မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၅၅

ကလေးလေးတစ်ယောက် ဘုရားသခင်ကိုဝတ်ပြုတဲ့ အကြောင်း

ကလေးလေးတစ်ယောက် ဘုရားသခင်ကိုဝတ်ပြုတဲ့ အကြောင်း

ဒီကလေး,လေး ချစ်စရာမကောင်းဘူးလား။ သူ့နာမည်က ရှမွေလတဲ့။ ရှမွေလရဲ့ခေါင်းကို ကိုင်နေတဲ့လူကြီးကတော့ ဣသရေလနိုင်ငံရဲ့ ယဇ်ပုရောဟိတ်မင်းကြီး ဧလိဖြစ်တယ်။ ရှမွေလကို ဧလိဆီခေါ်လာတဲ့သူကတော့ ရှမွေလရဲ့ဖေဖေဧလကာနနဲ့ မေမေဟန္နဖြစ်ကြတယ်။

ရှမွေလအသက်ဟာ လေးနှစ်၊ ငါးနှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ သူဟာယေဟောဝါရဲ့ တဲတော်ရှိတဲ့ အဲဒီနေရာမှာ ဧလိနဲ့တခြားယဇ်ပုရောဟိတ်တွေနဲ့ အတူနေသွားမယ်လေ။ ဧလကာနနဲ့ဟန္နတို့က ဒီလောက်ငယ်တဲ့ရှမွေလလေးကို တဲတော်မှာယေဟောဝါကိုဝတ်ပြုဖို့ ဘာကြောင့်လာဆက်သလဲ။ တို့ကြည့်ရအောင်။

ဒီအဖြစ်အပျက်လေးမတိုင်ခင် နှစ်အနည်းငယ်မှာပေါ့။ ဟန္နဟာသိပ်ပြီး ဝမ်းနည်းခဲ့ရတယ်။ အကြောင်းကတော့ သူ့မှာကလေးမရလို့လေ။ သူ့ခမျာကလေးလေးတစ်ယောက် လိုချင်လိုက်တာသိပ်ကိုပဲ။ ဒါနဲ့တစ်ရက်မှာ ဟန္နက ယေဟောဝါတဲတော်ကိုသွားပြီး ‘အိုယေဟောဝါ၊ ကျွန်မကိုမမေ့ပါနဲ့။ ကျွန်မကိုသားတစ်ယောက်ပေးရင် အဲဒီသားကိုကိုယ်တော်ကို တစ်သက်လုံးဝတ်ပြုနိုင်ဖို့ ပေးဆက်ပါ့မယ်’ ဆိုပြီးဆုတောင်းတယ်လေ။

ယေဟောဝါလည်း ဟန္နရဲ့ဆုတောင်းချက်ကို လက်ခံလိုက်တယ်။ လပိုင်းလောက်ကြာတော့၊ ရှမွေလလေးကိုမွေးလာတယ်။ ဟန္နက သူ့သားလေးကိုသိပ်ချစ်။ ဒါနဲ့ ငယ်ငယ်လေးကတည်းက သူ့သားကိုယေဟောဝါအကြောင်းသင်ပေးတယ်။ သူ့ယောက်ျားကိုလည်း ပြောပြတယ်။ ‘ရှမွေလလေးလက်လွှတ်ရတဲ့ အရွယ်ရောက်တာနဲ့တစ်ပြိုင်နက် ကျွန်မသူ့ကိုတဲတော်ကိုခေါ်သွားပြီး ယေဟောဝါကိုဝတ်ပြုခိုင်းမယ်’ ဆိုပြီးတော့ပေါ့။

ပြောတဲ့အတိုင်း ဟန္နနဲ့ဧလကာနတို့က ရှမွေလကိုခေါ်သွားတာကို တို့ဒီပုံမှာတွေ့ရတယ်။ ရှမွေလကလည်း မိဘတွေကောင်းကောင်းသင်ပေးထားတဲ့အတွက် ယေဟောဝါရဲ့တဲတော်မှာ ယေဟောဝါကိုဝတ်ပြုရတဲ့အတွက် သိပ်ဝမ်းသာသွားတယ်။ နှစ်စဉ်နှစ်တိုင်း ဟန္နနဲ့ဧလကာနတို့က ကိုးကွယ်ဖို့ဒီအထူးတဲတော်ကိုလာကြတယ်။ သူတို့သားလေးကိုလည်း လာတွေ့တယ်။ ဟန္နဆိုလို့ရှိရင် ရှမွေလအတွက် ချုပ်ထားတဲ့အင်္ကျီငယ်တစ်ထည်ကို နှစ်တိုင်းယူလာတယ်။

နှစ်တွေလတွေကုန်လွန်ခဲ့တာနဲ့အမျှ ရှမွေလဟာ ယေဟောဝါတဲတော်မှာပဲဆက်ပြီး ဝတ်ပြုတယ်။ သူ့ကိုယေဟောဝါလည်းချစ်၊ လူတွေကလည်းချစ်ကြတယ်။ ဒါပေမဲ့ ယဇ်ပုရောဟိတ်မင်းကြီးဧလိရဲ့သားတွေကတော့ မကောင်းဘူး။ မကောင်းတာတွေ အများကြီးလုပ်ကြတယ်။ သူများကိုလည်း ယေဟောဝါစကားနားမထောင်အောင်လုပ်ကြတယ်။ ဧလိအနေနဲ့ သူတို့ကို ယဇ်ပုရောဟိတ်အရာကနေ ဖြုတ်ပစ်ဖို့ကောင်းပေမဲ့ မဖြုတ်ဘဲထားတယ်။

ရှမွေလလေးဟာ တဲတော်မှာဖြစ်နေတဲ့မကောင်းမှုတွေကြောင့် ယေဟောဝါကိုဝတ်မပြုတော့ပဲမနေခဲ့ဘူး။ ဒါပေမဲ့ ယေဟောဝါကိုချစ်တဲ့လူတွေသိပ်နည်းတော့ ယေဟောဝါလည်းလူတစ်ယောက်ယောက်ကို ဗျာဒိတ်မပေးတာတော်တော့်ကိုကြာသွားပြီ။ ရှမွေလအသက် နည်းနည်းကြီးလာတဲ့အခါ ရှေ့ဆက်ဒီလိုဖြစ်လာတယ်။

တဲတော်ထဲမှာ ရှမွေလအိပ်နေတဲ့အချိန်မှာ အသံတစ်ခုက သူ့ကိုနှိုးလိုက်တယ်။ ‘ကျွန်တော်ရှိပါတယ်’ ဆိုပြီးထူးလိုက်တယ်။ ပြီးတော့ အိပ်ရာကထပြီး ဧလိဆီကိုပြေးသွားပြီး ‘ကိုယ်တော်ခေါ်လို့ ကျွန်တော်လာတယ်’ ဆိုပြီးပြောတယ်။

ဒါပေမဲ့ ဧလိက ‘ငါမခေါ်ပါဘူး။ ပြန်သွားအိပ်ချေ’ ဆိုပြီးပြောလိုက်တယ်။ ဒါနဲ့ရှမွေလ အိပ်ရာပြန်ဝင်တယ်။

အဲဒီအခါ ဒုတိယအကြိမ်ခေါ်သံပြန်ကြားရတယ်။ ‘ရှမွေလ’ တဲ့။ ဒါနဲ့ရှမွေလက အိပ်ရာကထပြီး ဧလိဆီပြေးပြန်တယ်။ ‘ကိုယ်တော်ခေါ်လို့ ကျွန်တော်လာတယ်’ ဆိုပြီးပြောတယ်။ ဒါပေမဲ့ဧလိက ‘ငါ့သား၊ ငါမခေါ်ပါဘူး။ သွားအိပ်ချေဦး’ ဆိုပြီးလွှတ်လိုက်ပြန်တယ်။ ဒါနဲ့ရှမွေလ ပြန်အိပ်တယ်။

‘ရှမွေလ’ တဲ့။ တတိယအကြိမ် ပြန်ခေါ်ပြန်ပြီ။ ဒါနဲ့ရှမွေလက ဧလိဆီပြေးသွားပြန်တယ်။ ‘ကျွန်တော်လာပြီ။ ဒီတစ်ကြိမ်ကိုယ်တော် ကျွန်တော်ကိုတကယ်ခေါ်လိုက်တာဖြစ်ရမယ်’ ဆိုပြီးပြောတယ်။ ခု ဧလိသိပြီလေ။ ခေါ်တဲ့ပုဂ္ဂိုလ်ဟာ ယေဟောဝါဖြစ်ရမယ်ဆိုတာ။ ဒါနဲ့ရှမွေလကို သွားအိပ်ချေဦး။ နောက်တစ်ခါခေါ်ရင် ‘မိန့်တော်မူပါယေဟောဝါ။ ကိုယ်တော်ကျွန်နားထောင်နေပါတယ်လို့ ပြန်ဖြေပါ’ ဆိုပြီးပြောလိုက်တယ်။

ရှမွေလလည်း ယေဟောဝါနောက်တစ်ခေါက်ခေါ်တဲ့အခါ အဲဒီလိုပဲပြန်ဖြေလိုက်တယ်။ အဲဒီအခါ ယေဟောဝါက ဧလိနဲ့သူ့သားတွေကိုဒဏ်ပေးမယ့်အကြောင်း ရှမွေလကိုပြောပြတယ်။ နောက်ပိုင်းမှာ ဟောဖနိနဲ့ဖိနဟတ်တို့ဟာ ဖိလိတ္တိလူတွေနဲ့စစ်တိုက်ရင်းကျဆုံးသွားတယ်။ ဒါကိုဧလိကြားတဲ့အခါ နောက်ကိုလှန်ကျလို့ လည်ပင်းကျိုးပြီးသေသွားတယ်။ ဒါယေဟောဝါပြောတဲ့အတိုင်းဖြစ်ခဲ့တယ်။

ရှမွေလလည်းကြီးပြင်းလာပြီး ဣသရေလလူတွေရဲ့ နောက်ဆုံးတရားသူကြီးဖြစ်လာတယ်။ သူအသက်ကြီးလာတဲ့အခါ လူတွေက ‘ကျွန်တော်တို့ကိုအုပ်စိုးဖို့ ဘုရင်တစ်ပါးတင်မြှောက်ပေးပါ’ ဆိုပြီးတောင်းဆိုကြတယ်။ ရှမွေလက မလုပ်ပေးချင်ဘူး။ ဘာကြောင့်လဲဆိုရင် ယေဟောဝါကသာသူတို့ရဲ့ တကယ့်ဘုရင်ဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါကလူတွေပြောတဲ့အတိုင်း လုပ်ပေးပါဆိုပြီး သူ့ကိုမှာလိုက်တယ်။