မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ

ယေရှု တကယ် အသက်ရှင်ခဲ့သလား

ယေရှု တကယ် အသက်ရှင်ခဲ့သလား

ယေရှုဟာ ချမ်းသာကြွယ်ဝသူ မဟုတ်သလို တန်ခိုး​အာဏာ​ရှိသူလည်း မဟုတ်ခဲ့ပါဘူး။ သူ့ကိုယ်ပိုင်​ဆိုလို့ အိမ်တစ်လုံး​တောင် မပိုင်ဆိုင်​ခဲ့ဘူး။ ဒါပေမဲ့ သူသွန်သင်ခဲ့တဲ့​တရားဟာ လူသန်းပေါင်းများစွာ​အပေါ် လွှမ်းမိုးနေဆဲပါ။ ဒါဆို ယေရှုခရစ် တကယ်​အသက်ရှင်ခဲ့သလား။ ရှေးခေတ်နဲ့ လက်ရှိခေတ်​က ပညာရှင်တွေ ဘာပြောသလဲ။

  • မိုက်ကယ်ဂရန့်​ဟာ သမိုင်း​နဲ့ ရှေးဟောင်း​ယဉ်ကျေးမှု​ဆိုင်ရာ ပညာရှင်​တစ်ဦးဖြစ်တယ်။ သူ အခုလို ကောက်ချက်ချခဲ့တယ်– “တခြား​ရှေးဟောင်း​သမိုင်းစာပေ​တွေကို လေ့လာချိန်​မှာအသုံးပြုတဲ့ စံချိန်စံညွှန်း​မျိုးနဲ့ ဓမ္မသစ်ကျမ်းကို လေ့လာသင့်တယ်။ အဲဒီလိုလေ့လာမယ်ဆိုရင် သမိုင်းဝင် အယူမှား​ပုဂ္ဂိုလ်များစွာ တကယ်​အသက်ရှင်ခဲ့မှန်း သံသယ​မဝင်ကြသလို ယေရှု တကယ် အသက်ရှင်ခဲ့မှန်းကိုလည်း လုံးဝ​သံသယဝင်မှာ မဟုတ်ဘူး။”

  • ရုဒေါ့ဖ် ဘုလ်မန်း​ဟာ ဓမ္မသစ်ကျမ်း​ဆိုင်ရာ ပါမောက္ခ​တစ်ဦး​ဖြစ်တယ်။ သူ အခုလို​ပြောခဲ့တယ်– “ယေရှု တကယ်​အသက်ရှင်၊ မရှင်ဆိုတာကို သံသယဝင်​တာဟာ အခြေအမြစ်​မရှိတဲ့အပြင် အဲဒီသံသယ မှားယွင်း​ကြောင်း သက်သေပြ​ဖို့တောင် မထိုက်တန်ဘူး။ အစောပိုင်း ပါလက်စတိုင်း အသိုင်းအဝိုင်းမှာ ခရစ်ယာန်​ဘာသာ စတင်ပေါ်ပေါက်ခဲ့ပြီး ဒါကို ယေရှု​အစပြုခဲ့မှန်း စိတ်မနှံ့သူ​ကလွဲလို့ ဘယ်သူမှ သံသယ​မဝင်ကြဘူး။”

  • ဝီလ်ဒူးရန့်ဟာ သမိုင်း​ပညာရှင်၊ စာရေးဆရာနဲ့ အတွေးအခေါ်​ပညာရှင်ဖြစ်တယ်။ သူ အခုလို ရေးခဲ့တယ်- “သာမန်​အရပ်သား​တချို့ [ခရစ်ဝင်ကျမ်းရေးသူများ] က ဒီလောက်အထိ ဩဇာ​ကြီးမားပြီး နှစ်သက်ဖွယ် ကိုယ်ရည်ကိုယ်သွေး​ရှိသူ တစ်ယောက်၊ ဒီလောက်အထိ မြင့်မားတဲ့ ကျင့်ဝတ်​စံနှုန်း​တစ်ခု၊ ဒီလောက်အထိ ထက်သန်တဲ့ ညီအစ်ကို​အသင်းအပင်းတစ်ခုကို ခေတ်တစ်ခေတ်တည်းမှာ ဖန်တီး​နိုင်ခဲ့ကြတယ်ဆိုရင် ဒါဟာ ခရစ်ဝင်ကျမ်း​တွေမှာပါတဲ့ အံ့ဖွယ်အမှုတွေထက် ပိုပြီး​မယုံနိုင်စရာ ဖြစ်သွားလိမ့်မယ်။”

  • အဲလ်ဘတ် အိုင်းစတိုင်းဟာ ရူပဗေဒ​ပညာရှင်ဖြစ်ပြီး ဂျာမနီနိုင်ငံဖွား ဂျူး​လူ​မျိုးတစ်ယောက် ​ဖြစ်တယ်။ သူက “ကျွန်တော်ဟာ ဂျူး​လူမျိုးပါ။ ဒါပေမဲ့ အဲဒီ​နာဇရက်​မြို့သား [ယေရှု] ရဲ့ သိပ်ကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေး​တွေကို တအား​သဘောကျတာပဲ” လို့ပြောခဲ့တယ်။ ယေရှုကို သမိုင်းဝင်​ပုဂ္ဂိုလ်တစ်ယောက် အဖြစ် လက်ခံသလားလို့ မေးကြည့်တဲ့အခါ “လက်ခံတာပေါ့။ ယေရှုကို တကယ်​အသက်ရှင်ခဲ့တဲ့သူအဖြစ် လက်မခံဘဲ ခရစ်ဝင်ကျမ်း​တွေကို ဘယ်သူ​မှ မဖတ်နိုင်ဘူး။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးဟာ သူ့ရဲ့စကား အခွန်းတိုင်းမှာ ထင်ဟပ်နေတယ်။ ဒဏ္ဍာရီဆိုရင် အဲဒီလို အသက်ဝင်နေမှာ မဟုတ်ဘူး” လို့ဖြေတယ်။

    “ယေရှုကို တကယ်အသက်ရှင်ခဲ့တဲ့သူအဖြစ် လက်မခံဘဲ ခရစ်ဝင်ကျမ်းတွေကို ဘယ်သူ မှ မဖတ်နိုင်ဘူး။”​—အဲလ်ဘတ် အိုင်းစတိုင်း

သမိုင်းက ဘာကိုဖော်ပြနေသလဲ

ယေရှုရဲ့ ဘဝနဲ့ အမှုဆောင်​လုပ်ငန်း​အကြောင်း အသေးစိတ် မှတ်တမ်း​တင်ထားတဲ့ ကျမ်းစောင်တွေကို ခရစ်ဝင်ကျမ်း​တွေလို့ ခေါ်တယ်။ ကျမ်းရေးသူ​တွေရဲ့ နာမည်ကို အစွဲပြုပြီး မဿဲ​ကျမ်း၊ မာကု​ကျမ်း၊ လုကာ​ကျမ်းနဲ့ ယောဟန်​ကျမ်းလို့ ခေါ်တယ်။ ဒါ့အပြင် ယေရှု​အကြောင်းကို ခရစ်ယာန်​စာပေ​မဟုတ်တဲ့ အစောပိုင်း​စာပေ​တချို့မှာလည်း ဖော်ပြထားတယ်။

  • တက်စီတပ်စ်

    (အေဒီ ၅၆–၁၂၀ ခန့်) တက်စီတပ်စ်ဟာ ရှေးခေတ် ရောမ​သမိုင်း​ပညာရှင်တွေထဲမှာ အကျော်ကြားဆုံး​ဖြစ်တယ်။ သူ့ရဲ့ ရာဇဝင်ကျမ်းများ (Annals) စာအုပ်တွဲမှာ အေဒီ ၁၄-၆၈ ကြား ရောမ​အင်ပါယာ​အကြောင်း မှတ်တမ်း​တင်ထားတယ်။ (အေဒီ ၃၃ မှာ ယေရှု သေဆုံးခဲ့တယ်။) အေဒီ ၆၄ မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှု​ကြောင့် ရောမမြို့ အကြီးအကျယ် ပျက်စီးသွားတဲ့အခါ ဧကရာဇ်​နီရို​မှာ တာဝန်​ရှိတယ်လို့ ကောလဟလ​သတင်း ထွက်ခဲ့ကြောင်း၊ “နီရိုက ခရစ်ယာန်တွေကို အပြစ်ဖို့ပြီး အဲဒီသတင်းကို ချေဖျက်ဖို့ ကြိုးစားခဲ့ကြောင်း” တက်စီတပ်စ် ရေးသားခဲ့တယ်။ “[ခရစ်ယာန်] ဆိုတဲ့နာမည်ရဲ့ မူလအစဖြစ်သူ ခရစ်တော်ဟာ တိဗေရိမင်း နန်းစံချိန်မှာ ဘုရင်ခံပုန္တိပိလတ်ရဲ့ အမိန့်နဲ့ သေဒဏ်ပေးခံခဲ့ရတယ်” လို့ သူဖော်ပြခဲ့တယ်။—Annals, XV, 44

  • စူတိုနီးယပ်စ်

    (အေဒီ ၆၉–၁၂၂ ခန့်) ရောမ​သမိုင်း​ပညာရှင် စူတိုနီးယပ်စ်က ပထမ​ရောမ​ဧကရာဇ် ၁၁ ဦးရဲ့ နန်းစံချိန်အတွင်း ဖြစ်ရပ်တွေကို စာအုပ်​တစ်အုပ် (Lives of the Caesars) မှာ မှတ်တမ်းတင်ခဲ့တယ်။ ယေရှုကြောင့် ရောမမြို့မှာရှိတဲ့ ဂျူးတွေကြားမှာ အငြင်းပွားပြီး အဓိကရုဏ်း​ဖြစ်ခဲ့တဲ့အကြောင်း အဲဒီစာအုပ်ထဲက ဧကရာဇ်​ကလောဒိရဲ့ အပိုင်းမှာ ဖော်ပြထားတယ်။ (တမန်တော် ၁၈:၂) ဒါ့အပြင် “ခရစ်တပ်စ် [ခရစ်တော်] ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဂျူးတွေ အဆက်မပြတ် နှောင့်ယှက်နေတဲ့အတွက် သူ [ကလောဒိ] က ဂျူးတွေကို ရောမကနေ မောင်းထုတ်လိုက်တယ်” လို့ စူတိုနီးယပ်စ် ရေးခဲ့တယ်။ (The Deified Claudius, XXV, 4) စူတိုနီးယပ်စ်က ယေရှုနဲ့ပတ်သက်ပြီး မှားယွင်းစွာ စွပ်စွဲပေမဲ့ ယေရှု တကယ် အသက်ရှင်ခဲ့မှန်းကိုတော့ သံသယမဝင်ခဲ့ပါဘူး။

  • ပလင်နီအငယ်

    (အေဒီ ၆၁–၁၁၃ ခန့်) ဗိသုနိပြည် (ယခု တူရကီ​နိုင်ငံ) ရဲ့ဘုရင်ခံ​ဖြစ်သူ ရောမ​စာရေးဆရာ ပလင်နီ​အငယ်ဟာ အဲဒီပြည်နယ်​မှာရှိတဲ့ ခရစ်ယာန်တွေကို ဘယ်လိုအရေးယူခဲ့တဲ့အကြောင်း ရောမ​ဧကရာဇ် ထရေဂျန်ဆီ စာရေးခဲ့တယ်။ သူက ခရစ်ယာန်တွေကို ယုံကြည်ချက်​စွန့်လွှတ်ဖို့ ဖိအားပေးပြီး ငြင်းဆန်သူ​မှန်သမျှကို ကွပ်မျက်ခဲ့တယ်လို့ စာထဲမှာ ဖော်ပြထားတယ်။ “[တိတ္ထိ] ဘုရားတွေဆီ ကျွန်တော် ဆုတောင်း​ပတ္တနာရွတ်ဆို​တဲ့အခါ လိုက်ရွတ်ဆိုပြီး သခင် [ဧကရာဇ်] ရဲ့ ရုပ်တုရှေ့မှာ နံ့သာပေါင်းနဲ့ ဝိုင်ကို ပူဇော်တဲ့သူ၊ . . . နောက်ဆုံးမှာ ခရစ်တော်ကိုပါ ကျိန်ဆဲတဲ့သူ . . . လွတ်မြောက်စေဆိုပြီး ကျွန်တော် စီရင်ချက်ချခဲ့တယ်” လို့ ရှင်းပြထားတယ်။—Pliny—Letters, Book X, XCVI

  • ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်

    (အေဒီ ၃၇–၁၀၀ ခန့်) သမိုင်း​ပညာရှင်နဲ့ ဂျူး​ပုရောဟိတ်ဖြစ်သူ ဂျိုစီဖတ်စ်က နိုင်ငံရေးမှာ ဩဇာ​အာဏာ​ရှိဆဲဖြစ်တဲ့ ဂျူး​ပုရောဟိတ်မင်း အန္နတ်နဲ့ပတ်သက်ပြီး အခုလိုပြောခဲ့တယ်– “အန္နတ်က ဂျူး​တရားရုံးချုပ်ရဲ့ တရားသူကြီးတွေကို ဆင့်ခေါ်ပြီး ခရစ်တော်​လို့ခေါ်တဲ့ ယေရှုရဲ့ညီ ယာကုပ်နဲ့ လူတချို့ကို ခုံရုံးတင်​စစ်ဆေး​ခဲ့တယ်။”—Jewish Antiquities, XX, 200

  • တာလ်မွဒ်ကျမ်း

    တာလ်မွဒ်ကျမ်းဟာ ဂျူး​ရဗ္ဗိ​စာပေတွေကို အေဒီ​တတိယရာစုကနေ ဆဋ္ဌမ​ရာစုအတွင်း စုစည်းထားတဲ့ကျမ်းဖြစ်တယ်။ ယေရှုရဲ့ ရန်သူ​တွေတောင်မှ ယေရှု တကယ်အသက်ရှင်ခဲ့မှန်း အသိအမှတ်ပြုကြောင်း အဲဒီကျမ်းမှာ ဖော်ပြထားတယ်။ “ပသခါပွဲနေ့မှာ နာဇရက်မြို့သား ယေရှု သစ်တိုင်တင်​ကွပ်မျက်ခံ ရတယ်” လို့ စာပိုဒ်တစ်ပိုဒ်မှာ ဖော်ပြထားပြီး ဒါဟာ သမိုင်း​အထောက်အထားအရ မှန်ကန်ပါတယ်။ (Babylonian Talmud, Sanhedrin 43a, Munich Codex; ယောဟန် ၁၉:၁၄-၁၆ မှာကြည့်ပါ။) နောက်စာပိုဒ်တစ်ပိုဒ်မှာလည်း ယေရှုကိုရည်ညွှန်းပြီး “နာဇရက်​မြို့သားလိုမျိုး လူရှေ့သူရှေ့မှာ အရှက်ရစေမယ့် သား​တပည့်တစ်ယောက်မှ မပျိုးထောင်မိပါစေနဲ့” လို့ ဖော်ပြထားတယ်။—Babylonian Talmud, Berakoth 17b, footnote, Munich Codex; လုကာ ၁၈:၃၇ မှာကြည့်ပါ။

ကျမ်းစာအထောက်အထား

ယေရှု​ရဲ့ဘဝနဲ့ အမှုဆောင်လုပ်ငန်း​အကြောင်း ခရစ်ဝင်ကျမ်းတွေမှာ အကျယ်တဝင့် မှတ်တမ်းတင်ထားတယ်။ သမိုင်း​ဆိုင်ရာ ခိုင်လုံတဲ့ အထောက်အထားတွေဖြစ်တဲ့ လူတွေ၊ နေရာတွေ၊ အချိန်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ပါမကျန် ဖော်ပြ ထားတယ်။ ဥပမာတစ်ခုကတော့ လုကာ ၃:၁၊ ၂ မှာပါတဲ့ မှတ်တမ်းဖြစ်တယ်။ ယေရှုမတိုင်ခင် ပေါ်ထွန်းခဲ့တဲ့ နှစ်ခြင်း​ဆရာ​ယောဟန်ရဲ့ လုပ်ငန်း​စတင်ချိန်အတိအကျကို သတ်မှတ်နိုင်ဖို့ အဲဒီမှတ်တမ်းက ကူညီပေးတယ်။

‘ကျမ်းဂန်​ရှိသမျှသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသည်။’ —၂ တိမောသေ ၃:၁၆

“ကဲသာ တိဗေရိ နန်းစံ​တစ်ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်သည် ယုဒပြည်​၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲ​နယ်စားမင်း၊ ဟေရုဒ်​၏ညီတော် ဖိလိပ္ပုသည် ဣတုရဲနှင့် တရာခေါနိတ် နယ်စားမင်း၊ လုသာနိသည် အဘိလင်​နယ်စားမင်းတို့ ဖြစ်ကြ၏။ ယဇ်ပုရောဟိတ်ကြီး အန္နတ်နှင့် ယဇ်ပုရောဟိတ်မင်း ကယာဖတို့လက်ထက်တွင် ဘုရား​သခင်၏ မိန့်ဆိုချက်သည် တောအရပ်၌ရှိသော ဇာခရိ​၏သား ယောဟန်ထံ ရောက်လာ၏” ဆိုပြီး လုကာ​ရေးခဲ့တယ်။ ဒီအသေးစိတ်​မှတ်တမ်းအရ ယောဟန်ဆီ “ဘုရားသခင်၏မိန့်ဆိုချက်” ရောက်လာချိန်ဟာ အေဒီ ၂၉ ဖြစ်တယ်လို့ သတ်မှတ်​နိုင်ပါတယ်။

လုကာ​ဖော်ပြခဲ့တဲ့ ထင်ရှားသူ ခုနှစ်ဦးစလုံးကို သမိုင်း​ပညာရှင်များ သိကြပါတယ်။ ပုန္တိပိလတ်နဲ့ လုသာနိဟာ တကယ်​အသက်ရှင်ခဲ့သူတွေ ဟုတ်ရဲ့လားဆိုပြီး ဝေဖန်ရေးသမား​တချို့ အချိန်အတော်ကြာ သံသယဝင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ သံသယဝင်တာ စောသွားတယ်။ ရှေးဟောင်း​စာမူတွေမှာ အဲဒီအရာရှိနှစ်ဦးရဲ့ နာမည်ကို ရှာဖွေတွေ့ရှိသွားတဲ့အတွက် လုကာ​ရဲ့မှတ်တမ်း တိကျမှန်ကန်ကြောင်း အထောက်အထား​ပေါ်သွားတယ်။ *

ဘာကြောင့်အရေးကြီးတာလဲ

ကမ္ဘာ့အစိုးရတစ်ခုဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုသွန်သင်ပေးခဲ့

ယေရှု တကယ်အသက်ရှင်ခဲ့သလားဆိုတဲ့ မေးခွန်းဟာ အရေးကြီးပါတယ်။ အကြောင်းကတော့ သူသွန်သင်ခဲ့တဲ့ တရားတွေဟာ သိပ်အရေးကြီးလို့ပါ။ ဥပမာ၊ လူတွေကို ကျေနပ်​ပျော်ရွှင်​တဲ့ဘဝနဲ့ အသက်ရှင်နိုင်တဲ့နည်း သူသင်ပေးခဲ့တယ်။ * ဒါ့အပြင် “ဘုရားသခင့်​နိုင်ငံတော်” လို့ခေါ်တဲ့ ကမ္ဘာ့အစိုးရ​တစ်ခုတည်းရဲ့ လက်အောက်မှာ လူသား​အားလုံး စည်းလုံးကြမယ့်အချိန်၊ စစ်မှန်တဲ့ ငြိမ်းချမ်းမှု​နဲ့လုံခြုံမှု ခံစားရမယ့် အချိန် ရောက်လာမယ့်အကြောင်း သူ ကတိ​ပေးခဲ့တယ်။—လုကာ ၄:၄၃

အဲဒီကမ္ဘာ့အစိုးရဟာ ဘုရားသခင်ရဲ့ အချုပ်အခြာ​အာဏာကို မြေတစ်ပြင်လုံးမှာ ထင်ရှားစေမှာဖြစ်လို့ “ဘုရားသခင့်​နိုင်ငံတော်” ဆိုတဲ့ နာမည်ဟာ တကယ်ပဲ သင့်လျော်ပါတယ်။ (ဗျာဒိတ် ၁၁:၁၅) “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ . . . နိုင်ငံတော် လာပါစေ။ အလိုတော်သည် . . . မြေကြီး​ပေါ်၌လည်း ပြည့်စုံပါစေ” ဆိုပြီး စံပြ​ဆုတောင်းချက်မှာ ပြောလိုက်တဲ့ ယေရှုရဲ့စကားက အဲဒီအချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်​နိုင်ငံတော် အုပ်ချုပ်မှုဟာ လူသားထုအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ အချက်တချို့ကို သုံးသပ်ကြည့်ပါ–

  • နိုင်ငံ​အချင်းချင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေ၊ ပြည်တွင်းစစ်တွေ ရှိတော့မှာမဟုတ်ဘူး။ဆာလံ ၄၆:၈-၁၁

  • လောဘ၊ အကျင့်ပျက်ခြစားမှု အပါအဝင် မတရားမှုတွေ၊ ဘုရားတရားမဲ့သူတွေ လုံးဝရှိတော့မှာ မဟုတ်ဘူး။​ဆာလံ ၃၇:၁၀၊ ၁၁

  • ဘုရားသခင့်​နိုင်ငံတော်ကို လက်အောက်ခံသူတွေဟာ အဓိပ္ပာယ်ရှိပြီး အကျိုးလည်းရှိတဲ့ အလုပ်တွေ လုပ်ရလိမ့်မယ်။ဟေရှာယ ၆၅:၂၁၊ ၂၂

  • ကမ္ဘာမြေဟာ ယိုယွင်းပျက်စီးနေတဲ့ လက်ရှိ​အခြေအနေကနေ လွတ်မြောက်ပြီး ကောက်ပဲသီးနှံ ပေါကြွယ်ဝ​လာမယ်။ဆာလံ ၇၂:၁၆; ဟေရှာယ ၁၁:၉

အဲဒီကတိတွေဟာ စိတ်ကူးယဉ်သက်သက်ပါလို့ လူတချို့ ယူဆမိနိုင်တယ်။ တကယ်တော့ ဒီလိုဖြစ်လာဖို့ လူတွေကို အားကိုးတာကသာ စိတ်ကူးယဉ်ရာကျတယ် မဟုတ်လား။ ဒီအချက်တွေကို စဉ်းစားကြည့်ပါ– ပညာရေး၊ သိပ္ပံနဲ့ နည်းပညာပိုင်းမှာ ထူးခြားတဲ့ တိုးတက်မှုတွေ ရှိတာမှန်ပေမဲ့ လူသန်းပေါင်းများစွာဟာ လုံခြုံမှုမခံစားရဘဲ အနာဂတ်အတွက် စိုးရိမ်နေရတယ်။ လောဘ၊ အကျင့်ပျက်ခြစားမှုအပြင် စီးပွားရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး ဖိနှိပ်မှုတွေကို နေ့စဉ်​မြင်တွေ့နေရတယ်။ မှန်ပါတယ်၊ လူ့အုပ်ချုပ်မှုဟာ အောင်မြင်မှုမရနိုင်မှန်း ဒီအဖြစ်မှန်တွေက ဖော်ပြနေတယ်။—ဒေသနာ ၈:၉

ယေရှု တကယ်အသက်ရှင်ခဲ့သလားဆိုတဲ့ မေးခွန်းဟာ စဉ်းစားထိုက်တဲ့ မေးခွန်းပါ။ * ဘာကြောင့်လဲဆိုတော့ “ဘုရားသခင်၏ ကတိတော်သည် မည်မျှပင်များပါစေ ခရစ်တော်အားဖြင့် အဟုတ်အမှန် ဖြစ်လာကြ၏” ဆိုပြီး ၂ ကောရိန္သု ၁:၁၉၊ ၂၀ မှာ ဖော်ပြထားလို့ပါပဲ။

^ စာပိုဒ်၊ 23 လုသာနိ​လို့ခေါ်တဲ့ “နယ်စားမင်း” တစ်ယောက်ရဲ့နာမည်ကို ရှေးဟောင်းစာမူတစ်ခုမှာ တွေ့ရှိခဲ့တယ်။ (လုကာ ၃:၁) အဘိလင်နယ်ကို သူအုပ်ချုပ်ချိန်ကလည်း လုကာဖော်ပြတဲ့အချိန်နဲ့ တစ်ထပ်တည်း​ကျနေတယ်။

^ စာပိုဒ်၊ 25 ယေရှုရဲ့ သိပ်ကောင်းတဲ့ တရားအကြောင်းကို မဿဲကျမ်း အခန်းကြီး ၅-၇ မှာ ဖော်ပြထားပြီး အဲဒါကို တောင်ပေါ်ဒေသနာလို့ ခေါ်တယ်။

^ စာပိုဒ်၊ 32 ယေရှုနဲ့ သူ့သွန်သင်ချက်အကြောင်း ထပ်သိချင်တယ်ဆိုရင် www.pr418.com/mya မှာဝင်ကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ။)