မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၄၇

ဣသရေလလူမျိုးထဲက သူခိုးတစ်ယောက်အကြောင်း

ဣသရေလလူမျိုးထဲက သူခိုးတစ်ယောက်အကြောင်း

ဒီလူ သူ့တဲထဲမှာ ဘာကိုမြေမြှုပ်နေသလဲ ကြည့်လိုက်စမ်း။ ဝတ်ရုံလှလှလေးတစ်ထည်၊ ရွှေချောင်းတစ်ချောင်း၊ ငွေဒ င်္ဂါးပြားတချို့ပေါ့။ ဒါတွေကိုယေရိခေါမြို့က ရခဲ့တာလေ။ တကယ်ဆိုလို့ရှိရင် ယေရိခေါမြို့က ပစ္စည်းဥစ္စာတွေကို ဘယ်လိုလုပ်ရမလဲ။ မှတ်မိသလား။

ဖျက်ဆီးပစ်ဖို့ပဲ။ ရွှေတို့ငွေတို့ဆိုရင်လည်း ယေဟောဝါတဲတော်ဘဏ္ဍာထဲ ထည့်ရမယ့်ဟာပဲ။ ဒီတော့ကာ ဒီလူတွေဟာဘုရားသခင်စကားကို လွန်ဆန်နေကြတာပဲ။ ဘုရားသခင်ပိုင်တဲ့ ပစ္စည်းကိုခိုးနေတာပဲ။ ဒီလူ့နာမည်က အာခန်တဲ့။ သူ့အနားကလူတွေကတော့ သူ့အိမ်သားတွေပေါ့။ နောက်ဘာဖြစ်သလဲ ကြည့်ရအောင်။

ဒါတွေကိုအာခန်ခိုးပြီးတဲ့နောက် ယောရှုကလူတချို့ကိုလွှတ်ပြီး အာဣမြို့ကိုတိုက်ခိုက်ခိုင်းလိုက်တယ်။ ဒါပေမဲ့ စစ်ရေးနိမ့်ခဲ့ကြတယ်။ တချို့ကျဆုံးသွားကြတယ်။ ကျန်တဲ့လူတွေကျတော့ ထွက်ပြေးလာခဲ့ရတယ်။ ယောရှု အကြီးအကျယ်ဝမ်းနည်းလို့ မျက်နှာကိုမြေကြီးမှာအပ်ပြီး ယေဟောဝါဆီမှာဆုတောင်းတယ်။ ‘ကိုယ်တော်ဟာဘာကြောင့် ကျွန်တော်မျိုးတို့ကို ဒီလိုဖြစ်စေရတာလဲ’ ဆိုပြီးတော့ပေါ့။

ယေဟောဝါက ‘ထပါ၊ ဣသရေလလူတွေ ငါ့ကိုပြစ်မှားခဲ့ပြီ။ ဖျက်ဆီးရမည့်ဥစ္စာ၊ ယေဟောဝါတဲတော်အတွက် ပေးဆက်ရမည့်ဥစ္စာတချို့ကို သူတို့ယူခဲ့ကြပြီ။ လှပတဲ့ဝတ်ရုံတစ်ထည်ကိုခိုးပြီး ဝှက်ထားလိုက်တယ်။ ဒါတွေနဲ့ ဒါတွေကိုယူတဲ့လူကို မင်းမဖျက်ဆီးမချင်း ငါ မင်းတို့ကိုကောင်းချီးမပေးနိုင်ဘူး’ ဆိုပြီးပြောတယ်။ ပြီးတော့ မကောင်းတဲ့လူ ဘယ်သူဆိုတာ ယောရှုကိုပြမယ်ဆိုပြီးတော့လည်းပြောတယ်။

ဒါနဲ့ယောရှုက လူအားလုံးကိုစုဝေးလိုက်တယ်။ ယေဟောဝါကလည်း မကောင်းတဲ့လူအာခန်ကိုထုတ်ပြတယ်။ အာခန်က ‘ကျွန်တော်ပြစ်မှားပါပြီ။ သိပ်လှတဲ့ဝတ်ရုံတစ်ထည်၊ ရွှေချောင်းတစ်ချောင်း၊ ငွေပြားတချို့မြင်ခဲ့တယ်။ ကျွန်တော်ဒါတွေကို သိပ်လိုချင်လွန်းလို့ ယူလိုက်မိတာပါ။ ကျွန်တော့်တဲထဲမှာ မြေမြှုပ်ထားတာတွေ့နိုင်ပါတယ်’ ဆိုပြီးပြောတယ်။

ဒါတွေကိုရှာတွေ့လို့ ယောရှုဆီကိုယူလာကြတဲ့အခါ ယောရှုက အာခန်ကိုပြောတယ်။ ‘ငါတို့အပေါ်မှာ ဒီဒုက္ခတွေဖြစ်အောင် ဘာကြောင့်ခင်ဗျားလုပ်ရတာလဲ။ အခုယေဟောဝါဟာ မင်းအပေါ်မှာဒုက္ခရောက်စေပါလိမ့်မယ်’ ပေါ့။ ဒါနဲ့လူအားလုံး အာခန်နဲ့သူ့မိသားစုကို ခဲနဲ့ပေါက်သတ်လိုက်တယ်။ ကျွန်တော်တို့မပိုင်တဲ့ပစ္စည်းကို ဘယ်တော့မှမယူရဘူးဆိုတာကို ပြမနေဘူးလား။

အဲဒီနောက် ဣသရေလလူတွေ အာဣမြို့ကို နောက်တစ်ချီပြန်သွားတိုက်တော့ ယေဟောဝါဟာသူ့လူမျိုးကို ကူညီခဲ့တယ်။ ဒါကြောင့် စစ်အောင်ခဲ့ကြတယ်။