးပါသလဲ။ အချိန်ဆိုတာ လူသားတွေအားလုံး တစ်ပြေးညီရရှိတဲ့အရာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲအာဏာရှိရှိ၊ ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာချမ်းသာ အချိန်ကို စုဆောင်းထားလို့မရနိုင်ပါဘူး။ ကုန်လွန်သွားပြီဆိုရင် ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး။ ဒါကြောင့် ကျွန်ုပ်တို့ပိုင်ဆိုင်တဲ့ အချိန်လေးကို ကောင်းကောင်း အသုံးချတာက ပညာရှိရာကျပါတယ်။ ဒါဆိုရင် ဘယ်လိုအသုံးချမလဲ။ အချိန်ကို အကျိုးရှိရှိအသုံးချဖို့ လူတော်တော်များများကို ကူညီပေးခဲ့တဲ့ နည်းလမ်း လေးခုကို သုံးသပ်ကြည့်ရအောင်။

နည်းလမ်း ၁– စည်းစနစ်ရှိပါ

ဦးစားထားရမယ့်အရာတွေကို သတ်မှတ်ပါ။ ကျမ်းစာမှာ ဒီလိုအကြံပေးတယ်– ‘သာ၍ အရေးကြီးသောအရာများကို သေချာစွာ သိစေပါ။’ (ဖိလိပ္ပိ ၁:၁၀) ဘယ်ဟာက အရေးကြီးတဲ့အရာလဲ၊ ဘယ်ဟာက ချက်ချင်းလုပ်ရမယ့်အရာလဲ၊ ဘယ်ဟာက အရေးကြီးပြီးချက်ချင်းလုပ်ဖို့လိုတာလဲ ဆိုတာတွေကို စာရင်းပြုစုထားပါ။ ဥပမာ၊ ညစာသွားဝယ်ဖို့က အရေးကြီးတယ်ဆိုပေမဲ့ ချက်ချင်းလုပ်ဖို့လိုတာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ တီဗွီဇာတ်လမ်း လာနေတယ်ဆိုရင် ချက်ချင်းကြည့်ဖို့ လိုတယ်ဆိုပေမဲ့ မဖြစ်မနေ လုပ်ရမယ့် အရေးကြီးတဲ့အရာမဟုတ်ပါဘူး။ *

ကြိုတင်စဉ်းစားပါ။ “ပုဆိန်တုံး၍ မသွေးဘဲထားသူသည် ပိုမိုအားစိုက်လုပ်ဆောင်ရတတ်၏။ ကြိုတင်ပြင်ဆင်မှုသည် ပို၍ပညာရှိ၏။” (ဒေသနာ ၁၀:၁၀ခမ) သင်ခန်းစာက ဘာလဲ။ ပုဆိန်ကိုသွေးတယ်ဆိုတာက ကြိုတင်အစီအစဉ်ဆွဲတဲ့သဘောမျိုးဖြစ်ပြီး အချိန်ကို အထိရောက်ဆုံး အသုံးပြုနိုင်စေဖို့ဖြစ်တယ်။ အချိန်ကုန်လူပန်းစေပြီး တကယ်လုပ်ဖို့ မလိုအပ်တဲ့အရာတွေကို အလုပ်စာရင်းထဲကနေ ဖယ်လိုက်ပါ။ ကိုယ်က အလုပ်ကိုကြိုးစားပြီး လုပ်လိုက်လို့ အချိန်ပိုထွက်လာတယ်ဆိုရင် ဒီအတိုင်း မနေပါနဲ့။ နောက်မှလုပ်ဖို့ အစီအစဉ်ဆွဲထားတဲ့အလုပ်ကို အခုလုပ်လိုက်ပါ။ ပုဆိန်ကြိုသွေးထားတဲ့ ပညာရှိလုပ်သားလိုပဲ ကြိုတင်စဉ်းစားစီစဉ်ခြင်းအားဖြင့် အလုပ်တွေများများ အောင်မြင်ပြီးမြောက်ပါလိမ့်မယ်။

မလိုအပ်တာတွေ မလုပ်ပါနဲ့။ အရေးမကြီးတဲ့အရာတွေ၊ အချိန်အလဟဿကုန်စေတဲ့အရာတွေလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ငြင်းတတ်အောင် ကြိုးစားပါ။ လူမှုရေးကိစ္စတွေ များလွန်းရင် မလိုလားအပ်တဲ့ ဖိစီးမှုတွေရှိလာပြီး ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။

နည်းလမ်း ၂– အချိန်သူခိုးတွေကို ရှောင်ပါ

အချိန်ဆွဲခြင်းနဲ့ မပြတ်သားခြင်း။ “မိုးလေဝသကောင်းမွန် လာချိန်ကိုသာ စောင့်ဆိုင်းနေတတ်သူသည် အဘယ်အခါ၌မျှ အသီးအနှံများကို စိုက်ပျိုးရိတ်သိမ်းရလိမ့်မည် မဟုတ်။” (ဒေသနာ ၁၁:၄ခမ) သင်ခန်းစာက ဘာလဲ။ အချိန်ဆွဲခြင်းက အချိန်နဲ့ အလုပ်ပြီးမြောက်မှုကို ခိုးတဲ့ သူခိုးဖြစ်ပါတယ်။ မိုးလေဝသအကောင်းဆုံး အခြေအနေကို စောင့်ဆိုင်းနေတဲ့ လယ်သမားကတော့ ဘယ်တော့မှစိုက်ပျိုး၊ ရိတ်သိမ်းရတော့မှာ မဟုတ်ဘူး။ ထပ်တူပါပဲ ကျွန်ုပ်တို့လည်း မသေချာမရေရာမှုတွေကြောင့် ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ဘူး ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုမချခင် အားလုံးပြီးပြည့်စုံဖို့ လိုအပ်တယ်လို့ ထင်တာလည်း ဖြစ်နိုင်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ဆိုရင် သေသေချာချာလေ့လာဖို့၊ စဉ်းစားဖို့ လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ “ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” လို့ သုတ္တံ ၁၄:၁၅ မှာလည်း ပြောထားပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ဆုံးဖြတ်ချက်အများစုဟာ သေချာသုံးသပ် စဉ်းစားထားပြီးနောက်မှာတောင် မသေချာမရေရာတဲ့ အခြေအနေတချို့မှာ ချလိုက်ရတာဖြစ်တယ်။ —ဒေသနာ ၁၁:၆

ပြီးပြည့်စုံလိုခြင်း။ ‘အထက်မှ [ဘုရားသခင်ထံမှ] ဉာဏ်ပညာမူကား အကျိုးသင့်အကြောင်းသင့်သဘောရှိ၏။’ (ယာကုပ် ၃:၁၇) အကောင်းဆုံးဖြစ်ချင်တဲ့ စိတ်လေးရှိတာက ချီးမွမ်းစရာပါ။ ဒါပေမဲ့ တစ်ခါတလေမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ ထင်ထားသလိုဖြစ်မလာတဲ့အခါ စိတ်ပျက်မိနိုင်ပါတယ်။ ဥပမာ၊ ဘာသာစကားအသစ် သင်ယူတဲ့သူတစ်ယောက်ဟာ အမှားမရှိဘူးလို့ မမျှော်လင့်ထားသင့်ပါဘူး။ အမှားလေးတွေကနေ သင်ယူသင့်ပါတယ်။ လုံးဝပြီးပြည့်စုံရမယ်လို့ မျှော်လင့်ထားသူတစ်ယောက်ဟာ အမှားမဖြစ်လိုတဲ့အတွက် မပြောတော့ဘူး။ အဲဒီစိတ်ဓာတ်က သူ့ရဲ့ တိုးတက်မှုကို နှောင့်နှေးစေပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာလောက်ကိုပဲ မျှော်လင့်တာက ကောင်းပါတယ်။ “စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏” လို့ သုတ္တံ ၁၁:၂ မှာ ဖော်ပြထားပါတယ်။ နှိမ့်ချတဲ့သူ၊ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာလေးနဲ့ ကျေနပ်တဲ့သူဟာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်နိုင်ကြပါတယ်။

“ပစ္စည်းတွေဝယ်တဲ့အခါ ပေးလိုက်ရတာက တကယ်တော့ ပိုက်ဆံမဟုတ်ဘူး။ အချိန်ဖြစ်တယ်။” —What to Do Between Birth and Death

နည်းလမ်း ၃– ဟန်ချက်ညီပါ၊ လက်တွေ့ကျပါ

အလုပ်နဲ့အပန်းဖြေမှုကို ဟန်ချက်ညီစေပါ။ “အနည်းငယ်သောပစ္စည်းဥစ္စာနှင့် စိတ်အေးချမ်းသာစွာ နေထိုင်ရခြင်းသည် လက်နှစ်ဖက်ဖြင့်အလုပ်များလျက် လေကိုလိုက်လံဖမ်းဆီးရခြင်းထက် ပို၍ကောင်း၏။” (ဒေသနာ ၄:၆ခမ) အလုပ်ရူး တွေဟာ အလုပ်လုပ်သလောက် သူတို့လုပ်တဲ့အလုပ်ကနေ အကျိုးခံစားရလေ့ မရှိဘူး။ သူတို့မှာ အချိန်နဲ့ခွန်အား မကျန်သလောက် ဖြစ်သွားတယ်။ ပျင်းရိတဲ့သူတွေကျတော့လည်း ဘာမှမလုပ်လို့ အချိန်ကို ဖြုန်းပစ်နေတာနဲ့ တူတယ်။ သမ္မာကျမ်းစာမှာ မျှမျှတတရှိဖို့ အားပေးထားတယ်။ အလုပ်ကြိုးစားပါ၊ ပြီးတော့ အပန်းဖြေအနားယူပါ။ ဟန်ချက်ညီပါ။ အဲဒီလိုလုပ်ခြင်းကြောင့် ရရှိလာတဲ့ပျော်ရွှင်မှုက “ဘုရားသခင်ပေးသနားသော ဆုကျေးဇူးတော်” ဖြစ်ပါတယ်။—ဒေသနာ ၅:၁၉ခမ။

လုံလုံလောက်လောက် အိပ်စက်အနားယူပါ။ “ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်” လို့ ကျမ်းရေးသူတစ်ယောက်က ပြောခဲ့ဖူးတယ်။ (ဆာလံ ၄:၈) အရွယ်ရောက်သူ အများစုဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း ပြန်လည်လန်းဆန်းဖို့ တစ်ညကို ရှစ်နာရီလောက် အိပ်ပေးဖို့လိုတယ်။ အိပ်စက်ခြင်းဆိုတာက အချိန်ကိုအကျိုးရှိရှိ အသုံးပြုခြင်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မှတ်ဉာဏ်တွေ၊ သင်ယူနိုင်စွမ်းတွေ တိုးတက်ဖို့ ကူညီပေးလို့ပါ။ အိပ်ရေးမဝဘူးဆိုရင် သင်ယူနိုင်စွမ်းပိုင်းမှာ အားနည်းလာမယ်၊ ယာဉ်မတော်တဆမှုတွေ၊ အမှားတွေ၊ ဒေါသထွက်တာတွေဖြစ်ဖို့ အကြောင်းများတယ်။

လိုက်မီတဲ့ပန်းတိုင်တွေ ချမှတ်ပါ။ “မိမိတွင်ရှိသမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းသည် တစ်ခုခုကို အစဉ်လိုချင်တောင့်တခြင်းထက် ပို၍ကောင်း၏။” (ဒေသနာ ၆:၉ခမ) အဓိပ္ပာယ်က ဘာလဲ။ ပညာရှိတဲ့သူက မဖြစ်နိုင်တဲ့၊ လက်တွေ့မကျတဲ့ လိုအင်ဆန္ဒတွေ၊ ပန်းတိုင်တွေနောက် လိုက်နေမှာမဟုတ်ဘူး။ ကြော်ငြာတွေ၊ အကြွေးယူဖို့ကမ်းလှမ်းတာတွေနောက် ပါသွားမှာမဟုတ်ဘူး။ အဲဒါတွေအစား လုပ်နိုင်တာလေးနဲ့ တင်းတိမ်ရောင့်ရဲဖို့ သင်ယူမှာဖြစ်တယ်။

နည်းလမ်း ၄– စံနှုန်းကောင်းတွေနဲ့အသက်ရှင်ပါ

သင့်ရဲ့စံနှုန်းကို စဉ်းစားပါ– ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာက မကောင်းဘူး၊ ဘယ်ဟာ အရေးကြီးတယ်၊ လုပ်သင့်လုပ်ထိုက်တယ် ဆိုတာတွေကို သင့်ရဲ့စံနှုန်းတွေက အကဲဖြတ်ပေးပါတယ်။ ဘဝဟာ မြားတစ်စင်းဖြစ်မယ်ဆိုရင် စံနှုန်းတွေက ပစ်မှတ်ကိုထိမှန်အောင် ကူညီပေးတယ်။ ဒါကြောင့် ကောင်းတဲ့စံနှုန်းတွေက ဘဝမှာ အဓိကဦးစားထားသင့်တာကို ထားဖို့၊ သင့်ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့ ကူညီပေးပါတယ်။ အဲဒီလိုစံနှုန်းကောင်းတွေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။ လူတော်တော်များများကတော့ သမ္မာကျမ်းစာမှာ ရှာဖွေကြတယ်။ ကျမ်းစာထဲမှာ ကောင်းမွန်တဲ့ စံနှုန်းတွေ ပါရှိပါတယ်။—သုတ္တံ ၂:၆၊ ၇

မေတ္တာကို အကောင်းဆုံးစံနှုန်းဖြစ်စေပါ။ မေတ္တာဟာ “စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုး” ဖြစ်တယ်လို့ ကောလောသဲ ၃:၁၄ မှာ ဆိုထားပါတယ်။ မေတ္တာမပါဘဲနဲ့တော့ စစ်မှန်တဲ့ပျော်ရွှင်မှု၊ စိတ်ပိုင်းလုံခြုံမှု ရှာတွေ့မှာမဟုတ်ဘူး။ အထူးသဖြင့် မိသားစုအတွင်းမှာ ဖြစ်တယ်။ မေတ္တာရဲ့တန်ဖိုးကို အလေးမထားတဲ့သူတွေဟာ ငွေနဲ့အလုပ်ကိုပဲ ပထမနေရာထားကြပြီး နောက်ဆုံးမှာတော့ ပျော်ရွှင်မှုပျောက်ဆုံးနေတတ်ကြတယ်။ သမ္မာကျမ်းစာမှာ မေတ္တာအကြောင်း ရာနဲ့ချီပါရှိပြီး မေတ္တာကို အရေးကြီးဆုံးစံနှုန်းအဖြစ် ဖော်ပြထားပါတယ်။—၁ ကောရိန္သု ၁၃:၁–၃; ၁ ယောဟန် ၄:၈

ဘုရားတရားလုပ်ဖို့ အချိန်ဖယ်ထားပါ။ ဂျက်ဖ်မှာ ချစ်စရာကောင်းတဲ့ဇနီး၊ သားသမီးနှစ်ယောက်နဲ့ ဝင်ငွေကောင်းတဲ့အလုပ်အပြင် မိတ်ဆွေကောင်းတွေ ရှိထားတယ်။ သူ့ရဲ့အလုပ်က ဆေးဘက်ဆိုင်ရာအကူ ဆိုတော့ လူတွေ သူ့မျက်စိရှေ့မှာ သေတာ ခဏခဏတွေ့နေရတယ်။ “လူ့ဘဝက ဒီလိုပဲဖြစ်နေရမှာလား” ဆိုပြီး သူမေးမိတယ်။ တစ်ရက်ကျတော့ ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ စာပေတချို့ကို သူဖတ်မိပြီး အဖြေရလို့ သဘောကျသွားတယ်။

ဂျက်ဖ်က သူဖတ်ခဲ့တဲ့အကြောင်းအရာတွေကို သူ့ဇနီးနဲ့ ကလေးတွေကို ပြောပြတယ်။ သူတို့လည်း စိတ်ဝင်စားလာကြတယ်။ ဒါနဲ့ သူတို့မိသားစုဟာ ကျမ်းစာကို စပြီးလေ့လာကြပါတော့တယ်။ အဲဒါကြောင့် အချိန်ကို ပိုပြီးတော့ အကျိုးရှိရှိအသုံးချတတ်လာပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်လာပါတယ်။ ဆင်းရဲဒုက္ခတွေကင်းဝေးတဲ့ကမ္ဘာမှာ ထာဝစဉ်အသက်ရှင်ဖို့ ဆိုတဲ့ လှပတဲ့မျှော်လင့်ချက်ကိုလည်း ပိုင်ဆိုင်လာတယ်။—ဗျာဒိတ် ၂၁:၃၊ ၄

ဂျက်ဖ်ရဲ့တွေ့ကြုံမှုက ယေရှုခရစ်ပြောခဲ့တဲ့ “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” ဆိုတဲ့စကားကို သတိရစေတယ်။ (မဿဲ ၅:၃) ဘုရားသခင်ကို သိကျွမ်းအောင်လုပ်ဖို့ အချိန်နည်းနည်းလောက် ဖယ်ထားနိုင်မလား။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင်ဟာ တစ်ခဏတာအတွက်လောက်သာ မဟုတ်ဘဲ တစ်ဘဝစာလုံးအတွက် အချိန်ကိုအကျိုးအရှိဆုံး အသုံးချနေခြင်းဖြစ်ပါတယ်။

^ အပိုဒ်၊ 5 ၂၀၁၀ ဧပြီလထုတ် နိုးလော့! မှာပါတဲ့ “အချိန်ပို၍ ရနည်း ၂၀” ဆိုတဲ့ ဆောင်းပါးကိုကြည့်ပါ။