နည်းပညာက အတွေးအခေါ်ကို ထိခိုက်စေနိုင်
လူတွေဟာ ကျောင်း၊ အလုပ်နဲ့ တခြားအကြောင်းတွေကြောင့် လေ့လာသင်ယူနေကြရတယ်။ နည်းပညာကြောင့် အိမ်ထဲကနေ ထွက်စရာ မလို၊ ထိုင်ရာက ထစရာ မလိုဘဲ အကြောင်းအရာ များစွာကို အလွယ်တကူ လေ့လာဆည်းပူးနိုင်ကြပြီ။
ဒါပေမဲ့ နည်းပညာကို အလွန်အကျွံ အသုံးပြုနေကြသူ များစွာဟာ
-
စာဖတ်တဲ့အခါ အာရုံ သိပ်မစိုက်နိုင်ကြဘူး။
-
အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့ ခက်လာကြတယ်။
-
တစ်ယောက်တည်း မနေတတ်ကြတော့ဘူး။
သိထားသင့်တဲ့ အချက်များ
စာဖတ်ခြင်း
တချို့သူတွေဟာ စာကို အစအဆုံး စိတ်ရှည်လက်ရှည် ဖတ်မယ့်အစား အဓိက အချက်ကို သိဖို့ ခပ်မြန်မြန် ဖတ်ကြတယ်။
မေးခွန်းတစ်ခုအတွက် အဖြေ ချက်ချင်း လိုချင်ရင် ခပ်မြန်မြန် ဖတ်သွားတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ အကြောင်းအရာကို သေသေချာချာ နားလည်ဖို့ လိုတယ်ဆိုရင်တော့ စိတ်ရှည်လက်ရှည် ဖတ်ဖို့ လိုတယ်။
စဉ်းစားကြည့်ပါ– သိပ်ရှည်တဲ့ စာတွေကို သင်ဘယ်လို ဖတ်သလဲ။ ဖတ်ရှုလေ့လာရာမှာ ဘယ်လိုနည်းနဲ့ တိုးတက်နိုင်သလဲ။—ပညာအလိမ္မာ ၁၈:၁၅။
အာရုံစိုက်မှု
နည်းပညာကြောင့် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်လာတယ်လို့ တချို့ ထင်ကြတယ်။ ဥပမာ၊ စာလေ့လာနေရင်း သူငယ်ချင်းတွေဆီ စာရေးတယ်။ ဒါပေမဲ့ အာရုံပျံ့နေလို့ အဲဒီအလုပ် နှစ်ခုစလုံးက အရည်အသွေး မပြည့်မီတော့ဘူး။ အထူးသဖြင့် အာရုံစိုက်ပြီး လုပ်ရမယ့် အလုပ်တွေမှာ ဖြစ်တယ်။
အာရုံစိုက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ လိုတယ်။ ကြပ်မတ်ရကျိုး နပ်ပါတယ်။ “အမှား နည်းတယ်၊ ဖိစီးမှု နည်းတယ်။ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်တာက ပိုကောင်းမှန်း သိလာတယ်။ အာရုံပျံ့ပြီး စိတ်ရှုပ်ရတာမျိုး မဖြစ်တော့ဘူး” လို့ ဆယ်ကျော်သက် ဂရေ့စ် ပြောတယ်။
စဉ်းစားကြည့်ပါ– နည်းပညာ သုံးပြီး အလုပ် နှစ်မျိုးကို တစ်ပြိုင်တည်း လုပ်လို့ လေ့လာနေတဲ့ အကြောင်းအရာကို အာရုံမစိုက်နိုင်တာမျိုး၊ မမှတ်မိတာမျိုး ဖြစ်သလား။—ပညာအလိမ္မာ ၁၇:၂၄။
တစ်ယောက်တည်း မနေတတ်ခြင်း
တချို့သူတွေက တစ်ယောက်တည်း မနေတတ်လို့ နည်းပညာကို အသုံးပြုကြတယ်။ “ဖုန်း၊ တက်ဘလက်၊ တီဗွီ မဖွင့်ဘဲ ၁၅ မိနစ်လောက် နေလိုက်ရင် ပျင်းလာတယ်” ဆိုပြီး အိုလစ်ဗီယာလို့ ခေါ်တဲ့ အမျိုးသမီး ဝန်ခံတယ်။
လူငယ်တွေပဲ မဟုတ်ဘူး၊ လူကြီးတွေလည်း တစ်ယောက်တည်း ရှိနေတဲ့အချိန်ဟာ လေ့လာထားတာတွေကို လေးလေးနက်နက် ပြန်စဉ်းစားတွေးတောနိုင်တဲ့ အချိန်ကောင်းပါပဲ။
စဉ်းစားကြည့်ပါ– တစ်ယောက်တည်း ရှိနေတဲ့အချိန်ကို အကျိုးရှိရှိ အသုံးပြုနေသလား။—၁ တိမောသေ ၄:၁၅။
လုပ်ဆောင်နိုင်တဲ့ အချက်များ
နည်းပညာကို ဘယ်လို သုံးနေသလဲဆိုတာ ဆန်းစစ်ပါ
သင့်ရဲ့ အတွေးအခေါ် တိုးတက်လာအောင် နည်းပညာကို ဘယ်လို သုံးနိုင်သလဲ။ နည်းပညာက သင့်ရဲ့ အာရုံစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းကို ထိခိုက်စေသလား။
ကျမ်းစာ အခြေခံမူ– “လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။”—ပညာအလိမ္မာ ၃:၂၁။