မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၄

သူတို့ဘာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့အကြောင်း

သူတို့ဘာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့အကြောင်း

ခုဘာဖြစ်နေလဲ ကြည့်လိုက်စမ်း။ လှပတဲ့ဧဒင်ဥယျာဉ်ထဲက အာဒံနဲ့ဧဝ နှင်ထုတ်ခံနေရတယ်။ ဘာဖြစ်လို့လဲသိလား။

အင်မတန်ဆိုးတဲ့ အလုပ်တစ်ခု သူတို့လုပ်ခဲ့လို့ပဲ။ ဒါကြောင့်ယေဟောဝါက သူတို့ကိုဒဏ်ခတ်နေတာ။ အာဒံနဲ့ဧဝတို့ ဘယ်လိုဆိုးတဲ့ အလုပ်မျိုးလုပ်ခဲ့သလဲ သိလား။

ဘုရားသခင်က မလုပ်နဲ့ဆိုတာကို သူတို့လုပ်တယ်။ ဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေရဲ့အသီးတွေကို စားနိုင်တယ်၊ ဒါပေမဲ့ အပင်တစ်ပင်ကအသီးကိုတော့ မစားရဘူး၊ စားရင်သေရမယ်ဆိုပြီး ဘုရားသခင်သူတို့ကို ပြောထားတယ်။ အဲဒီအပင်ကို ဘုရားသခင်က သူ့အတွက်ဖယ်ထားတယ်။ သူများပိုင်တဲ့ ပစ္စည်းကို မယူသင့်ဘူးဆိုတာ တို့အားလုံးသိတယ်။ ဟုတ်တယ် မဟုတ်လား။ ဒီတော့ ခုဘာဖြစ်သလဲ။

တစ်နေ့ ဥယျာဉ်ထဲမှာ ဧဝတစ်ယောက်ထဲရှိနေတဲ့အခါမှာ မြွေတစ်ကောင်လာပြီး သူနဲ့စကားပြောတယ်။ စဉ်းစား ကြည့်စမ်း။ ဘုရားသခင်က မစားနဲ့ဆိုတဲ့ အသီးကို မြွေကစားပါဆိုပြီး ဧဝကိုလာပြောသတဲ့။ မြွေကို ယေဟောဝါဖန်ဆင်းတုန်းက စကားပြောနိုင်အောင် မဖန်တီးထားဘူး။ ဒါကြောင့် မြွေစကားပြောအောင် တခြားတစ်ယောက်ယောက်က ဖန်တီးနေတာပဲ ဖြစ်ရလိမ့်မည်။ ဘယ်သူ ဖန်တီးနေတာလဲ။

အာဒံတော့ မဟုတ်ဘူး။ ဒါကြောင့် ကမ္ဘာကိုမဖန်ဆင်းခင် ယေဟောဝါဖန်ဆင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ယောက်ပဲဖြစ်ရမယ်။ အဲဒီပုဂ္ဂိုလ်တွေက ကောင်းကင်တမန်တွေ။ ပြီးတော့ တို့မျက်စိနဲ့ သူတို့ကိုမမြင်နိုင်ဘူး။ အဲဒီ ကောင်းကင်တမန်ထဲကတစ်ယောက်က စိတ်ကြီးဝင်ခဲ့တယ်။ ငါဟာ ဘုရားသခင်လို အုပ်ချုပ်ဖို့ကောင်းတယ်ဆိုပြီး တွေးလာတယ်။ ပြီးတော့ ယေဟောဝါရဲ့စကားကို လူတွေနားထောင်မယ့်အစား၊ သူ့စကားနားထောင်တာကို သူလိုချင်လာတယ်။ သူပဲပေါ့။ မြွေကို စကားပြောအောင်လုပ်နေတာ။

ဒီကောင်းကင်တမန်ဟာ ဧဝကို ညာနိုင်ခဲ့တယ်။ နင် အဲဒီအသီးကိုစားလိုက်ရင် ဘုရားသခင်လိုဖြစ်လာမယ်ဆိုပြီး ဧဝကို သူပြောတဲ့အခါ ဧဝယုံသွားတယ်ကွဲ့။ ဒါနဲ့ ဧဝက စားရော။ အာဒံလည်း လိုက်ပြီးစားတယ်။ အာဒံနဲ့ဧဝတို့ ဒီနည်းနဲ့ ဘုရားသခင့်စကားကို လွန်ဆန်ခဲ့ကြတယ်။ အဲဒါကြောင့် အင်မတန်လှပတဲ့ သူတို့စံအိမ်လေးကို လက်လွှတ်သွားခဲ့ကြရတာပေါ့။

ဒါပေမဲ့ တစ်နေ့သောအခါ တစ်ကမ္ဘာလုံး ဧဒင်ဥယျာဉ်လိုလှပနေအောင် ဘုရားသခင်လုပ်ကိုလုပ်ပေးဦးမယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ မင်းတို့လည်း ဘယ်လိုပါဝင်နိုင်တယ်ဆိုတာကို နောက်ကျတော့ပြောပြမယ်။ ခုအာဒံနဲ့ဧဝ ဘယ်လိုဖြစ်သွားကြသလဲဆိုတာကို အရင်ကြည့်ရအောင်