မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၂၈

နို့စို့ကလေးမောရှေ ဘယ်လိုအသက်ချမ်းသာရခဲ့တဲ့ အကြောင်း

နို့စို့ကလေးမောရှေ ဘယ်လိုအသက်ချမ်းသာရခဲ့တဲ့ အကြောင်း

နို့စို့ကလေးလေး ငိုနေတာကြည့်လိုက်စမ်း။ ဟိုအမျိုးသမီးရဲ့ လက်ညှိုးကိုလည်း ကိုင်ထားသေးတယ်။ ဒီကလေးလေးက မောရှေပဲပေါ့။ ဒီမိန်းမလှကကော ဘယ်သူလဲသိလား။ အီဂျစ်ပြည်ကမင်းသမီး၊ ဖာရောရဲ့ သမီးတော်ပဲ။

မောရှေမေမေက မောရှေကိုသုံးလအရွယ်အထိ ဝှက်ထားခဲ့တယ်။ အီဂျစ်လူတွေ လာသတ်သွားမှာကို စိုးလို့ပေါ့။ ဒါပေမဲ့ မောရှေကိုတစ်နေ့မဟုတ်တစ်နေ့ တွေ့မှာပဲဆိုတာသိလို့ သူ့ကိုအသတ်မခံရအောင် လုပ်ခဲ့တာက ဒီလိုလေ။

ဖာတစ်လုံးကိုယူပြီး ရေမဝင်အောင်လုပ်လိုက်တယ်။ ပြီးတော့ မောရှေလေးကိုဖာထဲထည့်လိုက်တယ်။ နောက်ပြီး ဖာလေးကိုနိုင်းလ်မြစ်ရဲ့ မြက်ပင်ရှည်ရှည်တွေကြားထဲမှာ ထားလိုက်တယ်။ မောရှေအစ်မ မိရိအံကို အဲဒီမှာစောင့်ကြည့်ခိုင်းတယ်။ ဘာဖြစ်မလဲ သိရအောင်ပေါ့။

မကြာခင်မှာပဲ ဖာရောရဲ့သမီးတော်က ရေချိုးဖို့နိုင်းလ်မြစ်ထဲဆင်းလာတယ်။ မမျှော်လင့်ဘဲ မြက်ပင်ရှည်ထဲမှာ ဖာလေးကိုတွေ့သွားတယ်။ ဒါနဲ့ သူ့ကျွန်မတစ်ယောက်ကိုခေါ်ပြီး ‘အဲဒီဖာသွားယူချေ’ ဆိုပြီးခိုင်းလိုက်တယ်။ မင်းသမီးလေးက ဖာလေးကိုဖွင့်လိုက်တဲ့အခါ၊ အမလေး၊ လှလိုက်တဲ့ကလေးလေး။ မောရှေလေးက ငိုနေရှာတယ်။ မင်းသမီးက သနားသွားတယ်။ သူ့ကိုမသတ်ရက်ဘူး။

အဲဒီအခါ မိရိအံက အနားနားကိုလာတယ်။ သူ့ကို ရုပ်ပုံထဲမှာတွေ့နိုင်တယ်။ မိရိအံက ဖာရောသမီးတော်ကိုမေးတယ်။ ‘သခင်မအတွက် ကလေးထိန်းပေးဖို့ ဣသရေလအမျိုးသမီးတစ်ယောက်ကို ကျွန်မခေါ်လာပေးရမလား’ ဆိုပြီးတော့လေ။

‘အေး၊ ကျေးဇူးပြုပြီးသွားခေါ်ပေးပါ’ လို့ မင်းသမီးကပြောတယ်။

ဒါနဲ့ မိရိအံက သုတ်ခြေတင်ပြီး သူ့မေမေကိုသွားပြောတာပေါ့။ မောရှေမေမေအနားနားရောက်လာတဲ့အခါ မင်းသမီးက ‘ဒီကလေးကိုယူပြီး ကျွန်မအတွက်ထိန်းပေးပါ။ ကျွန်မရှင့်ကိုထိန်းခပေးမယ်’ ဆိုပြီးပြောတယ်။

ဒါနဲ့ မောရှေမေမေဟာ သူ့ရင်သွေးလေးကို ပြုစုရတာပေါ့။ မောရှေကြီးလာတဲ့အခါ သူ့မေမေကသူ့ကို ဖာရောရဲ့သမီးတော်ဆီခေါ်သွားတယ်။ မင်းသမီးကလည်း သူ့သားလိုမောရှေကို မွေးစားလိုက်တာပေါ့။ ဒီနည်းနဲ့ပဲ မောရှေဟာ ဖာရောရဲ့နန်းတော်မှာ ကြီးပြင်းလာတယ်လေ။