မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁

အရာဝတ္ထုတွေကို ဘုရားသခင်စပြီး ဖန်ဆင်းတဲ့အကြောင်း

အရာဝတ္ထုတွေကို ဘုရားသခင်စပြီး ဖန်ဆင်းတဲ့အကြောင်း

တို့မှာရှိတဲ့ ကောင်းတဲ့အရာ ဘာမဆို ဘုရားသခင်ဆီကလာတာချည်းပဲ။ နေ့အချိန်မှာ အလင်းရောင်ပေးဖို့ နေကိုသူဖန်ဆင်းပေးထားတယ်။ ညဉ့်အခါ အလင်းနည်းနည်းပါးပါးရနိုင်ဖို့ လနဲ့ကြယ်တွေကိုလည်း ဖန်ဆင်းပေးတယ်။ တို့တစ်တွေနေဖို့ ထိုင်ဖို့ ကမ္ဘာကိုပါ ဖန်ဆင်းပေးထားတယ်။

ဒါပေမဲ့ ဘုရားသခင်က နေ၊ လ၊ ကြယ်တွေနဲ့ ကမ္ဘာကို ဦးဦးဆုံးဖန်ဆင်းတာမဟုတ်ဘူး။ ဘာကိုဦးဦးဆုံးဖန်ဆင်းသလဲသိလား။ သူနဲ့တူတဲ့ပုဂ္ဂိုလ်တွေကို ဘုရားသခင်ဦးဦးဆုံးဖန်ဆင်းသတဲ့။ အဲဒီပုဂ္ဂိုလ်တွေကို တို့မျက်စိနဲ့မမြင်နိုင်ဘူး။ ဘုရားသခင်ကို တို့မမြင်နိုင်သလိုပဲပေါ့။ ဒီပုဂ္ဂိုလ်တွေကို ကျမ်းစာထဲမှာ ကောင်းကင်တမန်များလို့ခေါ်ထားတယ်။ ဘုရားသခင်က ကောင်းကင်မှာ သူနဲ့နေဖို့ ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တယ်။

ဘုရားသခင်ဦးဦးဆုံးဖန်ဆင်းလိုက်တဲ့ ကောင်းကင်တမန်ဟာ သိပ်ကိုထူးခြားတယ်ကွဲ့။ ဘုရားသခင်ရဲ့သားဦးပေါ့။ သူလည်း သူ့ဖေဖေနဲ့အတူ အလုပ်လုပ်တယ်။ ကျန်တဲ့အရာတွေကို ဖန်ဆင်းတဲ့နေရာမှာ သူ့ဖေဖေကို သူဝိုင်းကူတယ်။ နေ၊ လ၊ ကြယ်နဲ့ တို့ရဲ့ကမ္ဘာကိုဖန်ဆင်းတဲ့နေရာမှာ ဘုရားသခင်ကို သူဝိုင်းကူခဲ့တယ်။

အဲဒီအချိန်မှာ ကမ္ဘာကြီးဟာ ဘယ်လိုပုံပါလိမ့်။ အစပိုင်းမှာ ဘယ်သူမှ ကမ္ဘာပေါ်မှာ မနေနိုင်ဘူးကွဲ့။ မြေတစ်ပြင်လုံးကို သမုဒ္ဒရာကြီးကဖုံးလို့နေတာကလွဲရင် ဘာဆိုဘာမှမရှိဘူးကွဲ့။ ဒါပေမဲ့ ဘုရားသခင်ကမ္ဘာပေါ်မှာ လူတွေကိုနေစေချင်တယ်။ ဒါနဲ့ တို့အတွက်ပြင်ဆင်တယ်ပေါ့။ ဘုရားသခင် ဘယ်လိုပြင်ဆင်ပေးသလဲ။

ဦးဦးဆုံး ကမ္ဘာဟာ အလင်းလိုတယ်။ ဒါကြောင့် ဘုရားသခင်က နေဆီကအလင်းရောင်ကို ကမ္ဘာပေါ် ထွန်းလင်းအောင်ဖန်တီးလိုက်တယ်။ နေ့နဲ့ညဆိုတာကိုလည်းဖြစ်အောင် လုပ်ပေးလိုက်တယ်။ အဲဒီနောက် သမုဒ္ဒရာရေထဲကနေ ကုန်းကိုပေါ်လာအောင် လုပ်ပြန်တယ်ကွဲ့။

အစပိုင်းမှာတော့ ကုန်းပေါ်မှာ ဘာမှမရှိဘူးကွဲ့။ အဲဒီပုံမှာပါတဲ့အတိုင်းပေါ့။ ပန်းတွေ သစ်ပင်တွေ၊ တိရစ္ဆာန်တွေလည်း မရှိဘူးကွဲ့။ သမုဒ္ဒရာထဲမှာ ငါးတွေတောင်မရှိဘူးကွဲ့။ တိရစ္ဆာန်နဲ့ လူတွေနေနိုင်အောင် ကမ္ဘာကိုဘုရားသခင်ပြုပြင်စရာ အများကြီးကျန်သေးတယ်