မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၂၁

ယောသပ်ကို သူ့အစ်ကိုတွေ မုန်းတဲ့အကြောင်း

ယောသပ်ကို သူ့အစ်ကိုတွေ မုန်းတဲ့အကြောင်း

သူငယ်လေးကို ကြည့်လိုက်စမ်း။ သူသိပ်ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတယ်။ သူဟာ ယောသပ်ပဲပေါ့။ သူ့အစ်ကိုတွေက သူ့ကိုအီဂျစ်ပြည်သွားနေတဲ့ လူတွေလက်ထဲ အခုလေးတင်ပဲ ရောင်းစားလိုက်တယ်လေ။ အီဂျစ်ပြည်ရောက်ရင် ယောသပ်လေးခမျာ သူများကျွန်ဖြစ်ရတော့မှာ။ သူ့အစ်ကိုတွေ ဘာဖြစ်လို့ ဒီလောက်ဆိုးတဲ့အလုပ်မျိုး လုပ်ရတာလဲ။ ယောသပ်ကို သူတို့မနာလိုလို့ပေါ့။

သူတို့ဖေဖေ ယာကုပ်ဟာ ယောသပ်ကိုသိပ်ချစ်တာ။ သူ့ကိုမျက်နှာသာပေးတဲ့ အနေနဲ့ သူ့အတွက် သိပ်လှတဲ့အင်္ကျီအရှည်တစ်ထည် ချုပ်ပေးတယ်။ အစ်ကို ၁၀ ယောက်က ယောသပ်ကို ယာကုပ်ဒီလောက်ချစ်တာကိုတွေ့တော့ ယောသပ်အပေါ်မှာ မနာလိုတဲ့စိတ်၊ မုန်းတီးတဲ့စိတ်တွေ ဖြစ်လာတာပေါ့။ သူ့ကိုမုန်းကြတာ တခြားအကြောင်းတစ်ခု ရှိသေးတယ်။

ယောသပ် အိပ်မက်နှစ်ခုမက်တယ်။ အိပ်မက်နှစ်ခုစလုံးထဲမှာ သူ့အစ်ကိုတွေက သူ့ကိုဦးညွှတ်တဲ့အကြောင်းပါတယ်။ ယောသပ်က သူ့အစ်ကိုတွေကို ဒီအိပ်မက်နှစ်ခုအကြောင်း ပြောပြတဲ့အခါ သူတို့သူ့ကိုပိုလို့တောင် မုန်းလာတာပေါ့။

တစ်ရက်ကျတော့၊ ယောသပ်အစ်ကိုတွေက သူတို့ဖေဖေယာကုပ်ရဲ့သိုးတွေကို ကျောင်းနေတဲ့အခါ ယာကုပ်က သူတို့ဘယ်လိုနေကြသလဲ ဆိုတာသိအောင် ယောသပ်ကိုသွားကြည့်ခိုင်းတယ်။ ယောသပ်အစ်ကိုတွေက ယောသပ်လာတာကိုမြင်တော့၊ သူတို့ထဲကတချို့က ‘သူ့ကိုသတ်ပစ်ရအောင်’ ဆိုပြီးပြောတယ်။ ဒါပေမဲ့ အစ်ကိုအကြီးဆုံး၊ ရုဗင်က ‘မင်းတို့ဒီလိုမလုပ်ကြနဲ့’ ဆိုပြီးတားတယ်။ ဒါနဲ့ယောသပ်လေးကိုဖမ်းပြီး ရေမရှိတဲ့ရေတွင်းထဲ ပစ်ထားလိုက်တယ်။ အဲဒီနောက် သူ့ကိုဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ထိုင်ပြီးတိုင်ပင်ကြတယ်လေ။

အဲဒီအချိန်မှာပဲ ဣရှမေလလူမျိုးတွေ လာနေကြတယ်။ ဒါနဲ့ ယုဒက သူ့အဖေတူအမေကွဲ ညီအစ်ကိုတွေကိုပြောတယ်။ ‘သူ့ကိုဣရှမေလလူတွေလက်ထဲ ရောင်းလိုက်ရအောင်’ တဲ့။ သူပြောတဲ့အတိုင်း ယောသပ်ကိုငွေနှစ်ဆယ်နဲ့ ရောင်းစားလိုက်ကြရောကွယ်။ သိပ်ကို ယုတ်မာရက်စက်တယ်နော်။

သူ့အစ်ကိုတွေက သူတို့ဖေဖေကို ဘယ်လိုပြန်ပြောကြမလဲ။ သူတို့က ဆိတ်တစ်ကောင်သတ်ပြီး ယောသပ်လေးရဲ့အင်္ကျီလှလှလေးကို ဆိတ်သွေးထဲထပ်ခါထပ်ခါ နှစ်လိုက်တယ်။ ပြီးတော့ ဖေဖေယာကုပ်ဆီကိုယူလာပြီး ‘သားတို့ ဒါကိုတွေ့တယ်။ ကြည့်ပါဦးဖေဖေ၊ ယောသပ်အင်္ကျီ ဟုတ်မဟုတ်ကြည့်ပါဦး’ ဆိုပြီးပြောတယ်။

ယောသပ်အင်္ကျီမှန်း ယာကုပ်သိတာပေါ့။ ‘ယောသပ်ကို သားရဲတစ်ကောင်ကိုက်သတ်လိုက်ပြီ’ ဆိုပြီးငိုပါလေရော။ ယောသပ်အစ်ကိုတွေ သူတို့ဖေဖေ အဲဒီလိုထင်အောင်ကို သူတို့က တမင်ဖန်တီးလိုက်တာသိလား။ ယာကုပ်ဟာ ရက်ပေါင်း မနည်းဘူး ငိုရှာတယ်။ တကယ်တမ်းကျတော့ ယောသပ်မသေဘူး။ သူရောက်သွားတဲ့နေရာမှာ သူဘာဖြစ်လာတယ်ဆိုတာကို တို့ကြည့်ရအောင်။