မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၃၈

သူလျှို ၁၂ ယောက်အကြောင်း

သူလျှို ၁၂ ယောက်အကြောင်း

ဒီလူတွေထမ်းလာတဲ့ အသီးတွေကို ကြည့်လိုက်စမ်း။ စပျစ်ခိုင်ဘယ်လောက်ကြီးသလဲ ကြည့်လိုက်စမ်း။ လူနှစ်ယောက်တောင်တုတ်နဲ့လျှိုပြီး ထမ်းလာရတယ်။ သင်္ဘောသဖန်းသီးနဲ့ သလဲသီးကိုလည်း ကြည့်စမ်းပါဦး။ ဒီလောက်လှတဲ့အသီးတွေ ဘယ်ကရလာတာတုန်း။ ခါနာန်ပြည်ကပေါ့။ ခါနာန်ပြည်ဆိုတာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ တစ်ချိန်ကနေခဲ့တဲ့ ပြည်ဆိုတာမှတ်မိလား။ ဒါပေမဲ့ အဲဒီမှာ အစာခေါင်းပါးတဲ့အတွက် ယာကုပ်ဟာ သူ့အိမ်ထောင်နဲ့အတူအီဂျစ်ပြည်သို့ ပြောင်းရွှေ့ခဲ့တယ်လေ။ နှစ်ပေါင်း ၂၁၆ နှစ်ကြာပြီးနောက် မောရှေကဣသရေလလူတွေကို ခါနာန်ပြည်ကိုပြန်ခေါ်သွားတယ်။ ဣသရေလလူတွေလည်း ကာဒေရှဆိုတဲ့ တောထဲတစ်နေရာကို ရောက်နေကြပြီ။

ခါနာန်ပြည်မှာ လူဆိုးတွေနေနေကြတယ်။ ဒါကြောင့် မောရှေကသူလျှို ၁၂ ယောက်ကိုစေလွှတ်လိုက်တယ်။ ပြီးတော့အဲဒီမှာ လူဘယ်နှစ်ယောက်နေတယ်၊ သူတို့ဘယ်လောက်အားရှိတယ် ဆိုတာစုံစမ်းချေ။ စိုက်ပျိုးဖို့မြေသြဇာကောင်းမကောင်း စူးစမ်းခဲ့ကြ။ ပြန်လာတဲ့အခါ အသီးတချို့ယူခဲ့ဖို့လည်းမမေ့နဲ့ဆိုပြီး မှာလိုက်တယ်။

သူလျှိုတွေဟာ ကာဒေရှကိုပြန်ရောက်တဲ့အခါ မောရှေကိုပြောပြတယ်။ ‘တကယ်ကောင်းတဲ့တိုင်းပြည်ပဲ’ တဲ့။ သက်သေအနေနဲ့ မောရှေကိုအသီးတချို့ပြကြတယ်။ ဒါပေမဲ့သူလျှို ၁၀ ယောက်က ‘အဲဒီမှာနေတဲ့လူတွေဟာ လူကောင်ကြီးတယ်၊ ဗလတောင့်တယ်။ အဲဒီပြည်ကို သိမ်းဖို့ကြိုးစားရင် တို့သေကုန်ကြမယ်’ ဆိုပြီးပြောကြတယ်။

ဒါကိုဣသရေလလူတွေကြားတော့ ကြောက်ကြတော့တာပဲ။ ‘အီဂျစ်ပြည်မှာဖြစ်ဖြစ်၊ ဒီမှာပဲဖြစ်ဖြစ် သေလိုက်တာတောင်ကောင်းဦးမယ်။ စစ်ပွဲမှာတို့သေကုန်မှာပဲ။ တို့သားမယားတွေလည်းအဖမ်းခံရမှာပဲ။ မောရှေနေရာမှာ တခြားခေါင်းဆောင်တစ်ယောက်ကိုရွေးပြီး အီဂျစ်ပြည်ကိုပြန်ကြစို့’ ဆိုပြီးပြောကြတယ်။

ဒါပေမဲ့ သူလျှိုနှစ်ယောက်ကျတော့ ယေဟောဝါကိုယုံကြည်ကိုးစားကြတယ်။ လူတွေကိုငြိမ်အောင်လုပ်ကြတယ်။ သူတို့နာမည်ကတော့ ယောရှုနဲ့ကာလက်တဲ့။ ‘မကြောက်ကြနဲ့၊ ယေဟောဝါ ငါတို့နဲ့အတူရှိတယ်။ ပြည်ကိုလွယ်လွယ်လေးနဲ့သိမ်းနိုင်မယ်’ ဆိုပြီးပြောကြတယ်။ ဒါပေမဲ့ လူတွေကနားမထောင်ကြဘူး။ ယောရှုနဲ့ကာလက်ကို သတ်ချင်တဲ့အထိတောင်ဖြစ်လာကြတယ်။

ဒါကြောင့် ယေဟောဝါအကြီးအကျယ်စိတ်ဆိုးပြီး ‘အသက် ၂၀ အထက်၊ ဘယ်သူမှခါနာန်ပြည်ကို မဝင်ရဘူး။ အီဂျစ်ပြည်နဲ့တောမှာ ငါပြခဲ့တဲ့တန်ခိုးကို သူတို့မြင်ခဲ့ရက်သားနဲ့ ခုထိ ငါ့ကိုမယုံကြသေးဘူး။ ဒါကြောင့် နောက်ဆုံးတစ်ယောက်မကျန်သေတဲ့အထိ တောထဲမှာအနှစ် ၄၀ လည်နေရမယ်။ ယောရှုနဲ့ကာလက်ပဲ ခါနာန်ပြည်ကိုဝင်ရမယ်’ ဆိုပြီး မောရှေကိုပြောတယ်။