မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၀

လွှမ်းမိုးတဲ့ရေကြီး အကြောင်း

လွှမ်းမိုးတဲ့ရေကြီး အကြောင်း

သင်္ဘောအပြင်ဘက်မှာတော့ လူတွေခါတိုင်းလိုပဲ နေနေကြတယ်။ လွှမ်းမိုးတဲ့ရေကြီး လာမယ်ဆိုတာကို ခုထိမယုံကြသေးဘူး။ အရင်ထက်ပိုပြီး သရော်ကြမှာပဲ။ ဒါပေမဲ့ မကြာခင်မှာပဲ မရယ်နိုင်ကြတော့ဘူးလေ။

တစ်မုဟုတ်ချင်း ရေကြီးမိုးကြီးရွာချလာတယ်။ ရေပုံးထဲကရေကို လောင်းချလိုက်သလို မိုးပေါ်ကနေပြီး သွန်ချတာဒလဟောပဲ။ နောဧပြောတာ မှန်နေပြီ။ ဒါပေမဲ့ သင်္ဘောထဲဘယ်သူမှ မဝင်နိုင်တော့ဘူး။ သိပ်နှောင်းသွားပြီ။ တံခါးကို ယေဟောဝါကျပ်နေအောင် ပိတ်ထားလိုက်ပြီလေ။

မကြာခင်မှာပဲ မြေနိမ့်ပိုင်းတွေ ရေအောက်ရောက်ကုန်တာပေါ့။ ရေတွေကလည်း မြစ်ကြီးတွေလိုဖြစ်လာတယ်။ သစ်ပင်တွေကို လှဲပစ်တယ်။ ကျောက်တုံးကြီးတွေကို လှိမ့်ပစ်တယ်။ အသံဗလံကလည်း ဆူလို့ညံလို့ပေါ့။ လူတွေလည်း ကြောက်လို့တုန်လို့။ မြေမြင့်ပိုင်းကို တက်ပြေးကြတယ်။ နောဧစကားကိုနားထောင်ပြီး သင်္ဘောတံခါးပွင့်နေတုန်းအချိန်မှာ သင်္ဘောထဲဝင်လိုက်ရင် အကောင်းသားလို့ သူတို့နောင်တရကြမှာပဲ။ ခုတော့ နောက်ကျသွားပြီလေ။

ရေတွေက မြင့်သည်ထက်မြင့်လာပြီး ကြီးသည်ထက်ကြီးလာတယ်။ နေ့ ၄၀ ည ၄၀ အဆက်မပြတ် မိုးပေါ်ကမိုးကြီးရွာချတာ။ တောင်စောင်းအထိမကလို့ နောက်ဆုံးတော့ အမြင့်ဆုံးတောင်တွေကိုတောင် ရေဖုံးသွားတယ်ကွဲ့။ ဒါကြောင့် ဘုရားသခင်ပြောခဲ့သလိုပဲ သင်္ဘောအပြင်ဘက်မှာရှိတဲ့ လူတွေ၊ တိရစ္ဆာန်တွေအားလုံး သေကြတော့တာပဲ။ ဒါပေမဲ့ သင်္ဘောအထဲမှာရှိတဲ့ လူနဲ့တိရစ္ဆာန်တွေကျတော့ အသက်ချမ်းသာရကြတာပေါ့။

နောဧနဲ့သူ့သားတွေ သင်္ဘောကြီးဆောက်ခဲ့တာ ကောင်းသွားတယ်။ ရေကသင်္ဘောကြီးကို မတင်လိုက်တယ်။ သင်္ဘောကြီးလည်း ရေပေါ်ပေါလော ပေါ်နေတာပေါ့။ တစ်နေ့ကျတော့ မိုးစဲသွားတယ်။ နေထွက်လာတယ်။ ကြည့်လိုက်စမ်းပါဦး။ နေရာတကာဟာ သမုဒ္ဒရာရေပြင်ကြီးပဲ။ အဲဒီပေါ်မှာ သင်္ဘောကြီးပေါလောပေါ်နေတာကလွဲလို့ ဘာမှမတွေ့ရပါလား။

ဘီလူးကြီးတွေလည်း သွားပြီ။ လူတွေကိုဒုက္ခမပေးနိုင်တော့ဘူး။ သူတို့အားလုံး၊ သူတို့အမေတွေ တခြားလူဆိုးတွေနဲ့ရောပြီး သေကုန်ကြပြီလေ။ သူတို့အဖေတွေကျတော့ကော ဘာဖြစ်သွားသလဲ။

ဘီလူးကြီးတွေရဲ့ အဖေတွေက တို့လိုလူတွေမဟုတ်ဘူးကွဲ့။ ကမ္ဘာပေါ်လာပြီး လူယောင်ဖန်တီးပြီးနေနေတဲ့ ကောင်းကင်တမန်တွေဖြစ်တယ်။ ဒါကြောင့် ရေကြီးလာတဲ့အခါ ကျန်တဲ့လူတွေနဲ့ရောပြီး မသေကြဘူးကွဲ့။ သူတို့ဖန်တီးခဲ့တဲ့ လူကိုယ်ခန္ဓာကို သူတို့အသုံးမချတော့ပဲ၊ ကောင်းကင်တမန်တွေလို ကောင်းကင်ကိုပြန်တက်သွားကြတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ကောင်းကင်တမန်များ မိသားစုထဲ ပြန်ဝင်တဲ့အခွင့်ကို ဘုရားသခင်မပေးတော့ဘူး။ ဒါကြောင့် စာတန်ရဲ့ကောင်းကင်တမန်တွေဖြစ်လာကြတယ်ပေါ့။ ကျမ်းစာထဲမှာ သူတို့ကို နတ်ဆိုးလို့ခေါ်တယ်။

ဘုရားသခင် လေတိုက်ခိုင်းလိုက်တာနဲ့ ရေကြီးက တဖြည်းဖြည်းချင်းကျသွားတယ်။ ငါးလကြာတော့ သင်္ဘောကြီးဟာ တောင်ထိပ်တစ်ခုပေါ် သွားတင်မိတယ်။ ရက်တွေထပ်ပြီး ကုန်လွန်ခဲ့တယ်။ သင်္ဘောထဲကလူတွေလည်း အပြင်ကိုကြည့်တဲ့အခါ တောင်ထိပ်တွေကိုမြင်ရတယ်ပေါ့။ ရေကြီးက တစ်စစဆက်ပြီးကျနေတယ်။

အဲဒီအခါ နောဧက ကျီးအလို့ခေါ်တဲ့ငှက်မည်းတစ်ကောင်ကို သင်္ဘောကနေလွှတ်လိုက်တယ်။ ကျီးအက ခဏလေးပျံဝဲပြီး သင်္ဘောကိုပြန်လာတယ်။ နားစရာကောင်းကောင်း မတွေ့လို့ပေါ့။ ကျီးအက ဒီလိုပဲလုပ်နေတယ်။ ပြန်လာတဲ့အခါတိုင်းမှာလည်း သင်္ဘောပေါ်မှာ နားပြန်တယ်။

ကမ္ဘာပေါ်ကနေ ရေတွေကျသွားပြီလားဆိုတာ နောဧသိချင်တယ်။ ဒါနဲ့ ချိုးတစ်ကောင်ကို သင်္ဘောထဲကလွှတ်လိုက်ပြန်တယ်။ ဒါပေမဲ့ ချိုးလေးပြန်လာတယ်။ ဘာလို့လည်းဆိုတော့ သူ့မှာလည်း နားစရာမတွေ့ဘူး။ ချိုးလေးကို နောဧ ဒုတိယတစ်ချီပြန်လွှတ်တယ်။ ဒီတစ်ချီတော့ ချိုးလေးက သူ့နှုတ်သီးလေးနဲ့ သံလွင်ရွက်တစ်ရွက်ချီလို့ပြန်လာတယ်လေ။ ဒါနဲ့ ရေကျပြီဆိုတာကို နောဧသိလိုက်တယ်။ ချိုးလေးကိုနောဧ တတိယတစ်ချီ လွှတ်ပြန်တယ်။ ချိုးလေးဟာ နောက်ဆုံးမှာ နေစရာခြောက်သွေ့တဲ့ကုန်းကိုတွေ့ပြီး နေလိုက်လေရော။

ဘုရားသခင်က နောဧကိုပြောတယ်။ ‘သင်္ဘောထဲကထွက်ပါ။ သင့်ရဲ့မိသားစုနဲ့ တိရစ္ဆာန်တွေကိုလည်း တစ်ပါတည်းခေါ်သွားပါ’ တဲ့။ သင်္ဘောထဲမှာ သူတို့နေကြတာ တစ်နှစ်ကျော်သွားတယ်။ အခုသင်္ဘောအပြင်ဘက်ကို ထွက်ရတာ၊ အသက်ချမ်းသာရတာကို သူတို့ဘယ်လောက်တောင် ပျော်လိုက်ကြမှာကို တွေးကြည့်နိုင်တယ်။