မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၄၉

နေ ရပ်သွားတဲ့အကြောင်း

နေ ရပ်သွားတဲ့အကြောင်း

ယောရှုကို ကြည့်လိုက်စမ်း။ ‘နေမင်းကြီး၊ ရပ်ပါ’ ဆိုပြီးပြောနေတယ်လေ။ နေမင်းကြီးကလည်း တကယ်ကိုရပ်သွားတယ်။ မိုးကောင်းကင်အလယ်မှာမဝင်ဘဲ တစ်ရက်လုံးရပ်နေတယ်။ ဒီလိုဖြစ်အောင် ယေဟောဝါလုပ်ခဲ့တယ်။ ဒါပေမဲ့ ယောရှုဘာကြောင့် တစ်ချိန်လုံးနေထွန်းလင်းနေတာ လိုချင်ရတာလဲ၊ ကြည့်ရအောင်။

ဘုရင်ငါးပါး ဂိဗောင်လူတွေကိုလာတိုက်တဲ့အခါ ဂိဗောင်မြို့သားတွေက လူတစ်ယောက်ကိုလွှတ်ပြီး ယောရှုဆီ  အကူအညီလာတောင်းတယ်။ ‘ကျွန်တော်တို့ကိုအမြန်လာကူပါဦး၊ ကျွန်တော်တို့ကိုကယ်တော်မူပါ။ တောင်ပေါ်မှာနေတဲ့ဘုရင်တွေအားလုံး ကိုယ်တော်ရဲ့ကျွန်တွေကိုလာပြီးတိုက်နေပါပြီ’ ဆိုပြီးတော့ပေါ့။

ချက်ချင်းပဲယောရှုနဲ့ သူ့စစ်သည်တွေထသွားတယ်။ တစ်ညလုံးချီတက်ကြတယ်။ ဂိဗောင်မြို့ကိုရောက်တော့ ဘုရင်ငါးပါးရဲ့စစ်သားတွေ လန့်ပြီးထွက်ပြေးပါလေရော။ အဲဒီအခါ ယေဟောဝါကကောင်းကင်ကနေပြီး မိုးသီးတွေရွာချစေတယ်။ ဒါနဲ့ယောရှုရဲ့စစ်သားတွေသတ်လို့သေတာထက် မိုးသီးထိပြီးသေတာကများတယ်။

နေမကြာခင်ဝင်တော့မယ်ဆိုတာကို ယောရှုမြင်တယ်။ မကြာခင်မှောင်တော့မယ်ဆိုတော့ ဘုရင်ငါးပါးရဲ့စစ်သည်တွေအများကြီး လွတ်ကုန်တော့မယ်လေ။ အဲဒါကြောင့်ပေါ့ ယောရှုကယေဟောဝါကိုဆုတောင်းပြီး ‘နေမင်းကြီး၊ ရပ်ပါ’ ဆိုပြီးပြောခဲ့ရတယ်လေ။ ဒါနဲ့နေမင်းကြီးထွန်းလင်းနေတော့ ဣသရေလလူတွေ စစ်ပွဲကိုအနိုင်တိုက်ခဲ့ကြတယ်။

ဘုရားသခင်ရဲ့လူမျိုးတော်ကိုမုန်းတဲ့ မကောင်းတဲ့ဘုရင်တွေ ခါနာန်ပြည်မှာအများကြီးကျန်သေးတယ်။ ယောရှုနဲ့သူ့တပ်မဟာကြီးဟာ ဘုရင် ၃၁ ပါးကိုတိုက်ခိုက်နှိမ်နင်းဖို့ ၆ နှစ်တောင်ကြာသွားတယ်။ အဲဒါပြီးတော့ ယောရှုက နယ်မြေဒေသမရကြသေးတဲ့အနွယ်တွေကို နယ်မြေခွဲဝေတဲ့ကိစ္စ ကြီးကြပ်ဆောင်ရွက်ခဲ့တယ်။

နှစ်ပေါင်းများစွာလွန်လာပြီ။ ယောရှုလည်းအသက် ၁၁၀ မှာသေသွားတယ်။ သူနဲ့သူ့သူငယ်ချင်းတွေရှိတုန်းကဆိုရင် လူတွေယေဟောဝါကိုနာခံကြတယ်။ ဒါပေမဲ့ ဒီလူကောင်းတွေလည်းသေရော၊ လူတွေမကောင်းတာတွေလုပ်လာကြတယ်။ ဒုက္ခလည်းရောက်ကြတယ်။ ဒီအချိန်မျိုးမှာပေါ့၊ ဘုရားသခင်ရဲ့အကူအညီကိုလိုနေကြတာ။