မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၆၀

အဘိဂဲလနဲ့ ဒါဝိဒ်တို့အကြောင်း

အဘိဂဲလနဲ့ ဒါဝိဒ်တို့အကြောင်း

ဒါဝိဒ်ကိုတွေ့ဖို့လာနေတဲ့ မိန်းမလှလေးကိုသိလား။ သူ့နာမည်က အဘိဂဲလတဲ့။ သူဟာဉာဏ်ကောင်းပြီး ဆိုးတဲ့အလုပ်မလုပ်မိဖို့ ဒါဝိဒ်ကိုတားခဲ့တယ်။ ဒါပေမဲ့ ဒီအကြောင်းမပြောခင် ဒါဝိဒ်ဘာတွေဖြစ်ခဲ့သလဲဆိုတာ အရင်ကြည့်ရအောင်။

ဒါဝိဒ်ဟာ ရှောလုဆီကထွက်ပြေးပြီးနောက် ကျောက်ဂူတစ်ခုထဲမှာ ခိုအောင်းနေခဲ့တယ်။ သူ့အစ်ကိုတွေနဲ့ကျန်တဲ့သူ့မိသားစု သူ့နဲ့လာပူးပေါင်းတယ်။ သူ့ဆီလာတာ လူပေါင်း ၄၀၀ လောက်ရှိတယ်။ ‘ဒါဝိဒ်ကသူတို့ရဲ့ ခေါင်းဆောင်ဖြစ်လာတာပေါ့။ ဒါနဲ့ ဒါဝိဒ်က မောဘဘုရင်ဆီသွားပြီး ကျွန်တော်ဘာဖြစ်မလဲဆိုတာသိရတဲ့အချိန်အထိ ကျွန်တော်ရဲ့မိခင်နဲ့ဖခင်တို့ကို ကိုယ်တော်ထံမှာ ခိုနားပါရစေ’ ဆိုပြီးခွင့်ပန်တယ်။ အဲဒီနောက် ဒါဝိဒ်နဲ့သူ့လူတွေ တောင်တန်းဒေသတွေမှာပုန်းပြီးနေကြတယ်။

အဲဒီအဖြစ်အပျက်တွေ ပြီးတဲ့နောက်ပိုင်းကျမှ ဒါဝိဒ်နဲ့အဘိဂဲလ တွေ့ဆုံခဲ့ကြတယ်။ အဘိဂဲလရဲ့ယောက်ျား နာဗလဟာ လယ်ရှင်သူဌေးကြီးပေါ့။ သူ့မှာ သိုး ၃,၀၀၀ နဲ့ဆိတ် ၁,၀၀၀ ရှိတယ်။ နာဗလဟာ စိတ်ထားယုတ်တယ်။ ဒါပေမဲ့ သူ့မိန်းမကျတော့သိပ်လှတယ်၊ မှန်တာကိုလည်းလုပ်တတ်တယ်။ တစ်ခါကဆိုလို့ရှိရင် သူ့မိသားစုအသက်ကိုတောင်ကယ်ခဲ့တယ်။ ဘယ်လိုကယ်လိုက်သလဲ ကြည့်ရအောင်။

ဒါဝိဒ်နဲ့သူ့လူတွေဟာ နာဗလအပေါ်မှာစိတ်ထားကောင်းထားခဲ့တယ်။ သူ့သိုးတွေကို အကာအကွယ်ပေးခဲ့တယ်။ ဒါနဲ့တစ်ရက်မှာ ဒါဝိဒ်ကသူ့လူတွေကိုလွှတ်ပြီး နာဗလဆီမှာအကူအညီတစ်ခုတောင်းတယ်။ နာဗလနဲ့သူ့လူတွေ သိုးမွှေးညှပ်နေတဲ့အချိန်မှာ ဒါဝိဒ်ရဲ့လူတွေရောက်လာကြတယ်။ ပွဲနေ့တစ်နေ့ ဖြစ်နေတော့ နာဗလမှာ စားစရာအမျိုးမျိုးရှိတယ်။ ဒါနဲ့ ဒါဝိဒ်လူတွေက ‘ကိုယ်တော်ကို ကျွန်တော်တို့ကျေးဇူးပြုခဲ့ကြပါပြီ။ ကိုယ်တော်ရဲ့သိုးတစ်ကောင်ကိုမှလည်း မခိုးခဲ့ဖူးပါဘူး။ သိုးတွေစောင့်ပေးခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်တို့ကို စားစရာအချို့ပေးပါ’ ဆိုပြီးပြောတယ်။

နာဗလက ‘မင်းတို့လိုကောင်တွေကို ငါဘာမှမပေးနိုင်ဘူးကွ’ ဆိုပြီး ပက်ပက်စက်စက်ကိုပြောပစ်တယ်။ ဒါဝိဒ်မကောင်းတဲ့ အကြောင်းလည်းပြောတယ်။ ဒါဝိဒ်လူတွေကပြန်ပြောတဲ့အခါ ဒါဝိဒ်အကြီးအကျယ်ဒေါသထွက်တယ်။ ‘ဓားကိုဆွဲခဲ့ကြ’ ဆိုပြီး သူ့လူတွေကိုပြောတယ်။ ဒါနဲ့ နာဗလနဲ့သူ့လူတွေကို သတ်ပစ်ဖို့ချီတက်လာကြတယ်။

နာဗလရဲ့ယုတ်မာတဲ့ စကားကိုကြားလိုက်ရတဲ့ နာဗလရဲ့လူတစ်ယောက်က ဖြစ်ခဲ့တာတွေကို အဘိဂဲလကိုသွားပြီးပြောပြတာနဲ့ အဘိဂဲလက ချက်ချင်းအစားအသောက်တွေပြင်ဆင်ပြီး မြည်းပေါ်တင်လာတယ်။ ဒါဝိဒ်ကိုတွေ့တော့ မြည်းပေါ်ကဆင်းပြီး ဦးညွှတ်ပြီး ဒါဝိဒ်ကိုပြောတယ်။ ‘သခင်၊ ကျွန်မယောက်ျားနာဗလကို ကျေးဇူးပြုပြီးဂရုမစိုက်ပါနဲ့၊ သူဟာလူမိုက်ပါ။ မိုက်တဲ့အလုပ်တွေကိုလည်း လုပ်တတ်တယ်။ ဒီမှာ ကျွန်မမှာလက်ဆောင်တွေပါလာတယ်။ ကျေးဇူးပြုပြီး လက်ခံတော်မူပါ။ ဖြစ်ခဲ့တာတွေအတွက် ကျွန်မတို့ကိုခွင့်လွှတ်ပါ’ ဆိုပြီးတော့ပေါ့။

ဒါဝိဒ်က ‘ခင်ဗျားဟာပညာရှိတဲ့မိန်းမပဲ၊ နာဗလရဲ့ယုတ်မာမှုကို တုံ့ပြန်တဲ့အနေနဲ့ သူ့ကိုငါသတ်မယ့်ဟာကို မသတ်ရအောင်ငါ့ကို တားဆီးလိုက်ပြီ။ အိမ်ကိုအေးအေးချမ်းချမ်းပြန်ပေတော့’ ဆိုပြီးပြောတယ်။ နောက်ပိုင်း နာဗလသေတော့ အဘိဂဲလဟာ ဒါဝိဒ်ရဲ့ မိန်းမတစ်ယောက်ဖြစ်လာတယ်။