မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုံးမ​သွန်သင်ခြင်းက တက်​မ​နဲ့ တူတယ်။ လမ်းကြောင်း​မှန်​ပေါ် ရှိနေဖို့ ကူညီပေးတယ်။

မိဘများ​အတွက်

၆– ဆုံးမသွန်သင်ခြင်း

၆– ဆုံးမသွန်သင်ခြင်း

ဆိုလိုရင်း

ဆုံးမ​သွန်သင်တယ်ဆိုတာ လမ်းညွှန်​ပဲ့ပြင်​ပေးတာကို ဆိုလိုတယ်။ တစ်ခါတလေ သားသမီးရဲ့ အမူ​အကျင့်ဆိုးတွေကို တည့်မတ်​ပေးခြင်း ပါဝင်တယ်။ များသောအားဖြင့် စာရိတ္တ ကောင်းမွန်​အောင် လေ့ကျင့်ပေးခြင်း ပါဝင်တယ်။ ဒါမှ ကောင်းတာတွေကို ကလေးတွေ ရွေးချယ်​နိုင်​မှာ​ဖြစ်တယ်။

ဘာကြောင့် အရေးကြီးသလဲ

လွန်ခဲ့တဲ့​ဆယ်စုနှစ်တွေအတွင်း အိမ်ထောင်​တချို့​မှာ ဆုံးမ​သွန်သင်မှု မရှိသလောက် ဖြစ်လာတယ်။ ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်း​သွားမှာကို စိုးရိမ်ကြလို့​ပဲ။ ဒါပေမဲ့ ပညာရှိ​မိဘတွေ​ကတော့ သင့်တော်တဲ့​စည်းကမ်း​တွေ ချမှတ်ပြီး ကလေးတွေ လိုက်နာ​နိုင်အောင် လေ့ကျင့်ပေးကြတယ်။

“လူရည်မွန်​အဖြစ် ကြီးပြင်းလာဖို့ စည်းကမ်း​တွေ လိုအပ်တယ်။ ဆုံးမ​သွန်သင်မှု မရှိရင် တက်​မ မရှိတဲ့​လှေလို ရောက်ချင်ရာရောက် ပျက်စီး​ဖို့​ပဲ ရှိတယ်။”—ပံမလာ။

လုပ်ဆောင်နိုင်ရာ

အပြောနဲ့ အလုပ် ညီ​ပါ။ ချမှတ်တဲ့ စည်းမျဉ်းတွေကို သားသမီးတွေ မလိုက်နာရင် အကျိုးဆက်ကို ခံစားစေပါ။ လိုက်နာတဲ့အခါ​မျိုး​မှာတော့ ချီးမွမ်း​ပေးပါ။

“နာခံမှု မရှိတဲ့​လောက​မှာ သားသမီးတွေ နာခံတတ်တဲ့အတွက် သူတို့ကို မကြာမကြာ ချီးမွမ်း​ပေးတယ်။ ချီးမွမ်းခြင်းက လိုအပ်သလို ပဲ့ပြင်​ပေးတဲ့အခါ လက်ခံရ လွယ်ကူစေတယ်။”—ခရစ္စတင်း။

ကျမ်းစာ အခြေခံမူ။ “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်း​ရလိမ့်မယ်။”—ဂလာတိ ၆:၇

အကျိုးသင့်အကြောင်းသင့် ရှိပါ။ ကလေး​ရဲ့ အသက်အရွယ်၊ နားလည်နိုင်စွမ်းအလိုက် အပြစ်ပေး​ဆုံးမ​ပါ။ အပြစ်နဲ့ လိုက်ဖက်​တဲ့​ပြစ်ဒဏ် ပေးတဲ့အခါ ထိရောက်​တတ်တယ်။ ဥပမာ၊ ဖုန်း တလွဲသုံးရင် အချိန်​အတိုင်းအတာနဲ့ ဖုန်း​ပြန်သိမ်းလိုက်ပါ။ တစ်ချိန်တည်းမှာ အသေးအဖွဲ​ကိစ္စတွေကို ရေးကြီးခွင်ကျယ် မလုပ်ပါနဲ့။

“ကလေး​က တမင် ကလန်ကဆန် လုပ်တာ​လား၊ မတော်တဆ မှားသွား​တာ​လား​ဆိုတာ ကျွန်တော် စဉ်းစား​ဆုံးဖြတ်တယ်။ အမြစ်​မကျန် နုတ်ပစ်ရမယ့် ဉာဉ်ဆိုး ရှိသလို ထောက်ပြရုံနဲ့ လုံလောက်တဲ့​အမှားလည်း ရှိတယ်။”—ဝင်ဒယ်။

ကျမ်းစာ အခြေခံမူ။ “သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ အဲဒီလိုလုပ်ရင် သူတို့ စိတ်ပျက်​သွား​လိမ့်မယ်။”—ကောလောသဲ ၃:၂၁

မေတ္တာ​ပြပါ။ မိဘတွေ ချစ်လို့ ဆုံးမ​မှန်း သိထားရင် ကလေးတွေ လက်ခံရ လွယ်ကူတယ်။

“ကျွန်တော်တို့ရဲ့သား အမှား​လုပ်တဲ့အခါ အရင်က ဆုံးဖြတ်ချက်ကောင်းတွေ ချခဲ့လို့ ဂုဏ်ယူ​တဲ့​အကြောင်း သူ့ကို ပြောပြတယ်။ လိုအပ်သလို ပြုပြင်​မယ်​ဆိုရင် အချိန်မနှောင်းသေးဘူး၊ ကျွန်တော်တို့ ကူညီပေးမယ်​ဆိုတာ ပြောပြတယ်။”—ဒေနီယယ်။

ကျမ်းစာ အခြေခံမူ။ “မေတ္တာဟာ စိတ်ရှည်​တတ်တယ်။ ကြင်နာ​တတ်တယ်။”—၁ ကောရိန္သု ၁၃:၄