မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၂

လှလိုက်တဲ့ ဥယျာဉ်ကလေး

လှလိုက်တဲ့ ဥယျာဉ်ကလေး

ဒီပုံမှာပါတဲ့ ကမ္ဘာကိုကြည့်လိုက်စမ်း။ လှလိုက်တာနော်။ မြက်ခင်းနဲ့ သစ်ပင်တွေ၊ ပန်းတွေ တိရစ္ဆာန်တွေကိုကြည့်လိုက်ပါဦး။ ဆင်နဲ့ခြင်္သေ့တွေ ဘယ်မှာရှိသလဲ တွေ့လား။

ဒီလောက်လှတဲ့ဥယျာဉ် ဘယ်လိုလုပ်ဖြစ်လာသလဲသိလား။ တို့အတွက် ကမ္ဘာကို ဘုရားသခင် ဘယ်လိုပြင်ဆင်ပေးသလဲ ကြည့်ရအောင်။

ဦးဦးဆုံး၊ ကုန်းကိုမြက်ခင်းပြင်နဲ့ဖုံးလွှမ်း လိုက်တယ်လေ။ ပြီးတော့အပင်ကလေးတွေ၊ ချုံပုတ်ကလေးတွေ၊ သစ်ပင်တွေလုပ်တယ်။ ရှင်သန်ကြီးထွားနေတဲ့ အဲဒီအပင်တွေကြောင့် ကမ္ဘာကြီးဟာ ကြည့်ပျော်စရာဖြစ်လာတယ်။ ဒါတင်ဘယ်ကမလဲ။ အပင်တော်တော်များများက တို့ကိုအင်မတန်အရသာရှိတဲ့ စားစရာတွေကိုလည်းပေးတယ်။

နောက်တော့ ဘုရားသခင်က ငါးတွေကိုဖန်ဆင်းပြီး ရေထဲမှာ နေခိုင်းတယ်။ မိုးပေါ်မှာ ပျံနေအောင် ငှက်တွေကိုလည်းလုပ်တယ်။ ခွေးတွေ၊ ကြောင်တွေ၊ မြင်းတွေကိုလည်းလုပ်တယ်။ တိရစ္ဆာန်ကြီးကြီး၊ တိရစ္ဆာန် သေးသေးလေးတွေကိုလည်း လုပ်တယ်။ မင်းတို့အိမ်နားမှာ ဘာတိရစ္ဆာန်တွေရှိသလဲ။ အဲဒါတွေကို ဘုရားသခင်က လုပ်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ဖို့မကောင်းဘူးလား။

နောက်ဆုံးမှာတော့ ကမ္ဘာရဲ့ တစ်စိတ်တစ်ဒေသကို အထူးဖြစ်အောင်လုပ်တယ်။ အဲဒီဒေသကို ဧဒင်ဥယျာဉ်လို့ ခေါ်သတဲ့။ ပြောစရာမရှိအောင် ကောင်းတယ်။ ဘာကိုကြည့်ကြည့် လှတာချည်းပဲ။ ဘုရားသခင်က သူလုပ်ထားတဲ့ အဲဒီဥယျာဉ်လေးလို တစ်ကမ္ဘာလုံးမှာဖြစ်စေချင်တယ်ကွဲ့။

ဒါပေမဲ့ ဒီပုံကိုထပ်ပြီး ကြည့်လိုက်ပါဦး။ ဘာလိုနေတယ်ဆိုတာကို ဘုရားသခင် တွေ့သလဲသိလား။ ကြည့်ရအောင်