မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၈

ယာကုပ် ခါရန်ကိုသွားတဲ့အကြောင်း

ယာကုပ် ခါရန်ကိုသွားတဲ့အကြောင်း

ယာကုပ်စကားပြောနေတဲ့ ဒီလူတွေ ဘယ်သူတွေလဲသိလား။ ရက်တော်တော်များများ ခရီးသွားပြီးနောက်၊ ရေတွင်းတစ်တွင်းနားမှာ သူတို့နဲ့ယာကုပ်တွေ့လိုက်တယ်။ သူတို့က သိုးတွေထိန်းနေကြတယ်လေ။ ယာကုပ်က ‘ခင်ဗျားတို့ ဘယ်ကလဲ’ လို့မေးတယ်။

‘ခါရန်မြို့ကပါ’ ဆိုပြီး သူတို့ဖြေကြတယ်။

‘လာဗန်ကိုသိကြရဲ့လား’ ဆိုပြီး ယာကုပ်ကမေးတော့၊

‘သိပါတယ်’ ဆိုပြီး ပြန်ဖြေကြတယ်။ ‘ဟိုမှာကြည့်၊ သူ့သမီးရာခေလ သူ့သိုးတွေနဲ့ လာနေတယ်’ တဲ့။ ခပ်လှမ်းလှမ်းက ရာခေလလာနေတာ မင်းတို့တွေ့လား။

ယာကုပ်က သူ့ဦးရီးလာဗန်ရဲ့သိုးတွေနဲ့ လာနေတဲ့ ရာခေလကိုမြင်တော့ ရေတွင်းပေါ်ကကျောက်ကို လှိမ့်ဖွင့်လိုက်တယ်။ သိုးတွေ ရေသောက်နိုင်အောင်ပေါ့။ အဲဒီနောက် ယာကုပ်က ရာခေလကိုနမ်းလိုက်ပြီးတော့ သူဘယ်သူလဲဆိုတာကို ပြောပြတယ်။ ရာခေလက ဝမ်းသာလွန်းအားကြီးစွာနဲ့ အိမ်ပြန်ပြီး သူ့ဖေဖေလာဗန်ကို အကြောင်းစုံပြောပြတယ်။

ယာကုပ် သူ့အိမ်မှာ နေမယ်ဆိုတော့ လာဗန်က သိပ်ဝမ်းသာတာပေါ့။ ယာကုပ်က ရာခေလကိုတောင်းတဲ့အခါမှာလည်း လာဗန်က ဝမ်းသာတယ်။ ဒါပေမဲ့ ရာခေလကိုရဖို့ သူ့လယ်မှာ ခုနစ်နှစ်အလုပ်လုပ်ဖို့ ပြောတယ်။ ယာကုပ်ကလည်း ရာခေလကိုသိပ်ချစ်တော့ကာ လုပ်တာပေါ့။ ဒါပေမဲ့ လက်ထပ်တဲ့နေ့ရောက်တဲ့အခါ ဘာဖြစ်သွားလဲသိလား။

လာဗန်က ယာကုပ်ကို ရာခေလပေးမယ့်အစား၊ သမီးကြီးလေအာကိုပေးတယ်။ ယာကုပ်က လာဗန်အတွက် နောက်ခုနစ်နှစ် အလုပ်လုပ်ဖို့ သဘောတူတဲ့အခါ လာဗန်က ရာခေလနဲ့လည်း ပေးစားလိုက်တယ်။ အဲဒီအချိန်တုန်းက မိန်းမတစ်ယောက်ထက်မကယူတာကို ဘုရားသခင်ခွင့်ပြုထားတယ်။ ဒါပေမဲ့ အခုတော့၊ ကျမ်းစာမှာပြောတဲ့အတိုင်း ယောက်ျားတစ်ယောက်မှာ မိန်းမတစ်ယောက်ပဲရှိရမယ်။