မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၂၅

မိသားတစ်စု အီဂျစ်ပြည်သို့ပြောင်းသွားတဲ့အကြောင်း

မိသားတစ်စု အီဂျစ်ပြည်သို့ပြောင်းသွားတဲ့အကြောင်း

ယောသပ်ဟာ သူ့ခံစားချက်ကို ကြာကြာမျိုသိပ်ထားလို့ မရတော့ဘူးလေ။ ဒါနဲ့ သူ့ကျွန်တွေအားလုံးကို အခန်းထဲကထွက်သွားဖို့ အမိန့်ပေးလိုက်တယ်။ သူနဲ့ သူ့အစ်ကိုတွေပဲကျန်တော့တဲ့အခါ ယောသပ်ငိုတော့တာပဲ။ သူ့အစ်ကိုတွေဘယ်လောက် အံ့သြကြမလဲဆိုတာ စဉ်းစားကြည့်နိုင်တယ်။ သူဘာလို့ငိုမှန်း မသိကြပဲကိုး။ နောက်ဆုံးကျတော့ သူက ‘ငါဟာ ယောသပ်ပါ။ ငါ့အဖေ အသက်ရှင်နေသေးလား’ ဆိုပြီးပြောလိုက်တယ်။

သူ့အစ်ကိုတွေ အံ့သြလွန်းမက အံ့ဩပြီး စကားမပြောနိုင်အောင် ဖြစ်သွားကြတယ်။ ကြောက်လိုက်တဲ့ ဖြစ်ခြင်း။ ဒါပေမဲ့ ‘ယောသပ်က ငါ့အနားလာခဲ့ကြပါ’ ဆိုပြီးပြောတယ်။ သူတို့ သူ့အနားရောက်လာတဲ့အခါ ‘ငါဟာ မင်းတို့ အီဂျစ်ပြည်ကိုရောင်းလိုက်တဲ့ မင်းတို့ရဲ့ညီ ယောသပ်ပါ’ ဆိုပြီးပြောတယ်။

ယောသပ်က ဆက်ပြီးကြင်ကြင်နာနာနဲ့ပဲ ပြောပြန်တယ်။ ‘ငါ့ကို မင်းတို့ဒီကိုရောင်းလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကိုအပြစ်မတင်ကြပါနဲ့။ လူတွေရဲ့အသက်ကိုကယ်တင်ဖို့ ဘုရားသခင်က ငါ့ကိုအီဂျစ်ပြည်ကို ခုလိုလွှတ်လိုက်တာပါ။ ဖာရောဟာ ငါ့ကိုဒီနိုင်ငံရဲ့မင်းအဖြစ် မြှောက်စားထားတယ်။ ဒါကြောင့် ငါ့ဖေဖေဆီ အမြန်ပြန်သွားပြီး ဒီအကြောင်းကိုပြောပြပါ။ ဒီမှာလာနေပါ’ ဆိုပြီးပြောလိုက်တယ်။

အဲဒီနောက် ယောသပ်က သူ့အစ်ကိုတွေကိုဖက်ပြီး နမ်းပါလေရော။ ဖာရောက ယောသပ်အစ်ကိုတွေရောက်လာပြီဆိုတဲ့ သတင်းကိုကြားတဲ့အခါ ယောသပ်ကိုပြောတယ်။ ‘သူတို့ကို လှည်းတွေယူသွားခိုင်း၊ သူတို့ဖေဖေနဲ့ သူတို့မိသားစုကိုခေါ်ပြီး ဒီကိုလာခဲ့ခိုင်း။ အီဂျစ်တစ်ပြည်လုံးမှာ အကောင်းဆုံးနေရာကို သူတို့ကိုငါပေးမယ်’ တဲ့။

ဖာရောပြောတဲ့အတိုင်းပဲ သူတို့ခေါ်လာကြတယ်။ အိမ်ထောင်တစ်ခုလုံးနဲ့ အီဂျစ်ပြည်မှာလာနေဖို့ရောက်လာတဲ့သူ့ဖေဖေနဲ့ ယောသပ်တွေ့ဆုံနေတာကို ဒီပုံမှာတွေ့နိုင်တယ်ကွဲ့။

ယာကုပ်ရဲ့အိမ်ထောင်စုဟာ သိပ်ကိုကြီးလာတယ်။ အီဂျစ်ပြည်ကိုပြောင်းလာတုန်းက ယာကုပ်နဲ့သူ့သားသမီး၊ မြေးတွေအပါအဝင် အားလုံးပေါင်း ၇၀ ရှိတယ်။ သူတို့ရဲ့မိန်းမတွေလည်း ပါတာပေါ့။ ကျွန်တွေလည်း အများကြီးပါမှာပဲ။ သူတို့အားလုံး အီဂျစ်ပြည်မှာ အခြေချကြတယ်။ သူတို့ကို ဣသရေလလို့ခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ယာကုပ်ရဲ့နာမည်ကို ဣသရေလလို့ပြောင်းလိုက်လို့ပဲ။ ဣသရေလလူတွေဟာ ဘုရားသခင်အတွက် ထူးမြတ်တဲ့လူမျိုးဖြစ်လာတယ်။ အဲဒီအကြောင်း နောက်ပိုင်းမှာတွေ့ရမယ်။