မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နည်း​ပညာ​က ခင်မင်​ရင်းနှီးမှုကို ထိခိုက်​စေနိုင်

နည်း​ပညာ​က ခင်မင်​ရင်းနှီးမှုကို ထိခိုက်​စေနိုင်

လူ​နှစ်ဦး​ဟာ ရေ​ခြား​မြေ​ခြား ဝေးကွာ​နေရင်တောင် စာတို၊ အီးမေးလ်၊ ဗီဒီယို ခေါ်ဆို​မှု​နဲ့ လူမှု​မီဒီယာ​ကနေ​တစ်ဆင့် အလွယ်တကူ ဆက်သွယ်​နိုင်တယ်။ သူတို့​အတွက် နည်း​ပညာ​ဟာ အကျိုး​ရှိတယ်။

ဒါပေမဲ့ အဲဒါကို​ပဲ အဓိက​သုံးပြီး ဆက်သွယ်​မယ်​ဆိုရင်

  • မိတ်ဆွေတွေကို ကိုယ်ချင်းစာ​နာ​စိတ် နည်းပါး​လာမယ်။

  • အထီးကျန်​စိတ် ဝင်လာ​မယ်။

  • ကိုယ့်​အရေး​ကိုပဲ အဓိက ထား​လာမယ်။

သိထား​သင့်တဲ့ အချက်များ

ကိုယ်ချင်းစာ​နာ​ခြင်း

တစ်ယောက်ယောက်​ကို ကိုယ်ချင်းစာ​နာ​ဖို့​ဆိုရင် သူ့​အကြောင်း အချိန်​ယူ စဉ်းစားဖို့ လိုတယ်။ စာတို​တွေ ဖတ်​ဖို့၊ စာပြန်​ဖို့၊ လူမှု​မီဒီယာ သုံးဖို့​နဲ့​ပဲ အလုပ်​များနေ​ရင် အဲဒီလို​လုပ်ဖို့ ခက်​ပါ​လိမ့်မယ်။

စာ​တွေ အများကြီး ဝင်​နေတယ်​ဆိုရင် စာ​အားလုံး​ကို ပြီး​အောင် ​ပြန်​ဖို့​လောက်​ပဲ အာရုံစိုက်​နေလို့ အကူအညီ လို​နေတဲ့ မိတ်ဆွေ​တစ်ယောက်​ရဲ့ စာ​ကို သတိ​မထားမိဘဲ ဖြစ်သွား​နိုင်တယ်။

စဉ်းစား​ကြည့်​ပါ– မိတ်ဆွေတွေကို နည်း​ပညာ​ သုံးပြီး ဆက်သွယ်​တဲ့​အခါ “ကိုယ်ချင်းစာ” ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။—၁ ပေတရု ၃:၈

အထီးကျန်​ခြင်း

လူမှု​မီဒီယာ​ကို အချိန်​အကြာကြီး ကြည့်​သူ​တွေဟာ ပို​ပြီး အထီးကျန်​သူတွေ ဖြစ်တယ်လို့ ပညာရှင်​တွေ​က ဆိုတယ်။ တခြား​သူတွေရဲ့ ဓာတ်​ပုံ​တွေ၊ လုပ်​နေတာတွေကို လိုက်ကြည့်​တဲ့​သူဟာ “အရည်​မရ အဖတ်​မရ အချိန်ဖြုန်း​နေတာ” လို့ ခံစား​မိ​နိုင်တယ်​ဆိုပြီး ပြော​တယ်။

ဒါ့အပြင် တခြား​သူတွေရဲ့ စိတ်​လှုပ်ရှား​စရာ ဓာတ်​ပုံ​တွေ​ကို ကြည့်​တဲ့​အခါ ကိုယ့်​ဘဝနဲ့ နှိုင်းယှဉ်​ပြီး အပျက်သဘော​တွေ ဝင်လာ​နိုင်တယ်။ တခြား​သူတွေရဲ့ ဘဝက သာယာ​စိုပြည်​နေပြီး ကိုယ့်​ဘဝက​တော့ ငြီးငွေ့စရာ ကောင်းတယ်​လို့ မြင်လာ​နိုင်တယ်။

စဉ်းစား​ကြည့်​ပါ– လူမှု​မီဒီယာ သုံးတဲ့​အခါ ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ နှိုင်းယှဉ်​ပြီး အပျက်သဘော မဝင်လာအောင် ဘာလုပ်​နိုင်​သလဲ။—ဂလာတိ ၆:၄

ကိုယ့်​အရေး​ကိုပဲ အဓိက​ထားခြင်း

ကျောင်းသား​တချို့ဟာ ကိုယ့်​အတွက်ပဲ တွေး​ပြီး “ငါ့​ဘက် ဘယ်သူ​ ပါ​သလဲ” ဆိုတာ​ကိုပဲ စဉ်းစား​ကြ​တာ​ကို ဆရာ​တစ်ယောက် သတိထား​မိတယ်။ သူငယ်ချင်းတွေ​ကို လို​ရင် ဖွင့်ပြီး မလို​ရင် ပိတ်​လို့​ ရတဲ့ ကွန်ပြူတာ/ဖုန်း​လို​ပဲ သဘောထား​တော့​တယ်။

စဉ်းစား​ကြည့်​ပါ– အွန်လိုင်းမှာ ကိုယ်​တင်​လိုက်တဲ့ အရာ​တွေ​က အပြိုင်အဆိုင် သဘောထား​ ရှိကြောင်း၊ အာရုံစိုက်​ခံ​ချင်​ကြောင်း ပြ​နေ​သလား။ —ဂလာတိ ၅:၂၆

လုပ်ဆောင်​နိုင်​တဲ့ အချက်များ

နည်း​ပညာ အသုံးပြုပုံကို ဆန်းစစ်​ပါ

နည်း​ပညာ​ကို အကျိုးရှိရှိ အသုံးပြု​နေတယ်​ဆိုရင် မိတ်ဆွေတွေနဲ့ အမြဲ ဆက်သွယ်​နိုင်​မယ်၊ ပို​ရင်းနှီး​စေမယ်။

ကျမ်းစာ အခြေခံ​မူ– “မေတ္တာဟာ . . . ကိုယ်ကျိုး မ​ရှာ​တတ်​ဘူး။”—၁ ကောရိန္သု ၁၃:၄၊ ၅

ကိုယ်​ကြိုးစား​ချင်​တဲ့ အချက်​တွေ မှတ်သားပါ။ စိတ်ကူး​ထား​တဲ့ အချက်​တွေ ချရေး​ပါ။

  • စကားပြော​ဖို့ ကြိုးစား​ပါ (စာတို ပြန်တာ၊ အီးမေးလ် ပို့​တာ​ပဲ မလုပ်ပါနဲ့)

  • တခြား​သူတွေနဲ့ စကားပြော​နေချိန်မှာ ဖုန်း​ကို အဝေး​မှာ ထား​ပါ (အသံ ပိတ်​ထား​ပါ)

  • လူမှု​မီဒီယာ သုံး​မယ့် အချိန်ကို ကန့်သတ်​ထား​ပါ

  • အာရုံစိုက် နားထောင်​တတ်​သူ ဖြစ်ပါ

  • အခက်အခဲ ကြုံနေ​တဲ့ မိတ်ဆွေ​ကို ဆက်သွယ်​ပါ