မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၇

စရိုက်ချင်းမတူတဲ့ အမြွှာညီနောင်

စရိုက်ချင်းမတူတဲ့ အမြွှာညီနောင်

ဒီပုံမှာပါတဲ့ ယောက်ျားကလေးနှစ်ယောက်ဟာ စရိုက်ချင်းသိပ်ကွာတယ်မဟုတ်လား။ သူတို့ရဲ့နာမည်ကို သိကြရဲ့လား။ အမဲလိုက်သမားက ဧသောတဲ့။ သိုးထိန်းနေတဲ့ လူကလေးကတော့ ယာကုပ်တဲ့။

ဧသောနဲ့ယာကုပ်ဟာ ဣဇာက်နဲ့ရေဗက္ကတို့ရဲ့ အမြွှာပူးသားနှစ်ယောက်ပေါ့။ အဖေဣဇာက်က ဧသောကိုသိပ်ချစ်တယ်။ ဘာဖြစ်လည်းဆိုတော့ ဧသောက အမဲလိုက်တော်တော့ အိမ်စားဖို့အမဲကောင်တွေ ယူယူလာတတ်လို့ပဲ။ ရေဗက္ကကျတော့ ယာကုပ်ကိုပိုချစ်တယ်။ ယာကုပ်က မောင်လူအေး၊ မောင်ငြိမ်းချမ်းလေး ဖြစ်လို့ပဲကွဲ့။

သူတို့ဘိုးဘိုးအာဗြဟံလည်း အသက်ရှင်တုန်းပဲ။ ဒီတော့ ဘိုးဘိုးအာဗြဟံ ယေဟောဝါအကြောင်း ပြောပြတာကို ယာကုပ်က ဘယ်လောက်သဘောကျပြီး နားထောင်နေမယ်ဆိုတာ တို့တွေးကြည့်နိုင်တယ်။ အာဗြဟံဟာ နောက်ဆုံးအသက် ၁၇၅ နှစ်မှာ သေသွားရှာတယ်။ အဲဒီအချိန်မှာ အမြွှာညီနောင်ဟာ အသက် ၁၅ နှစ်ရှိနေကြပြီ။

ဧသောအသက် ၄၀ ရှိတဲ့အခါ ခါနာန်ပြည်ကမိန်းမနှစ်ယောက်ကို ယူလိုက်တယ်။ ဒီအတွက် ဣဇာက်နဲ့ရေဗက္က တော်တော့်ကိုစိတ်ဆင်းရဲကြရတယ်။ အဲဒီမိန်းမတွေ ယေဟောဝါကိုမှ မကိုးကွယ်ကြဘဲကိုး။

တစ်နေ့ကျတော့ ဧသော သူ့ညီအပေါ် အကြီးအကျယ် စိတ်ဆိုးစရာအဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာတယ်။ ဣဇာက်က သားအကြီးကို ကောင်းချီးပေးမယ့်အချိန် ရောက်လာတယ်လေ။ ဧသောက ယာကုပ်ထက်ကြီးတော့ကာ အဲဒီကောင်းချီးကိုရဖို့ မျှော်လင့်တာပေါ့။ ဒါပေမဲ့ ဧသောဟာ ကောင်းချီးခံယူခွင့်ကို စောစောပိုင်းက ယာကုပ်ဆီမှာ ရောင်းစားလိုက်ပြီးသားဖြစ်တယ်။ ပြီးတော့ ဒီယောက်ျားကလေးနှစ်ယောက်မွေးတုန်းက ကောင်းချီးကို ယာကုပ်ရမယ်ဆိုပြီး ဘုရားသခင်က ပြောထားပြီးသားလည်းဖြစ်တယ်။ အဲဒီလိုပဲ ဖြစ်လာတယ်။ ဣဇာက်က သားယာကုပ်ကို ကောင်းချီးပေးလိုက်တယ်။

နောက်ပိုင်း ဧသော ဒီအကြောင်းကိုသိတဲ့အခါ ယာကုပ်ကိုဒေါပွတယ်။ ယာကုပ်ကိုသတ်ပစ်မှ အခဲကျေမယ်လို့ဆိုတဲ့အထိ ဒေါသထွက်ခဲ့တယ်။ ဒါကို ရေဗက္ကကြားတော့ အရမ်းစိတ်ပူတာပေါ့။ ဒါကြောင့် သူ့ယောက်ျားဣဇာက်ကိုပြောတယ်။ ‘ယာကုပ်လည်း ခါနာန်ပြည်ကအမျိုးသမီးကိုယူရင် ခက်ရချေရဲ့’ ဆိုပြီးတော့ပေါ့။

ဒါနဲ့ ဣဇာက်က သားယာကုပ်ကိုခေါ်ပြီး ‘ခါနာန်အမျိုးသမီးကို မယူနဲ့။ ခါရန်မြို့က မင်းဘိုးဘိုးဗေသွေလအိမ်ကိုသွားပြီး သူ့သားလာဗန်ရဲ့ သမီးတစ်ယောက်ယောက်ကို ယူချေ’ ဆိုပြီးပြောတယ်။

ယာကုပ်လည်း  သူ့ဖေဖေစကားကိုနားထောင်ပြီး ချက်ချင်းပဲ သူ့အမျိုးရှိတဲ့နေရာ ခါရန်မြို့ကို ခရီးဝေးနှင်တော့တာပဲ