မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၅၆

ဣသရေလနိုင်ငံရဲ့ ပထမဘုရင်ရှောလုအကြောင်း

ဣသရေလနိုင်ငံရဲ့ ပထမဘုရင်ရှောလုအကြောင်း

ရှမွေလ လူတစ်ယောက်ခေါင်းပေါ်မှာ ဆီလောင်းနေတာကြည့်လိုက်စမ်း။ လူတစ်ယောက်ကိုဘုရင်မြှောက်ပြီဆိုရင် ဒီလိုပဲလုပ်လေ့လုပ်ထရှိတယ်။ ယေဟောဝါက ရှောလုခေါင်းပေါ်မှာဆီလောင်းဖို့ ရှမွေလကိုပြောတယ်။ အဲဒီဆီက မွှေးကြိုင်ပြီးထူးခြားတဲ့ဆီဖြစ်တယ်။

ရှောလုက သူ့ကိုယ်သူ ဘုရင်မဖြစ်ထိုက်ဘူးလို့ထင်တယ်။ ‘ကျွန်တော်ဟာ ဗင်ယာမိန်အမျိုး၊ ဣသရေလအမျိုးထဲမှာ အငယ်ဆုံးအမျိုးဖြစ်တယ်။ ကျွန်တော်ဘုရင်ဖြစ်လာမယ်လို့ ကိုယ်တော်ဘာကြောင့်ပြောရတာလဲ’ ဆိုပြီးရှမွေလကိုသူပြောတယ်။ ရှောလုဟာ ဘဝင်မမြင့်၊ မာနမကြီးတဲ့အတွက် ယေဟောဝါသူ့ကိုကြိုက်တယ်။ ဒါကြောင့် သူ့ကိုမင်းမြှောက်လိုက်တာပေါ့။

တကယ်မှာတော့ ရှောလုဟာဆင်းရဲသားမဟုတ်ဘူး။ ချမ်းသာတဲ့ အိမ်ထောင်ကဖြစ်တယ်။ ပြီးတော့အရပ်အမောင်းကောင်းပြီး ရုပ်ရည်လည်းဖြောင့်တယ်။ ဣသရေလနိုင်ငံမှာ လူတိုင်းထက်တစ်ပေပိုပြီးမြင့်တယ်။ အပြေးလည်းသန်တယ်။ ဗလလည်းကောင်းတယ်။ ရှောလုကို ယေဟောဝါမင်းမြှောက်လိုက်တာကို လူတွေသိပ်သဘောကျကြတယ်။ ‘ရှင်ဘုရင်အသက်ရှည်ပါစေ’ ဆိုပြီးကြွေးကြော်ကြတယ်။

ဣသရေလလူတွေရဲ့ ရန်သူတွေလည်းအရင်လိုပဲ အင်အားကောင်းတယ်။ ဣသရေလလူတွေကို ဒုက္ခပေးတုန်းပဲ။ ရှောလုဘုရင်ဖြစ်လို့မကြာခင်မှာပဲ အမ္မုန်လူမျိုးတွေက ဣသရေလလူတွေကိုလာတိုက်ကြတယ်။ ဒါပေမဲ့ ရှောလုဟာတပ်မဟာကြီးစုစည်းပြီး တိုက်ခိုက်တော့ အမ္မုန်လူတွေအပေါ်မှာ စစ်အောင်လိုက်တယ်။ ဒါကြောင့် ရှောလုဘုရင်ဖြစ်လာတာကို လူတွေသိပ်ဝမ်းသာကြတယ်။

နှစ်တွေလတွေ ကြာညောင်းလာတာနဲ့အမျှ၊ ရှောလုလည်း ဣသရေလလူတွေကိုဦးဆောင်ပြီး ရန်သူတွေအပေါ်မှာ အောင်ပွဲအလီလီဆင်နွှဲလာတယ်။ ရှောလုမှာ ယောနသန်လို့ခေါ်တဲ့သတ္တိခဲ သားတစ်ယောက်လည်းရှိတယ်။ ယောနသန်လည်း ဣသရေလလူတွေစစ်ပွဲအောင်ဖို့ အများကြီးထောက်ကူခဲ့တယ်။ ဖိလိတ္တိလူမျိုးတွေဟာ ဣသရေလလူတွေရဲ့ အဆိုးဆုံးရန်သူဖြစ်နေတုန်းပဲ။ တစ်ရက်ကျတော့ ဣသရေလလူတွေကိုတိုက်ဖို့ ဖိလိတ္တိလူအထောင်အသောင်း ချီတက်လာကြတယ်။

ငါလာပြီးယေဟောဝါကိုယဇ်ပူဇော်တဲ့အထိ ငါ့ကိုစောင့်ပါဆိုပြီး ရှမွေလကရှောလုကိုမှာထားတယ်။ ဒါပေမဲ့ ရှမွေလအလာနောက်ကျသွားတယ်။ ရှောလုကဖိလိတ္တိလူတွေ စစ်ပွဲစတော့မှာကိုကြောက်တာနဲ့ သူကိုယ်တိုင်သွားပြီး ယဇ်ပူဇော်လိုက်တယ်။ ရှမွေလရောက်လာတဲ့အခါ မင်းစကားနားမထောင်ဘူးဆိုပြီး ရှောလုကိုပြောတယ်။ ‘ဣသရေလလူတွေကိုအုပ်ချုပ်ဖို့ တခြားလူကိုယေဟောဝါဘုရင်မြှောက်မယ်’ ဆိုပြီးပြောတယ်။

နောက်တစ်ကြိမ် ရှောလုစကားနားမထောင်ပြန်ဘူး။ ဒါနဲ့ရှမွေလက ‘ယေဟောဝါကိုအကောင်းဆုံးသိုးပူဇော်တာထက် စကားတော်ကိုနားထောင်တာက ပိုကောင်းတယ်။ ယေဟောဝါကို မင်းနားမထောင်တဲ့အတွက် ယေဟောဝါလည်းမင်းကို ဣသရေလဘုရင်အဖြစ်နဲ့ ထားတော့မှာမဟုတ်ဘူး’ ဆိုပြီးပြောတယ်။

ဒီအဖြစ်ကနေ တို့သင်ခန်းစာကောင်းကောင်းရနိုင်တယ်။ ယေဟောဝါကို အမြဲနာခံဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကိုပြတယ်။ ပြီးတော့ ရှောလုလိုလူကောင်းတစ်ယောက်တောင် လူဆိုးဖြစ်လာနိုင်တယ် ဆိုတာကိုလည်းပြတယ်။ တို့ဘယ်တော့မှ မဆိုးချင်ဘူး။ ဟုတ်တယ်မဟုတ်လား။