မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၃၁

မောရှေနဲ့အာရုန် ဖာရောကိုသွားတွေ့တဲ့အကြောင်း

မောရှေနဲ့အာရုန် ဖာရောကိုသွားတွေ့တဲ့အကြောင်း

မောရှေအီဂျစ်ပြည်ကို ပြန်ရောက်သွားတဲ့အခါ သူတွေ့ခဲ့တဲ့အံ့သြစရာတွေအကုန်လုံး သူ့အစ်ကိုအာရုန်ကို ပြန်ပြောပြတယ်။ မောရှေနဲ့အာရုန်က အဲဒီအံ့သြစရာတွေကို ဣသရေလလူတွေရှေ့ ပြကြတဲ့အခါ သူတို့နောက်မှာယေဟောဝါရှိတယ်ဆိုတာကို လူတွေယုံကြည်လာကြတယ်။

ဒီနောက်မောရှေနဲ့အာရုန်က ဖာရောဆီသွားကြတယ်။ ‘“ငါ့လူတွေတောထဲမှာ ငါ့ကိုကိုးကွယ်နိုင်အောင် သုံးရက်လွှတ်ပါ” ဆိုပြီး ဣသရေလလူတို့ရဲ့ ဘုရားသခင်ယေဟောဝါက မိန့်တော်မူတယ်’ လို့ဖာရောကိုပြောတယ်။ ဒါပေမဲ့ ဖာရောက ‘ယေဟောဝါကို ငါမယုံဘူး။ ဣသရေလလူတွေကိုလည်း မလွှတ်နိုင်ဘူး’ လို့ ပြန်ပြောတယ်။

လူတွေက ယေဟောဝါကိုကိုးကွယ်ဖို့ အလုပ်ကနားချင်ကြတယ်ဆိုတော့ ဖာရောကစိတ်ဆိုးတာပေါ့။ ဒါကြောင့် ပိုပြီးပင်ပင်ပန်းပန်း လုပ်ခိုင်းတယ်။ ဣသရေလလူတွေက ငါတို့ခုလိုခံရတာ မင်းကြောင့်ဆိုပြီး မောရှေကိုအပြစ်တင်ကြတော့တာပဲ။ မောရှေခမျာ တော်တော့်ကိုစိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ ယေဟောဝါက သူ့ကိုစိတ်မပူဖို့ပြောတယ်။ ‘ငါ့လူတွေမလွှတ်လွှတ်အောင် ဖာရောကိုငါလုပ်မယ်’ ဆိုပြီး ယေဟောဝါပြောတယ်။

ဒါနဲ့မောရှေနဲ့အာရုန်က ဖာရောကို နောက်တစ်ကြိမ်သွားတွေ့ပြန်တယ်။ ဒီတစ်ချီတော့၊ သူတို့တန်ခိုးပြတယ်။ အာရုန်က သူ့လှံတံကိုအောက်ကိုပစ်ချလိုက်တယ်။ အဲဒီအခါ လှံတံကမြွေကြီးဖြစ်သွားတယ်။ ဒါပေမဲ့ ဖာရောရဲ့ပညာရှိတွေကလည်း သူတို့ရဲ့လှံတံတွေကို မြေကြီးပေါ်ပစ်ချကြတဲ့အခါ မြွေတွေပေါ်လာတယ်။ ဒါပေမဲ့ ကြည့်လိုက်စမ်း။ အာရုန်ရဲ့မြွေကြီးက ပညာရှိတွေရဲ့မြွေတွေကို မျိုနေတယ်။ ဒါတောင်မှ ဖာရောက ဣသရေလလူတွေကို မလွှတ်သေးဘူး။

ဒါကြောင့်ဖာရောကို ယေဟောဝါ သင်ခန်းစာပေးရမယ့်အချိန် ရောက်လာတယ်။ ယေဟောဝါ ဘယ်လိုလုပ်သလဲသိလား။ အီဂျစ်ပြည်ပေါ်မှာ ကပ်ကြီး ၁၀ ပါး၊ ဒါမှမဟုတ် ဒုက္ခကြီး ၁၀ ခုကျရောက်စေခဲ့တယ်။

ကပ်ဘေးအများကြီးဖြစ်ပြီးတဲ့နောက်မှာ ဖာရောကမောရှေကိုခေါ်ခိုင်းပြီး ‘ကပ်ဘေးကိုရပ်ပေးပါ။ ဣသရေလလူတွေကို ငါလွှတ်မယ်’ ဆိုပြီးမောရှေကိုပြောတယ်။ ဒါပေမဲ့ ကပ်ဘေးလည်းရပ်ရော ဖာရောစိတ်လည်းပြောင်းသွားတာပဲ။ လူတွေကို မလွှတ်ဘဲနေပြန်တယ်။ ဒါပေမဲ့ ဆယ်ခုမြောက်ကပ်ဘေးပြီးတဲ့နောက်တော့ ဣသရေလလူတွေကို ဖာရောလွှတ်လိုက်ရတယ်။

ကပ်ဘေး ၁၀ ပါးဟာ ဘာတွေလဲသိလား။ နောက်တစ်မျက်နှာကိုလှန်လိုက်။ တို့ကြည့်ရအောင်။