မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ​ရှုထောင့်

ကောင်းကင်တမန်များ

ကောင်းကင်တမန်များ

စာပေ၊ အနုပညာ​လက်ရာ​နဲ့ ရုပ်ရှင်တွေ​မှာ ကောင်းကင်တမန်​တွေအကြောင်း သရုပ်ဖော်​တင်ဆက်​ကြ​တယ်။ ကောင်းကင်တမန်​တွေဟာ ဘယ်သူ​တွေလဲ။ ဘာတွေ လုပ်ကြ​သလဲ။

ကောင်းကင်တမန်​တွေဟာ ဘယ်သူ​တွေလဲ

သမ္မာကျမ်းစာ ပြောဆိုရာ

 

ဘုရားသခင်​ဟာ စကြဝဠာနဲ့ ပထမ​လူသား​မောင်နှံ​ကို မဖန်ဆင်း​ခင် လူ​ထက် အဆင့်မြင့်​ပြီး အသိဉာဏ်​ရှိတဲ့​သတ္တဝါ​တွေကို ဖန်ဆင်း​ခဲ့တယ်။ သူတို့ဟာ လူတွေ​ထက် စွမ်းဆောင်​နိုင်ပြီး ဘုရားသခင် စံမြန်း​ရာ၊ လူတွေ မ​ရောက်​နိုင်၊ မမြင်နိုင်​တဲ့နေရာမှာ နေထိုင်​ကြ​တယ်။ (ယောဘ ၃၈:၄၊ ၇) ကျမ်းစာမှာ အဲဒီ​အဆင့်မြင့်​သတ္တဝါ​တွေကို “ကောင်းကင်တမန်​တွေ” လို့ခေါ်​တယ်။—ဆာလံ ၁၀၄:၄။ *

ကောင်းကင်တမန် အရေအတွက် ဘယ်လောက်​ရှိ​သလဲ။ အများကြီး​ပဲ။ ဘုရားသခင်ရဲ့ ရာဇပလ္လင်​ပတ်လည်​မှာရှိတဲ့ ကောင်းကင်တမန် အရေအတွက်​ဟာ “ကုဋေ​အ​သင်္ချေ​မက များ​တယ်။” (ဗျာဒိတ် ၅:၁၁) ကိန်းဂဏန်း​နဲ့​ပြော​ရ​ရင် ကောင်းကင်တမန်​တွေ သန်းပေါင်း​ရာနဲ့ချီ ရှိတယ်။

‘ကျွန်တော်​ကြည့်​လိုက်​တော့ ရာဇပလ္လင်​ပတ်လည်​မှာ ကောင်းကင်တမန် အမြောက်အမြား​ရှိတယ်။ သူတို့ရဲ့ အရေအတွက်​ဟာ ကုဋေ​အ​သင်္ချေ​မက များ​တယ်။’—ဗျာဒိတ် ၅:၁၁

ရှေး​အချိန်တုန်းက ကောင်းကင်တမန်​တွေ ဘာ​လုပ်ကြ​သလဲ

သမ္မာကျမ်းစာ ပြောဆိုရာ

 

ကောင်းကင်တမန်​တွေဟာ ဘုရားသခင့်​ကိုယ်စား ပြောဆိုသူ ဒါမှမဟုတ် တမန်​အဖြစ် အမှုဆောင်​ခဲ့ကြတယ်။ * ဘုရား​ခိုင်း​တဲ့အတိုင်း အံ့ဖွယ်အမှု​တွေ လုပ်ဆောင်​သူတွေ​အဖြစ်​လည်း ကျမ်းစာမှာ ဖော်ပြတယ်။ ဘုရားသခင်​ဟာ ကောင်းကင်တမန်​ကို စေလွှတ်​ပြီး အာဗြဟံ​ကို ကောင်းချီးပေး​ခဲ့တယ်။ သား​အိဇက်​ကို ပူဇော်​ခါနီး​မှာ ကောင်းကင်​တမန်​ကတစ်ဆင့် တား​ခဲ့တယ်။ (ကမ္ဘာဦး ၂၂:၁၁-၁၈) ကောင်းကင်တမန်​တစ်ပါး​ဟာ ချုံပုတ်​မှာ​လောင်​နေတဲ့ မီး​အသွင်​နဲ့ ပေါ်လာ​ပြီး မောရှေ​ရဲ့ ဘဝတစ်ခု​လုံး ပြောင်းလဲ​စေတဲ့ သတင်းစကား​ကို ပြောတယ်။ (ထွက်မြောက်ရာ ၃:၁၊ ၂) ပရောဖက်​ဒံယေလ ခြင်္သေ့တွင်း​ထဲ ပစ်ချ​ခံရ​ချိန်မှာ ‘ဘုရားက ကောင်းကင်တမန်​ကို လွှတ်​ပြီး ခြင်္သေ့​တွေရဲ့ ပါးစပ်​ကို ပိတ်​ထားတယ်။’—ဒံယေလ ၆:၂၂

“အဲဒီအခါ ယေဟောဝါရဲ့ ကောင်းကင်တမန်​ဟာ ချုံပုတ်​မှာ​လောင်​နေတဲ့ မီး​အသွင်​နဲ့ [မောရှေ​ရဲ့ ရှေ့] ပေါ်လာတယ်။” —ထွက်မြောက်ရာ ၃:၂

ကောင်းကင်တမန်​တွေ အခု ဘာ​လုပ်​နေကြ​သလဲ

သမ္မာကျမ်းစာ ပြောဆိုရာ

 

ကောင်းကင်တမန်​တွေ အခု လုပ်ဆောင်​နေ​သမျှကို ကျွန်တော်တို့ မသိနိုင်​ဘူး။ စိတ်ရင်းမှန်​တဲ့သူ​တွေ ဘုရား​အကြောင်း ပို​သိလာ​အောင် သူတို့ ကူညီပေး​နေတယ်​လို့တော့ ကျမ်းစာ ဖော်ပြတယ်။—တမန်တော် ၈:၂၆-၃၅။ ၁၀:၁-၂၂။ ဗျာဒိတ် ၁၄:၆၊ ၇

ယေဟောဝါက ဘိုးဘေး​ယာကုပ်​ကို အိပ်မက်​ပေးခဲ့တယ်။ ကောင်းကင်​အထိ​မီ​တဲ့ “လှေကား” မှာ ကောင်းကင်တမန်​တွေ တက်​လိုက်​ဆင်း​လိုက် လုပ်​နေတာကို အိပ်မက်​ထဲမှာ မြင်​တယ်။ (ကမ္ဘာဦး ၂၈:၁၀-၁၂) ယေဟောဝါ​ဘုရားက သစ္စာရှိသူ​တွေကို လိုအပ်​သလို ကူညီပေးဖို့ ကောင်းကင်တမန်​တွေကို မြေကြီး​ပေါ် စေလွှတ်​ပေးတယ်​လို့ ယာကုပ် ကောက်ချက်ချ​ခဲ့မှာပဲ။ ကျွန်တော်တို့လည်း အဲဒီလို ကောက်ချက်ချ​နိုင်တယ်။—ကမ္ဘာဦး ၂၄:၄၀။ ထွက်မြောက်ရာ ၁၄:၁၉။ ဆာလံ ၃၄:၇

“အိပ်မက်​ထဲမှာ ကောင်းကင်​အထိ​မီ​တဲ့ လှေကား​ကို မြင်​တယ်။ လှေကား​မှာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်​တွေ တက်​လိုက်​ဆင်း​လိုက် လုပ်​နေကြတယ်။” —ကမ္ဘာဦး ၂၈:၁၂

^ အပိုဒ်၊ 6 ဘုရားသခင်ရဲ့ အခွင့်အာဏာ​ကို ပုန်ကန်တဲ့ ဝိညာဉ်​ပုဂ္ဂိုလ်တွေ​ရှိပြီး အဲဒီ​ကောင်းကင်တမန်ဆိုး​တွေကို “နတ်ဆိုး​တွေ” လို့ ကျမ်းစာမှာ ဖော်ပြတယ်။—လုကာ ၁၀:၁၇-၂၀

^ အပိုဒ်၊ 11 “ကောင်းကင်တမန်” အတွက် ကျမ်းစာမှာ​သုံး​ထားတဲ့ မူရင်း​ဟီဘရူး​နဲ့ ဂရိစကားလုံး နှစ်မျိုး​စလုံး​ဟာ “တမန်” လို့​အဓိပ္ပာယ်​ရှိတယ်။