မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့မြေ၊ သူတို့ဓလေ့

ဗေလိဇ်သို့ အလည်တစ်ခေါက်

ဗေလိဇ်သို့ အလည်တစ်ခေါက်

ဗေလိဇ်ဟာ နိုင်ငံငယ်လေးဖြစ်ပေမဲ့ အပူပိုင်းသစ်တောရော ကမ်းရိုးတန်းပါ ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက်မှာ စိမ်းပြာရောင်ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကြီးကျွန်းငယ်များစွာရှိပါတယ်။ ဗေလိဇ်ကို စိတ်ဝင်စားစေတဲ့အရာက ဗေလိဇ်နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်အမျိုးမျိုးကြောင့်ပါ။

ဗေလိဇ်နိုင်ငံမှာ ငှက်မျိုးစိတ်၊ တိရစ္ဆာန်မျိုးစိတ် များစွာကို တွေ့ရတယ်။ အဲဒီအထဲမှာ အရောင်အသွေးစုံတဲ့ ကော့ယင်ငှက်၊ ရေမြင်းမျိုးနွယ်ဝင်ဖြစ်ပြီး ကုန်းပေါ်မှာရော ရေထဲမှာပါ အရမ်းလျင်တဲ့ နှာရောင်ကောက်ကောက်နဲ့ ကြံ့သူတော်လည်း ပါတယ်။ ကျားသစ်တွေလည်းရှိတယ်။ တကယ်တော့ ဗေလိဇ်ဟာ ကျားသစ်တွေ မျိုးမသုဉ်းအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် ဂုဏ်ယူနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဗေလိဇ်နိုင်ငံဟာ ကျားသစ်တွေ မျိုးမသုဉ်းအောင် ထိမ်းသိမ်းစောင့်ရှောက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် ဂုဏ်ယူနေ

ဗေလိဇ်ဟာ အရင်က မာယာယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ နယ်မြေအဝင်ဖြစ်ပြီး ၁၆ ရာစုမှာ စပိန်ကျူးကျော်သူတွေ ဝင်ရောက်လာခဲ့ပေမဲ့ မာယာတွေကို အပြီးအပိုင် မသိမ်းပိုက်နိုင်ခဲ့ဘူး။ နောက်ပိုင်း ဗြိတိသျှတွေက နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ခဲ့ပြီး ၁၈၆၂ ခုနှစ်မှာ ဗြိတိသျှ ဟွန်ဒူးရပ်စ် ကိုလိုနီအဖြစ် တရားဝင်ကြေညာခဲ့တယ်။ ၁၉၈၁ ခုနှစ်မှာ လွပ်လပ်ရေးရခဲ့ပါတယ်။

နယ်မြေအသွင်အပြင် အမျိုးမျိုးရှိသလို လူမျိုး အမျိုးမျိုးလည်းရှိတယ်။ အဓိကလူမျိုးတချို့က ကရီအောလ်၊ အရှေ့အင်ဒီးယန်း၊ ဂါရီဖူနာ၊ မာယာနဲ့ မက်စတီဇိုလူမျိုးတွေဖြစ်ကြတယ်။ ဗေလိဇ်နိုင်ငံသားတွေဟာ ရင်းနှီး ဖော်ရွေကြတယ်။ မြန်မာနိုင်ငံမှာလိုပါပဲ ဗေလိဇ်မှာ ကလေးတွေက လူကြီးတွေကို စကားပြောတဲ့အခါ “အစ်မ/အဒေါ်” “အစ်ကို/ဦးလေး” လို့ခေါ်ဆိုသုံးနှုန်းပြီး လေးလေးစားစား ပြောဆိုကြတယ်။

ဗေလိဇ်စီးတီးမှာရှိတဲ့ဈေး

ဗေလိဇ်မှာ အမေရိကန်လက်သင်္ကေတပြဘာသာစကား၊ ဗေလိဇ်ခရိအော၊ အင်္ဂလိပ်၊ အနောက်ဂျာမန်၊ မန်ဒရင်းတရုတ်၊ မာယာ၊ စပိန်ဘာသာစကားပြော ယေဟောဝါသက်သေအသင်းတော်တွေ ရှိတယ်။ ၂၀၁၃ ခုနှစ်မှာ ဗေလိဇ်နိုင်ငံသား ၄၀ မှာ ၁ ယောက်ဟာ ယေရှုခရစ်ရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ခဲ့ကြတယ်။

သင် သိပါသလား။ ဗေလိဇ်သန္တာကျောက်တန်းဟာ မိုင် ၁၈၀ ကျော်ရှည်လျားပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး သန္တာကျောက်တန်းရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းက ဩစတြေးလျက ဂရိတ်ဘယ်ရီယယ် သန္တာကျောက်တန်း ဖြစ်ပါတယ်။

ဗေလိဇ်သန္တာကျောက်တန်းဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး သန္တာကျောက်တန်းရဲ့ အစိတ်အပိုင်းဖြစ်