မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈

ကမ္ဘာပေါ်က ဘီလူးကြီးတွေအကြောင်း

ကမ္ဘာပေါ်က ဘီလူးကြီးတွေအကြောင်း

လူတစ်ယောက် မင်းတို့ဆီလမ်းလျှောက်လာတဲ့အခါ အရပ်ကြီးက မင်းတို့မျက်နှာကြက်လောက်ရောက်နေတယ်ဆိုရင် ဘယ်လိုထင်မလဲ။ ဘီလူးကြီးပေါ့။ တစ်ခါက ကမ္ဘာပေါ်မှာ တကယ့်ကိုဘီလူးကြီးတွေရှိခဲ့ဖူးတယ်။ သူတို့ရဲ့အဖေတွေဟာ ကောင်းကင်ကကောင်းကင်တမန်တွေဖြစ်တယ်ဆိုပြီး ကျမ်းစာကဆိုတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ကောင်းကင်တမန်ဆိုးကြီးစာတန်ဟာ သူများကို ဒုက္ခပေးဖို့ တစ်ချိန်လုံးအလုပ်များနေတယ်ဆိုတာ မှတ်ထားကြပါ။ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေကိုတောင် မကောင်းတာလုပ်အောင် ဖန်တီးဖို့ ကြိုးစားတယ်။ နောက်ပိုင်းကျတော့ အဲဒီကောင်းကင်တမန်တွေထဲက တချို့စာတန်ရဲ့စကားကို နားထောင်လာကြတယ်။ ကောင်းကင်မှာလုပ်ဖို့ ဘုရားသခင်ခိုင်းစေထားတဲ့ အလုပ်တွေကိုပစ်ပြီး ကမ္ဘာကိုဆင်းလာကြတယ်။ လူ့ကိုယ်ခန္ဓာတွေကို ယူကြလေရဲ့။ ဘာလို့လဲ သိလား။

ကမ္ဘာပေါ်မှာရှိတဲ့ မိန်းမလှတွေကို ဘုရားသခင်ရဲ့ ဒီသားတွေမြင်ပြီး အဲဒီမိန်းမလှတွေနဲ့အတူ နေချင်တဲ့အတွက်ဆိုပြီး ကျမ်းစာကပြောတယ်။ ဒါနဲ့ သူတို့ကမ္ဘာကိုလာပြီး အဲဒီမိန်းမလှတွေကို ယူကြတယ်လေ။ ကျမ်းစာက ဒီလိုလုပ်တာမကောင်းဘူးဆိုပြီး ပြောတယ်။ ဘာလို့လဲဆိုတော့ ကောင်းကင်တမန်တွေကို ကောင်းကင်မှာနေဖို့ ဘုရားသခင်ကဖန်ဆင်းထားတာ။

ကောင်းကင်တမန်တွေနဲ့ သူတို့မိန်းမတွေ ကလေးမွေးလာတဲ့အခါ အဲဒီကလေးတွေကထူးတယ်။ အစမှာတော့ သိပ်မထူးဘူးပေါ့။ ဒါပေမဲ့ နောက်တော့ ကြီးသည်ထက်ကြီးလာပြီး သန်သည်ထက်သန်လာကြတယ်။ ဘီလူးတွေဖြစ်လာတဲ့အထိပဲပေါ့။

ဒီဘီလူးကြီးတွေက ဆိုးတယ်။ သူတို့က လူကောင်ကြီးပြီး ဗလလည်းတောင့်တော့ လူတွေကိုအနိုင်ကျင့်ဒုက္ခပေးတယ်။ သူတို့လိုဆိုးအောင် လူတိုင်းကိုဖန်တီးပေးတယ်။

ဧနောက်ကတော့ သေသွားပြီ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူကောင်းတစ်ယောက်ပေါ်လာပြန်တယ်။ သူ့နာမည်ကတော့ နောဧတဲ့။ သူဟာ ဘုရားသခင်လုပ်စေချင်တဲ့အလုပ်ကို အမြဲပဲလုပ်တယ်။

တစ်နေ့ကျတော့ ဘုရားသခင်ကနောဧကိုပြောတယ်။ လူဆိုးတွေအားလုံးကိုဖျက်ဆီးဖို့ အချိန်တန်ပြီတဲ့။ ဒါပေမဲ့ နောဧရယ်၊ နောဧရဲ့ အိမ်ထောင်မိသားစုရယ်၊ တိရစ္ဆာန်တွေကိုရယ် ဘုရားသခင်ကယ်မယ်လေ။ ဘုရားသခင် ဘယ်လိုကယ်သလဲ၊ တို့ ကြည့်ရအောင်။