မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၅၂

ဂိဒေါင်နဲ့ သူ့လူ ၃၀၀ အကြောင်း

ဂိဒေါင်နဲ့ သူ့လူ ၃၀၀ အကြောင်း

ဒီမှာဘာဖြစ်နေသလဲ သိလား။ ဒီလူတွေဟာ ဣသရေလစစ်သူရဲတွေချည်းပဲ။ ကုန်းနေတဲ့လူတွေက ရေသောက်နေကြတယ်လေ။ တရားသူကြီးဂိဒေါင်ကတော့ သူတို့အနားမှာရပ်နေတဲ့လူပဲ။ သူတို့ဘယ်လို ရေသောက်နေကြသလဲဆိုတာကို သူကကြည့်နေတာ။

လူတွေရေသောက်နေကြတဲ့ပုံစံကို သေချာကြည့်လိုက်စမ်း။ တချို့က ရေနဲ့ကပ်နေအောင် မျက်နှာကိုအပ်ပြီးသောက်နေကြတယ်။ ဒါပေမဲ့ တစ်ယောက်ကတော့ လက်နဲ့ရေကိုကော်ခပ်ပြီးသောက်နေတယ်။ ဒါမှလည်း သူ့ပတ်ဝန်းကျင်အဖြစ်အပျက်ကို သူမြင်နိုင်မယ်လေ။ ဒါဟာအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေသောက်တဲ့အခါ ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးသောက်တဲ့ လူတွေကိုမှရွေးပါလို့ ဂိဒေါင်ကိုယေဟောဝါမှာထားတယ်။ ကျန်တဲ့လူတွေကိုကျတော့ အိမ်ပြန်ပို့ရမယ်တဲ့။ ဘာဖြစ်လို့လဲ၊ တို့ကြည့်ရအောင်။

ဣသရေလလူတွေ ဒုက္ခအမျိုးစုံတွေ့ပြန်ပြီ။ အကြောင်းကတော့ ယေဟောဝါကိုနာမခံလို့ပဲပေါ့။ မိဒျန်လူမျိုးတွေသူတို့ကိုနိုင်ပြီး သူတို့ကိုနှိပ်စက်နေကြတယ်။ ဒါနဲ့ဣသရေလလူတွေက ယေဟောဝါကိုအော်ဟစ်ပြီး အကူအညီတောင်းကြတယ်။ သူတို့အော်ဟစ်တာကို ယေဟောဝါနားထောင်တယ်။

ယေဟောဝါက စစ်သားတွေစုပါဆိုတာနဲ့ ဂိဒေါင်ကစစ်သည် ၃၂,၀၀၀ ကိုစုရုံးလိုက်တယ်။ ဒါပေမဲ့ ဣသရေလလူတွေကို လာတိုက်မယ့်ရန်သူအရေအတွက် ၁၃၅,၀၀၀ ရှိတယ်။ ဒါတောင်မှယေဟောဝါက ‘မင်းမှာလူသိပ်များတယ်’ လို့ ဂိဒေါင်ကိုပြောသေးတယ်။ ယေဟောဝါခုလို ဘာကြောင့်ပြောရတာတုန်း။

ဣသရေလလူတွေစစ်နိုင်ရင် ငါတို့တိုက်လို့နိုင်တာဟေ့ ဆိုပြီးပြောမှာစိုးလို့လေ။ စစ်အောင်ဖို့ယေဟောဝါရဲ့ အကူအညီမလိုဘူးဆိုပြီး ထင်ကြမှာ။ ဒါကြောင့် ဂိဒေါင်ကိုယေဟောဝါက ‘ကြောက်တဲ့လူတွေကို အိမ်ပြန်ခိုင်း’ ဆိုပြီးပြောတယ်။ ဂိဒေါင်က အိမ်ပြန်ခိုင်းတော့ စစ်သည်ပေါင်း ၂၂,၀၀၀ အိမ်ပြန်သွားကြတယ်။ ဒါနဲ့သူ့မှာ လူ ၁၀,၀၀၀ ပဲကျန်တော့တယ်။ တိုက်ရမယ့်ရန်သူစစ်သားက ၁၃၅,၀၀၀။

ဒါပေမဲ့၊ နားထောင်၊ ယေဟောဝါဘယ်လိုပြောလဲဆိုတာ။ ‘မင်းမှာလူများတုန်းပဲ’ တဲ့။ ဒါကြောင့် သူ့လူတွေကိုချောင်းထဲခေါ်သွား၊ ရေသောက်ခိုင်း၊ ရေနဲ့ကပ်နေအောင် မျက်နှာကိုအပ်ပြီးသောက်တဲ့လူတွေကို အိမ်ပြန်ပို့ဆိုပြီးဂိဒေါင်ကိုပြောတယ်။ ‘မျက်စိရှင်ရှင်ထားပြီး ရေသောက်တဲ့လူ ၃၀၀ ထဲနဲ့စစ်နိုင်အောင် ငါဖန်တီးပေးမယ်’ ဆိုပြီး ယေဟောဝါကတိပြုလိုက်တယ်။

စစ်တိုက်ရမယ့်အချိန်ရောက်လာပြီ။ ဂိဒေါင်က လူ ၃၀၀ ကိုသုံးစွဲလိုက်တယ်။ တစ်ယောက်စီကိုတံပိုးတစ်လက်၊ မီးခွက်ပါတဲ့အိုးတစ်လုံးစီပေးထားတယ်။ သန်းခေါင်ရောက်ခါနီးမှာ ရန်သူစခန်းကိုဝိုင်းလိုက်ကြတယ်။ ပြီးတော့ တစ်ချိန်ထဲတံပိုးကိုမှုတ်၊ အိုးကိုရိုက်ခွဲပြီး ‘ယေဟောဝါနဲ့ဂိဒေါင်ရဲ့ဓား’ ဆိုပြီးအော်ကြတယ်။ ရန်သူတွေနိုးလာတဲ့အခါ ရှုပ်ထွေးပြီးအရမ်းကြောက်ကြတာပေါ့။ ပြီးတော့ထွက်ပြေးကုန်ရော။ ဒါနဲ့ ဣသရေလလူတွေ စစ်နိုင်သွားတယ်။